ကိုခန့်
၁၈နှစ်အရွယ်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ယျေဘုယအားဖြင့် ၁၀တန်းအောင်ပြီး တက္ကသိုလ်တက်နေဆဲအရွယ်ပါ။တစ်နည်းအားဖြင့် ပညာရှာပြီး ဘဝတက်လမ်းကို ပုံဖော်တည်ဆောက်နေဆဲအရွယ်။အဲဒီအရွယ်မှာ အတွေးအခေါ်နုနယ်သေးတဲ့ လူငယ်ပီပီ ဆုံးဖြတ်ချက်အမှားတွေ၊ လုပ်ရပ်အမှားတွေကို ပြုလုပ်တတ်ကြပါတယ်။အကယ်၍ မိဘ၊ဆရာသမားတွေရဲ့ ဆုံးမမှု အားနည်းခဲ့ရင်ဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်က ပေါ့ဆခဲ့ရင်ဖြစ်ဖြစ် အဲဒီလူငယ်လေးရဲ့အနာဂတ်တွေ ဝေးဝါးပျောက်ကွယ်သွားနိုင်ပါတယ်။
ဒါတွေကို ကျွန်တော့်ရဲ့ အတွေအကြုံတွေကို အခြေခံပြီး ပြောပြနေခြင်းဖြစ်ပါတယ်။ကျွန်တော်လည်း ကျွန်တော့်အသက် ၁၈ နှစ်အရွယ်မှာ လူငယ်ပီပီအမှားတွေ အများကြီးပြုလုပ်ခဲ့မိတယ်။တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝခံစားမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းတွေဆော့လိုက်၊ခရီးတွေထွက်လိုက်နဲ့ အပျော်အပါးတွေလိုက်စားရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့ပါတယ်။ကျောင်းစာကိုလည်း အောင်မှတ်ရရင်ပြီးရောဆိုတဲ့အတွေးနဲ့ သေချာမကြိုးစားခဲ့ပါဘူး။အဲဒီတုန်းက အခြားသူငယ်ချင်းတွေက သူတို့လို သင်တန်းတွေတက်ဖို့၊စာဖတ်ဖို့ ပြောခဲ့တာလည်း နားမဝင်ခဲ့ပါဘူး။ကျွန်တော်တို့တွေကတောင် လူငယ်အရွယ်မှာ လူငယ်ဆန်စမ်းပါဆိုတဲ့ စကားတွေနဲ့ သူတို့ကို အနိုင်ခဲ့ကြပါသေးတယ်။
ဒါပေမယ့် အဲဒီ ၁၈ နှစ်အရွယ်လူငယ်ဘဝရဲ့တန်ဖိုးကို အခု ကျွန်တော့်အသက် ၂၂မှ သိခဲ့ပါတယ်။နှမြောရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။အလုပ်တွေလျှောက်ကြတော့လည်း ဘွဲ့ချင်းတူပေမယ့် အဲဒီတုန်းက သင်တန်းတက်ထားသူတွေ(တစ်နည်းအားဖြင့် အချိန်ကာလ အကျိုးရှိရှိ အသုံးချခဲ့သူတွေ)ကိုတော့ မယှဥ်နိုင်ပါဘူး။အခုအချိန်မှာသူတို့တွေက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊Influencersတွေ ဖြစ်နေချိန် ကျွန်တော်ကတော့ အလုပ်ရှာဖွေနေဆဲဘွဲ့ရတစ်ဦးသာသာပဲ ဖြစ်ပါတယ်။အခု အဲဒီ Skills တွေကို သင်ယူဖြည့်ဆည်းနေပေမယ့် နှောင့်နှေးနေတာတော့အမှန်ပါ။
ဒါကြောင့် ကျွန်တော့် အနေနဲ့ အဲဒီ ၁၈နှစ်အရွယ်ကာလတွေကို မကြာခဏတွေးနေမိတယ်။ငါသာ အဲဒီတုန်းက ကိုယ်ရရှိနေတဲ့ အသက်အရွယ်၊ငယ်ရွယ်မှုတွေကို တန်ဖိုးထားပြီး ကြိုးစားခဲ့ရင် အခုအချိန်မှာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နေမှာဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရတွေ ဖြစ်နေမိတယ်။နောင်တရမိတာလည်း အမှန်ပါ။
တစ်ကယ်တော့ ကျွန်တော့်အမှားတွေ ပြုလုပ်ခဲ့တယ်ဆိုတာက အဲဒီအသက်အရွယ်မှာရရှိခဲ့တဲ့ ကိုယ့်ဘဝ၊ ကိုယ့်ငယ်ရွယ်မှု၊ကိုယ့်အချိန်တွေကို တန်ဖိုးမထားခဲ့လို့ပါ။အကယ်၍ အဲဒီတန်ဖိုးတွေကိုသာသိပြီး အကောင်းဆုံးကြိုးစားခဲ့မယ်ဆိုရင် အခုအချိန်မှာ ကျွန်တော်လိုချင်တဲ့ဘဝကို ဖန်တီးနိုင်မှာ အမှန်ပါဘဲ။ဒါကြောင့်ကျွန်တော်သာ ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ပြန်လည်ဖြစ်ခွင့်ရမယ်ဆိုရင် ကိုယ့်တန်ဖိုးကို ကိုယ်သိတဲ့သူ၊အဲဒီတန်ဖိုးကို ထိန်းသိမ်းနိုင်တဲ့သူ၊ အဲဒီတန်ဖိုးကို မြှင့်တင်နိုင်တဲ့သူ တစ်ယောက်ဖြစ်အောင်ကြိုးစားမှာပါ။ကျွန်တော့်ညီတွေ၊ညီမတွေကိုလည်း ကျွန်တော့်လို ခါးသီးတဲ့နောင်တတွေက ဝေးကွာဖို့၊ ချိုမြိန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်နိုင်ဖို့ ၁၈နှစ်အရွယ်သာ ပြန်ရရင်ကျွန်တော်လုပ်ဖြစ်မယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။
၁။ ကိုယ့်ရဲ့၁၈နှစ်အရွယ်ကို တန်ဖိုးထားမယ်။
တန်ဖိုးဆိုတာ အရာရာတိုင်းမှာရှိပါတယ်။အခုကျွန်တော်တို့ရရှိနေတဲ့ ၁၈နှစ်အရွယ်မှာလည်း သူရဲ့ နုပျိုမှုတန်ဖိုးတွေ၊ဘဝတန်ဖိုးတွေရှိပါတယ်။နောက်ပြီး ဒီ ၁၈နှစ်အရွယ်လူငယ်ဘဝက နုပျိုလန်းဆန်းစ အညွန့်တလူလူတက်နေတဲ့ ပန်းပင်လေးတွေနဲ့တူပါတယ်။သေချာသာ ရေလောင်း၊ပေါင်းသင်မယ်ဆိုရင် အရောင်အသွေးစုံပြီး မွှေးပျံ့တဲ့ အပွင့်အဖူးလေးတွေ ပွင့်ဖူးနိုင်မယ်ဆိုတာ အသေအချာပါပဲ။အဲဒီလိုပဲ ကျွန်တော်တို့အနေနဲ့ ကိုယ်ရရှိနေတဲ့ လူငယ်ဘဝတန်ဖိုး၊ အချိန်ရဲ့တန်ဖိုး ၊အခြားကိုယ့်ကို တိုးတက်စေမယ့် အရာရာတိုင်းရဲ့တန်ဖိုးကို သိပြီး အကျိုးရှိရှိအသုံးချခြင်းအားဖြင့်လှပတဲ့ အနာဂတ်ကိုဖန်တီးသွားမှာပါ။
၂။ ကိုယ့်ဘဝတန်ဖိုးကို ကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် ကြိုးစားမယ်။
ကျွန်တော်တို့ ၁၈နှစ်အရွယ်လူငယ်တွေအနေနဲ့ အဲဒီအရွယ်မှာ အခြားသူတွေနဲ့ နှိုင်းယှဥ်တတ်ကြပါတယ်။ကိုယ့်မှာမရှိတဲ့အရာတွေကိုတွေးပြီး အားငယ်စိတ်၊သိမ်ငယ်စိတ်တွေ ဝင်လာတတ်စမြဲပါ။ဒါကြောင့် ကျွန်တော်ကတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မနေဘဲ ကိုယ့်ရဲ့ဘဝကို တန်ဖိုးထားမယ်။သူမှာလည်း သူ့ဘဝနဲ့သူ၊ ကိုယ်မှာလည်း ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ။ကိုယ့်မှာလည်း အားသာချက်တွေရှိနေတာပဲ။ကိုယ့်မှာလည်း အချိန်တွေ၊ ချစ်ရတဲ့ မိသားစုဝင်တွေ၊သူတို့နဲ့မတူတဲ့ အခြားအားသာချက်တွေရှိတာပဲ။အဲဒီအရာတွေရဲ့တန်ဖိုးကိုသိပြီး အဲဒီတန်ဖိုးကို တိုးတက်အောင် ကြိုးစားမှာပါ။
၃။ကျန်းမာတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ထားတာကို တန်ဖိုးထားမယ်။
၁၈နှစ်ဆိုတဲ့ အသက်အရွယ်မှာ ပညာသင်တာတွေ ၊ အပေါင်းအသင်းတွေ၊ အခြားပျော်ပွဲရွှင်ပွဲ ကိစ္စတွေကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့မေ့လျော့တတ်ကြပါတယ်။ကျွန်တော်ကတော့ ကျွန်တော်ရဲ့ကျန်းမာရေးကို တန်ဖိုးထားပြီးဂရုစိုက်မယ်။ကျန်းမာရေးကိုထိခိုက်စေမယ့် ကွမ်းယာ၊ဆေးလိပ်၊အရက် စတာတွေကို ရှောင်ကျဥ်ပြီး အာဟာရဖြစ်မယ့်အစားအစာတွေ ရွေးချယ်စားသုံးမယ်။လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းမယ်။အဲဒီ ခန္ဓာကိုယ်ကို အသုံးချပြီး ပရဟိတ အလုပ်တွေကို တတ်နိုင်သလောက်ပါဝင်ကူညီမယ်။ကောင်းမွန်တဲ့ အလုပ်တွေကိုသာလုပ်ပြီး ကျန်းမာရေးကောင်းခြင်းရဲ့ တန်ဖိုးကို မြှင့်တင်မှာပါ။
၄။အချိန်ကိုတန်ဖိုးထားပြီး အကျိုးရှိရှိအသုံးချမယ်။
အချိန်ဆိုတာ ရပ်တန့်နေခြင်းမရှိ၊ တဖြည်းဖြည်းကုန်ဆုံးနေတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ။ဒါကြောင့် အဖိုးတန်လှတဲ့ အချိန်တွေကို ကိုယ့်အတွက်အကျိုးရှိမဲ့ အရာတွေအတွက်ပဲ အသုံးပြုမယ်။အရင်ကလို သူငယ်ချင်းတွေနဲ့ လျှောက်လည်လိုက်၊ဖုန်းနဲ့ ဂိမ်းတွေဆော့လိုက်၊social media သုံးလိုက်နဲ့ပဲ အချိန်ကိုကုန်ဆုံးစေမှာမဟုတ်တော့ပါဘူး။အချိန်ရရင်ရသလို ဘာသာစကားသင်တန်းတွေတက်မယ်၊စာအုပ်တွေဝယ်ဖတ်မယ်။ကိုယ်ချစ်တဲ့သူအတွက်လည်း အချိန်ပေးနိုင်အောင်ကြိုးစားမယ်။အပင်လေးတွေစိုက်ပြီး ကိုယ့်ရဲ့ဝါသနာအတွက်အချိန်ပေးမယ်။အချိန်ကို တန်ဖိုးထားပြီး အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်။
၅။မိသားစုကိုတန်ဖိုးထားမယ်။
၁၈နှစ်ဆိုတဲ့အသက်အရွယ်ဟာ ကျွန်တော်တို့အနေနဲ့ ကလေးဘဝတုန်းကလိုမဟုတ်တော့ဘဲ အခြားrelationships တွေနဲ့ပါ ဆက်ဆံရတဲ့အချိန်ဖြစ်ပါတယ်။အတန်းဖော် သူငယ်ချင်းတွေ၊ချစ်သူရည်းစားထားတာမျိုးတွေကြောင့် မိသားစုနဲ့ ဆက်ဆံရေးပိုင်းမှာ အားနည်းလာတာမျိုးရှိသလို၊ကိုယ့်ဘဝတက်လမ်းအတွက် သင်တန်းတက်တာမျိုးတွေ၊အခြား အချိန်ပိုင်းအလုပ် လုပ်တာမျိုးတွေကြောင့် မိသားစုအတွက် အချိန်ပေးဖို့ကို မေ့လျော့တတ်ကြပါတယ်။အကယ်၍ မိဘတွေက အဲဒီလိုမလုပ်ဖို့၊အိမ်ကို အချိန်မှန်ပြန်လာဖို့တွေ ပြောခဲ့မယ်ဆိုရင် "အဖေတို့ အမေတို့တွေက ချုပ်ခြယ်တယ်၊နားလည်မပေးဘူး" ဆိုပြီး မိဘနဲ့ သားသမီးကြား ပဋိပက္ခတွေ ဖြစ်တတ်ကြပါတယ်။ကျွန်တော့်အနေနဲ့ အခုအချိန်မှာတော့ အရင်လို တဇွတ်ထိုးဆန်တဲ့ အတွေးမျိုးမတွေးတော့ဘဲ မိဘတွေဘက်နေ တွေးကြည့်ပေးမယ်။မိဘတွေရှိသေးတာကို တန်ဖိုးထားပြီး မိဘတွေကိုဂရုစိုက်မယ်။ မိသားစုဝင်တွေ ကွယ်လွန်သွားချိန်မှ "ငါဘာမှ လုပ်မပေးနိုင်လိုက်ပါလား" ဆိုတဲ့ နောင်တမျိုးမရအောင်ကြိုးစားမယ်။မိသားစုနဲ့ ထမင်းအတူတူစားမယ်၊ရုပ်ရှင်တွေကြည့်မယ်၊မိသားစု ခရီးတွေထွက်ဖြစ်အောင် ကြိုးစားပါမယ်။ပျော်ရွှင်တဲ့မိသားစုလေးဖြစ်အောင် အားဖြည့်ကူညီရင်း မိသားစုရဲ့တန်ဖိုးကို မြှင်တင်သွားမှာပါ။
၆။မိတ်ဆွေစစ်တွေကို တန်ဖိုးထားမယ်။
အဲဒီလို တက္ကသိုလ်ကျောင်းသားအရွယ်မှာဆိုရင် ကျွန်တော်တို့အနေနဲ့ အပေါင်းအသင်းအမျိုးမျိုးနဲ့ တွေ့ရကြုံရမှာ မလွဲမသွေပါပဲ။ကိုယ့်အပေါ်ကောင်းတဲ့သူတွေရှိသလို၊ဆိုးတဲ့သူလည်း မလွဲမသွေတွေ့ရမှာပါ။ကျွန်တော်ကတော့ အပေါင်းအသင်းကို သေချာဂရုစိုက်ပေါင်းသင်းပြီး မိတ်ဆွေစစ်တွေဆိုရင် သူတို့တွေကို တတ်နိုင်သမျှ အကူအညီပေးမယ်။သူတို့နဲ့ ရင်းနှီးမှုတွေ ပျက်စီးမသွားစေဖို့ ဒေါသရှေ့ထားပြီး ပြုမှုတာမျိုးတွေမရှိအောင် အကောင်းဆုံးကြိုးစားသွားမယ်။မိတ်ဆွေအပေါင်းအသင်းတွေကလည်း ကိုယ့်အကျိုးစီးပွားကို အောင်မြင်ပြီးမြောက်စေနိုင်တဲ့အတွက် မိတ်ဆွေကောင်းတွေဖွဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိအောင် ကြိုးစားရင်း မိတ်ဆွေစစ်တွေရဲ့တန်ဖိုးကို မြှင့်တင်သွားပါမယ်။
နိဂုးချုပ်အနေနဲ့ကတော့ ၁၈နှစ်အရွယ်ဆိုတာ အတွေးအခေါ်ရင့်ကျက်မှု အားနည်းသေးတဲ့အတွက် ညီတွေ၊ညီမတွေအနေနဲ့ အမှားတော့ကင်းမှာမဟုတ်ပါဘူး။အဲဒီအမှားတွေကနေပဲ သင်ခန်းစာယူပြီး အမှန်ပြင်သွားရမှာပါ။ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ၁၈နှစ်အရွယ်တုန်းကလို တန်ဖိုးမသိလို့ မှားယွင်းသွားတဲ့ အမှားမျိုး ညီငယ် ၊ညီမငယ်တွေကို လုံးဝမကြုံစေချင်ပါဘူး။ဒါကြောင့် ကုန်ဆုံးသွားပြီးဖြစ်တဲ့ ၁၈နှစ်အရွယ်တုန်းက ကျွန်တော်ပြုခဲ့မိတဲ့ အမှားတွေကို ညီငယ်၊ညီမငယ်တွေ အနေနဲ့ ရှောင်ကျဥ်နိုင်အောင် ၊နောက်ထပ် ၁၈နှစ်အရွယ်သာ ပြန်ရခဲ့ရင် ကျွန်တော်မဖြစ်မနေလုပ်မယ့် အရာတွေကို အတုယူနိုင်အောင်ဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့် ညီငယ်၊ညီမငယ်များအားလုံး...
၁။တန်ဖိုးသိပါ။
၂။တန်ဖိုးကို ထိန်းသိမ်းပါ။
၃။တန်ဖိုးမြှင့်တင်နိုင်အောင် အမြဲကြိုးစားကြပါ။
******
ကိုခန့်
Keep Reading