SarPhat Author
ငယ်စဥ်တောင်ကျေးကလေးဘဝကို မှတ်မိကြဦးမှာပါ။
တောရွာနေကြသူ ကလေးတစ်သိုက်က တာယာခွေတစ်ယောက်တစ်ခွေလှိမ့်ရင်း အချိန်ကုန်ခဲ့ကြသလို မြို့ရွာနေထိုင်ကြသူကလေးတစ်သိုက်မှာတော့ အရပ်ထဲစိန်ပြေးလိုက်တမ်းကစားကြရင်းအချိန်ကုန်ခဲ့ကြမှာပေါ့။
မှန်တာပေါ့။စာဖတ်သူတွေးမိလိမ့်မယ်။ထိုဖြူစင်သောဘဝက ''ပျော်လို့ကောင်းလိုက်တာ''ဆိုပြီး။
ပြန်မရနိုင်မှန်းသိပေမယ့် တမ်းတမိတတ်ကြသောအရာတွေမှာ ငယ်ကလေးဘဝကလည်းတစ်ခုအပါအဝင်ပဲပေါ့ဗျာ။
၁၈နှစ်အရွယ်ကတော့ အခြားအသက်အရွယ်တွေနှင့်မတူ တမူကွဲပြားတာကတော့အမှန်။အစိုးရကျောင်းတက်ရင်း ၁၀တန်းအောင် တက္ကသိုလ်တက်ပြီး ၁၈နှစ်အရွယ်ကိုရောက်သည့်တိုင် ဆရာအောင်ချိမ့်ရဲ့ ''မင်းလားကွ ဟမ်ဘာဂါ''ဆိုတဲ့ကဗျာရဲ့အဓိပ္ပါယ်ကိုနားမလည်နိုင်သေးဘူး။တယ်လည်းအ,တဲ့ ကျွန်တော်ပါလား။
၁၈နှစ်အရွယ်ကိုကျော်လွန်ပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ဘဝမှာ ငယ်ငယ်ကသိပ္ပံစာအုပ်မှာသင်ခဲ့ရတဲ့ဂေဟစနစ်လိုပဲ အချိန်ပြည့်လည်ပတ်ရတော့တာပဲ(သို့)စားသုံးခံရတာပေါ့ဗျာ။
ဘယ်သူက စားတာတုန်း?
အချိန်တွေက စားသွားတာပေါ့။
ဘာတွေကို စားသွားတာတုန်း?
နုပျိုမှုနှင့်ဝါသနာတွေကိုစားသွားတာပေါ့ဗျာ။
နောင်တအချို့ကိုဖော်ပြပါဟုဆိုလာရင်တော့ ''၁၈နှစ်ပြည့်တာကိုသတိမထားခဲ့မိတာနောင်တရပါတယ်''လို့သာ ကျွန်တော်ဆိုချင်ပါတယ်။
ကျွန်တော့်ဆောင်းပါးမှာ ပညာရေး၊စီးပွားရေး၊တိုးတက်ရေးတွေသိပ်မြင်ရမှာမဟုတ်ဘဲ လွတ်လပ်မှုကိုသာမြင်ရပါလိမ့်မယ်။
ခင်ဗျားတို့ ဂစ်တာတီးတဲ့လူငယ်လူရွယ်တွေတွေ့ဖူးကြရဲ့လားဗျ။
ရပ်ကွက်အုတ်ခုံတွေပေါ် ယောကျ်ားလေးတွေဝိုင်းစု ဂစ်တာလေးတစ်လုံးနဲ့ ဒေါင်ဒင်တီးပြီးဦးငှက်သီချင်းတွေဆိုကြတဲ့ လူငယ်တစ်သိုက်ကိုလေ။
အခုခင်ဗျားအသက်၄၀အရွယ်မှာ သူတို့လိုတီးချင်သေးလား။ဒါတော့စာဖတ်နေတဲ့ခင်ဗျားပဲသိပါလိမ့်မယ်။
မှန်ပါတယ် ငွေဆိုတဲ့စက္ကူတွေနောက်လိုက်ရင်း Hobby(ဝါသနာ)တွေလက်လွှတ်လိုက်ရတဲ့ လူငယ်တွေဒီနိုင်ငံမှာများတယ်ဆိုတာ ကဲ ခင်ဗျားနဲ့ကျွန်တော်လောင်းကြေးထပ်မလား။
အမျိုးသမီးတစ်သိုက်ဆီကျွန်တော်စကားပြောပါရစေဦး။ခင်ဗျားတို့အခုလို ဗိုက်ပူ၊ဝတုတ်နေချိန်မှာ Advanced Cinema တွေမှာပေါင်တိုလေးတွေဝတ် ဆံပင်လေးတွေကောက်ပြီးသူငယ်ချင်းတွေပျော်ပျော်ပါးပါး ပေါက်ပေါက်ဆုပ်ထိုင်စားရင်းရုပ်ရှင်ပြန်ကြည့်ချင်လို့ရသေးလားဗျ။မရတော့ဘူးလေ။ခင်ဗျားသူငယ်ချင်းအချို့တောင် အိမ်ထောင်ပြုကုန်ပြီမလား။
အချို့လူတွေပြောကြတယ် လူတိုင်းကမွေးကတည်းကနဖူးမှာသေမယ့်ရက်ပါပြီးသားတဲ့။အာ ထားလိုက်ပါ အဲ့ဒါတွေ။အချို့ကလေးတွေဆို နဖူးတောင်မမြင်လိုက်ရဘူး။ဗိုက်ထဲမှာတင်ဖျက်ချခံနေရတာတွေတပုံကြီး။
ဒီတော့ကျွန်တော်တို့ငွေနောက်ကိုလည်းလိုက်ကြမယ်။ငွေကမရှိမဖြစ်ကိုး။ဒါပေမယ့် ငွေနောက်မလိုက်ခင်အရွယ်မှာလွတ်လပ်ကြတာပေါ့။
အခုအရွယ်ခင်ဗျားအသက်ကြီးလို့ပင်ပန်းနေချိန်မှာ Yiruma ရဲ့"River Flows In You''ဆိုတဲ့ Piano Song လေးလောက်နားထောင်ပြီးလှဲနေရုံပဲတတ်နိုင်မှာပေါ့။အခြားဘာတတ်နိုင်မှာလဲ။
ကျွန်တော့်အသက်''၁၈''မှာ ဘာကိုနောင်တရခဲ့လဲဆိုတာသိချင်နေကြပြီမလား။
ကျွန်တော့်အနေနဲ့ကတော့လွတ်လပ်ခြင်းဆိုတာကိုစက္ကူတွေနဲ့လဲခဲ့ရတာနောင်တရပါတယ်။
14.12.2023
8:43pm
Keep Reading