Youth’s Book Reflections
ဒီနေ့တော့ ရင်ထဲထိတဲ့ ဝတ္ထုကောင်းလေးညွှန်းချင်ပါတယ်။Jack London ရဲ့Sea Wolfကို စာရေးဆရာညွ့န်ကြူးဘာသာပြန်ထားတဲ့ ပင်လယ်ဝံပုလွေဆိုတဲ့ စာအုပ်ပါ။
Jack Londonဆိုရင် သူ့စာအုပ်တွေကို ဆရာပေါင်းများစွာက ဘာသာပြန်ထားခဲ့ပြီးဖြစ်လို့ မြန်မာပြည်ကစာဖတ်သူတွေအတွက် စိမ်းမယ်မထင်ပါဘူး။ဒီစာအုပ်ဟာ စွန့်စားခန်းဝတ္ထုထက်ပိုပါတယ်။မုန်တိုင်းဒဏ်ကို အလူးအလဲခံရတဲ့ သင်္ဘော၊ဖျံဖမ်းတဲ့သင်္ဘောသားတွေအကြောင်းထက်ပိုပါတယ်။ တွေးရင်တွေးသလောက် ဆက်ချဲ့လို့ရတဲ့စာအုပ်ပါ၊လက်တွေ့နဲ့စိတ်ကူးယဉ် တစ်နည်းအားဖြင့် materialism နဲ့ idealismအားပြိုင်ကြတဲ့ ဝတ္ထုလို့လည်းဆိုနိုင်ပါတယ်။
ဇာတ်လမ်းလေးကတော့ ဗင်ဝေဒင်ဆိုတဲ့ စာပေဝေဖန်ရေးသမားတစ်ယောက် သူ့သူငယ်ချင်းတစ်ယောက်ဆီ အလည်သွားရာက စတာပါပဲ။စာသမား ဗင်ဝေဒင်ခမျာ ကံဆိုးချင်တော့ သင်္ဘော မတော်တဆမှုကြုံခဲ့ရပြီးရေစီးကြောင်းတစ်လျှောက်မျောပါသွားရင်းက တစ္ဆေသင်္ဘောကြီးနှင့် ရေစက်ဆုံဖို့အကြောင်းဖြစ်လာပါတယ်။ ရွှေဇွန်းကိုက်မွေးလာတဲ့ ဗင်ဝေဒင်ဟာ ငယ်စဉ်ကတည်းက စာပေနှင့်အထိတွေ့များပြီး လူကုံထံအသိုင်းအဝိုင်းနေရသူမလို့ အလုပ်ကြမ်းလုပ်နိုင်ကိုင်နိုင်စွမ်းမရှိ။ဒီတော့ သင်္ဘောပေါ်မှာ သူ့ရဲ့ကိုယ်ကာယဟာ သူ့အသက်ကိုမှ မကာကွယ်နိုင်ဘူး။
အဓိက ဇာတ်ကောင်က ဗင်ဝေဒင် ဆိုပေမယ့်လို့ ကျနော်ကတော့ လာဆင်ကိုပိုစွဲမိတယ်။ ရုပ်ဝါဒီသမား လာဆင်က ဒီဇာတ်လမ်းမှာ ဖျံဖမ်းတဲ့တစ္ဆေသင်္ဘောရဲ့ ကပ္ပတိန်ပါ။တစ္ဆေသင်္ဘောဆိုတဲ့ ကြောက်စရာနာမည်ဆိုးနဲ့လိုက်ဖက်တဲ့ လာဆင်က ကိုယ့်ကိုယ်ခန္ဓာ ကိုယ့်ခွန်အားကိုယုံကြည်သူဖြစ်တယ်။ဒါ့အပြင် လာဆင်ဟာ ပုံစံနှစ်မျိုးကို ဆုပ်ကိုင်ထားသူလည်းဖြစ်ပါတယ်။ လာဆင်ရဲ့ အခန်းထဲမှာဆိုရင် လောကီအတတ်ပညာတွေကို အပတ်တကုတ်ဆည်းပူးနေတဲ့ စာကြမ်းပိုးလာဆင်ကို မြင်နိုင်မှာဖြစ်သလို အခန်းအပြင်ကိုထွက်လိုက်တာနဲ့ လူဆိုးလူမိုက်၊လူ့တိရစ္ဆာန်တွေကို ပိပြားနေအောင်အုပ်ချုပ်တတ်တဲ့ ပင်လယ်ဝံပုလွေတစ်ကောင်နဲ့မခြားတဲ့ လာဆင်ကို မြင်ရမှာဖြစ်ပါတယ်။ဒါကြောင့် သူ့ကို သင်္ဘောသားတွေ ဖျံဖမ်းသမားတွေရောက ဝံပုလွေလာဆင်လို့နာမည်ပြောင်ပေးထားကြပါတယ်။
ဝံပုလွေလာဆင်ဟာ သူ့လူတွေအပေါ်ကို အကြောက်တရားနှင့်အုပ်ချုပ်တယ်။
သူ့လက်အောက်က သင်္ဘောသား ဖျံဖမ်းသမားတွေကို ကြောက်စိတ်မောင်းသွင်းပြီး တိရစ္ဆာန်တွေသဖွယ်သဘောထားတယ်။ဒီတော့ရလဒ်က သူ့အသက်ခန္ဓာတည်မြဲရေးကို အမြဲတစေ ရန်ရှာခံရတာပါပဲ။တဒင်္ဂတော့ စိတ်ကျေနပ်မှုရတယ်။ရေရှည်မှာတော့ ဒီအရာကပဲ သူ့ဘဝကိုပျက်စေတယ်။
တစ်ဖက်မှာ ဗင်ဝေဒင်ကတော့ ဝိဉာဉ်ကိုယုံကြည်သလို ကိုယ်ချင်းစာတရား၊မေတ္တာတရားစတာတွေကို တန်ဖိုးထားတယ်။ရန်ကိုရန်ချင်းမတုံ့ပြန်တဲ့အပြင် မတရားမှုကို လက်မခံဘူး။သူကတော့ လာဆင်နဲ့ပြောင်းပြန် စိတ်ဓာတ်ခွန်အားကိုယုံကြည်သူဖြစ်တယ်။သူတို့နှစ်ယောက်ရဲ့ ခံယူချက်ချင်းအားပြိုင်မှုကို အရသာခံဖတ်ရမှာပါ။
မိန်းမတွေသာမရှိလျှင် ဘယ်လိုဖြစ်မလဲဆိုတာကို ဖျံဖမ်းသမားတစ်စုနှင့် တစ္ဆေသင်္ဘောကြီးက သက်သေပြနေတယ်လို့ထင်မိတယ်။ ရက်စက်ခက်ထန်မှုတွေကို အလှနှင့်ကရုဏာတရားက ပျက်ပြယ်စေနိုင်သလို ထိုအလှကပင်သူရဲဘောကြောင်သူတို့ကို ရဲရင့်စေတတ်၊ အားကောင်းမောင်းသန် လူ့ဘီလူးကြီးတွေရဲ့အသက်တွေကိုလည်း ခြွေပစ်တတ်ပါတယ်။သဘာဝတရားကြီး ဟန်ချက်ညီဖို့ မိန်းမတွေလိုအပ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။စစ်ပွဲတွေ၊သွေးထွက်သံယိုတွေကို မိန်းမတွေက တားဆီးနိုင်ပါတယ်။
အမှန်တရားဟာ ငုပ်လျှိုးပျောက်ကွယ်ရိုးထုံးစံမရှိဆိုတဲ့သဘောကို တင်ပြထားတာတွေ့ရတယ်။ လက်တွေ့ကြုံရတာမျိုးကိုပဲ ယုံကြည်တတ်တဲ့လာဆင်က သူ့ခံယူချက်အတိုင်း မမြင်ရတဲ့ ဆက်နွယ်မှုတွေ ဥပမာ ယုံကြည်မှုတို့ မေတ္တာတရားတို့ကိုယ်ကျင့်တရားတို့ဆိုတာတွေကို အယုံအကြည်မရှိဘူး။ ဗင်ဝေဟင်ကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။လူတွေအပေါ် မေတ္တာတရားထားပြီးစောင့်ရှောက်ကြင်နာရမယ်လို့ ခံယူသူ။ လာဆင်က မရှိတဲ့အရာတွေဆိုပြီး ဗင်ဝေဒင်ကို သူ့နယ်မှာ လက်တွေ့ပြသလေတော့ ဗင်ဝေဒင်ဟာ သူ့စိတ်ဓာတ်နဲ့ခံယူချက်တွေအတော်လေးယိမ်းယိုင်သွားခဲ့ရတယ်။
အလှည့်အပြောင်းတွေမျိုးစုံ ကြုံခဲ့သော်လည်း ဗင်ဝေဒင်က ကိုယ်ကျင့်တရားကို အသက်ထက် မြတ်နိုးပြီး အမှန်တရားဘက်ကြိုးစားရပ်တည်သွားတာကိုတွေ့ရပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါ စာပေလိုက်စားခြင်းဟာ ကောင်းတဲ့လုပ်ရပ်၊အကျိုးပြုတဲ့လုပ်ရပ်ဖြစ်ကြောင်း၊အတွေ့အကြုံရော အတွေးအကြံရော မျှတဖို့လိုတယ်လို့မြင်မိတယ်။ဗင်ဝေဒင်က ဒီအသိကို တစ်ပါးကျွန်ဘဝရောက်မှ ဆင်ခြင်မိသွားတယ်။ဒါ့အပြင် ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ရင်း သူ့ခြေထောက်ပေါ်လည်း သူရပ်တည်နိုင်သွားတယ်။
အသက်ရှင်ခြင်းတန်ဖိုးက ဘာကြောင့်ဆိုတဲ့ reasonကောင်းတစ်ခုလိုအပ်ပါလားဆိုတာကိုလည်းတွေးမိပါတယ်။ဘာကြောင့်ဆိုတဲ့ အကြောင်းရင်း သေချာရေရေရာရာမရှိတဲ့အခါ ရှင်နေလျက်နဲ့ ဘဝဟာသေနေသလိုပါပဲ။ဒီစာအုပ်ဟာ စာရေးဆရာJack Londonရဲ့ဒဿနတွေနဲ့ ရသအပြည့်အဝခံစားရမယ့်ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
*လွန်ခဲ့တဲ့ လေးလငါးလလောက်ကတော့ အတော်ရှားပါးခဲ့ပြီး စျေးကောင်းခဲ့တဲ့စာအုပ်ပါ။အခုတော့ စိတ်ကူးချိုချိုက စတုတ္ထအကြိမ်ပြန်ထုတ်ထားပါတယ်။*
Rating-⭐️⭐️⭐️⭐️⭐️
#လမင်းကိုထရံပေါက်မှကြည့်ခြင်း
#bookreview
#ပင်လယ်ဝံပုလွေ #Jack_London
#ညွန့်ကြူး
Keep Reading