SarPhat Author
ဒီနေ့ခေတ်မှာ ခေတ်အနေအထားအရ ရိုးသားတဲ့ အချစ်တွေကို လူတွေက တန်ဖိုးမထားတတ်ကြတော့တာ ၀မ်းနည်းစရာပါ။
ကိုယ့်ရဲ့ ယောကျာ်းလေးသူငယ်ချင်းဆို သူ့ကောင်မလေးက ပိုက်ဆံအရေးကြီးလိုနေလို့ဆိုပြီး သူ့ဆီပိုက်ဆံတောင်းတော့ သူက ပိုက်ဆံလွဲပေးလိုက်တယ်။ (၁)ရက်လောက်နေပြီးတော့ ယောကျာ်းနောက်ခိုးရာလိုက်ပြေးသွားတယ်။ သူပေးလိုက်တဲ့ ပိုက်ဆံဟာ သူ့ကောင်မလေးနဲ့ သူ့ကောင်မလေးချစ်သူအတွက် လမ်းစရိတ်ဖြစ်သွားတယ်။ သူက လုပ်ရက်လိုက်တာကွာဆိုပြီး ကြေကွဲနေတာကို ကြည့်ပြီး ကိုယ်တွေလည်း စိတ်မကောင်းဘူး။ သူ့အဖြစ်အပျက်ကို နားထောင်ပြီး အရမ်းစိတ်နာစရာကောင်းလွန်းတယ်။ မခံမရပ်နိုင်အောင် ဖြစ်မိတယ်။ သူဆို ဘယ်လောက်တောင် စိတ်နာလဲဆို အရင်က လုံး၀ အရက်၊ ဘီယာ မသောက်တဲ့သူဟာ အခုတော့ ညနေခင်းတိုင်း သောက်ဖြစ်နေတယ် ပြောတယ်။
တစ်နေ့ကပဲ အဝေးသင်မယ် အဆောင်တစ်ဆောင်တည်းမှာ အတူနေခဲ့ပေမယ့် ကိုယ်က သူ့ကို မမှတ်မိဘူး။ သူကတော့ ကိုယ့်ကိုယ်သိတယ်ဆိုပြီး လာနှုတ်ဆက်ရှာတယ်။ ညီမလေးရဲ့ အဖြစ်အပျက်ကို ပြောပြတော့ သူ့ကောင်လေးက အဆောင်တစ်ခုတည်းမှာ အတူနေတဲ့ ကောင်မလေးနဲ့ အီစီကလီလုပ်ထားတယ်။ မုန့်တွေပါ လာပို့ပေးတာကိုပါ သူက မိသွားတယ်။ Facebook password ပါ ပေးထားပြီးတော့ အဲကောင်လေးကလည်း ဟိုကောင်မလေးကို ဖွန်ကြောင်ထားတယ်။ Messenger box မှာ စာပို့ထားကြတာကို သူက ဖတ်ရတော့ စိတ်နာသွားတယ်။ သူ့ကောင်လေးက သူ့ကို လိုက်တောင်းပန်ပေမယ့်လည်း သူလုပ်ခဲ့တဲ့ အမဲစက်က အရိပ်လို လိုက်နေတော့ ပြန်လက်ခံပေးလို့ မရဘူး။ ခွင့်လွတ်ပေးလို့ လည်း မရပြန်ဘူး။
ကောင်လေးက ရည်းစားရှိရက်သားနဲ့ တစ်ရုံးတည်းမှာ အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ရည်းစားစကားပြောတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ ရည်းစားလည်း ဖြစ်သွားရော သူ့ရဲ့ ကောင်မလေးအစစ်က ဂျပန်မှာ အလုပ်သွားလုပ်နေတယ်။ သူတို့ ၂ယောက်ကို မိဘတွေက သဘောတူထားကြတယ်။ ၃လလောက်နေတော့ အဲတာက ပေါ်ချလာတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်မလေးခမျာ နေ့တိုင်း ဒီမျက်နှာကြီးကို မြင်နေရတာ ဘယ်လောက်ခံစားရမလဲဆိုတာကို တွေးကြည့်ရင် ပြေးကြည့်တာထက် မြန်မယ်ထင်ပါတယ်။
ကိုယ်တွေ သူငယ်ချင်း ၃ယောက်ဆို ထူးဆန်းစွာပဲ ပင်းတယသူ/ သားတွေနဲ့ ချစ်သူတွေ ဖြစ်ကြတယ်။ ယောကျာ်းလေးသူငယ်ချင်းဆို သူ့ကောင်မလေးက သူ့ကို သစ္စာဖောက်သွားတော့ သူဆို " ပင်းတယ " ဆိုတဲ့ နာမည်ကြားရင်ကို အရမ်းမုန်းတယ်။ သူငယ်ချင်းကောင်မလေး ၂ယောက်မှာ ၁ယောက်က " ပဲစိကြော် " ကို ဒီတစ်သက် မစားတော့ဘူး။ နာမည်ကို မကြားချင်ဘူး။ အရမ်းမုန်းတယ်။ ၁ယောက်ကြပြန်တော့ လက်ဖက်သုပ်ကို အရမ်းကြိုက်တဲ့သူက " လက်ဖက်သုပ် " ကို လုံး၀ မစားတော့ဘူး။ စိတ်နာလွန်းလို့ပါ။ ကိုယ့်ကိုယ်လည်း ကိုယ့်ဒေသလူကို ပြန်မထားနဲ့လို့ အမြဲမှာတမ်းခြွေလေ့ရှိတယ်။ သူတို့ ၃ယောက်ရဲ့ ကျိန်စာက ကိုယ် သင့်နေတယ် ထင်ပါတယ်။
လတ်တလောမှာဆို တရုတ်မှာ ဖြစ်ပျက်သွားတဲ့ ကောင်လေးဆို သူ့ကောင်မလေးကို ငွေတွေ အရမ်းပေးတယ်။ အရမ်းပေးဆပ်ခဲ့တယ်။ ရိုးသားတဲ့အချစ်၊ အချစ်စစ်အတွက် အသက်ကိုပါ စတေးသွားခဲ့တယ်။ နောက်ဆုံးမှာ ကောင်မလေးက ကောင်လေးကို တောင်းပန်ချင်သလိုလို၊ မတောင်းပန်ချင်သလိုလို လုပ်နေသေးတယ်။
တချို့ချစ်သူစုံတွဲတွေကိုဆို အားကျပါတယ်။ လိုင်းပေါ်ကနေ surprise (အံ့ဩခြင်း) တိုက်ကြတယ်။ အရမ်းကြူးကြတယ်။ အရမ်းလည်း romantic (စိတ်ကူးယဉ်) ဆန်တယ်။ တခါတလေ ကိုယ်တွေတောင် သူတို့ကို ကြည့်ပြီး အထီးကျန်ချင်သလိုတောင် ဖြစ်သွားတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပြတ်တာက ပြတ်ကြတာပါပဲ။
ခေတ်ကိုက လိုက်မမီတော့ပါဘူး။ ခက်ခဲနေကြတဲ့ အခြေအနေဆိုတော့ gold digger (ရွှေတွင်းတူးသမား) တွေ များလာတယ်။ အရင်က gold digger (ရွှေတွင်းတူးသမား) တွေက အားနွဲ့တဲ့ မိန်းကလေးတွေလို့ပဲ ကြားဖူးခဲ့ပေမယ့် ဒီနေ့ခေတ်မှာတော့ စိတ်မကောင်းစွာနဲ့ပဲ ယောကျာ်းလေး gold digger (ရွှေတွင်းတူးသမား) တွေ တွေ့လာရတော့ စိတ်မကောင်းဖြစ်မိပါတယ်။
အချစ်ကို သွားမကစားသင့်ဘူး။ ကစားမိခဲ့ရင် ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အမဲစက်တွေက မင်းနောက် လိုက်လာမှာပါ။
လူတိုင်းဟာ အမှားနဲ့ မကင်းဘူးဆိုတာ လက်ခံနားလည်ပေးလို့ရပေမယ့် အမှားဘက်မှာပဲ တစ်သက်လုံးနေနေရင်တော့ မှားသွားပါပြီ။ အမှားဘက်ကနေ အမှန်ဘက်ကို ပြောင်းလာပြီး နေထိုင်သင့်ပါတယ်။
Lion (ခြင်္သေ့) ကို vegan (အရွက်) သွားကျွေးလို့ မရဘူး။ Lion (ခြင်္သေ့) က အသားပဲစားမှာပါ။ တချို့လူတွေရဲ့ ဗီဇကိုတော့ အမှန်ဘက်ကို ဘယ်လိုပဲ ဆွဲခေါ်နေပါစေ ပြောင်းလဲလို့ မရပြန်ပါဘူး။
ကိုယ်ကိုယ်တိုင် သစ္စာရှိတဲ့ လူကို ရချင်ရင် ကိုယ်ကိုယ်တိုင်လည်း သစ္စာရှိသင့်ပါတယ်။
Empathy (စာနာကြည့်ခြင်း), sympathy (ကိုယ်ချင်းစာခြင်း), ethics (လူ့ကျင့်၀တ်), boundaries(စည်း၊ ဘောင်) နဲ့ နေထိုင်သင့်ပါတယ်။
ရိုးသားတဲ့ အချစ်ကို အလွဲသုံးစားလုပ်သွားတဲ့ လူတွေအတွက် မျက်ရည်ကျဖို့က မတန်ပါဘူး။ ဇွတ်အတင်း မခံစားနဲ့လို့လည်း ပြောလို့က မရပြန်ပါဘူး။ သံမဏိလူသားတွေ စက်ရုပ်တွေ မဟုတ်ပဲ အသွေးအသားနဲ့တည်ဆောက်ထားပြန်တော့လည်း ခံစားပစ်ပါ။ ဒါပေမယ့် ခံစားပြီးရင်တော့ ဘ၀ကို ရှေ့ဆက်လျှောက်ရမှာပါ။ ဆူးလေကို ရောက်အောင်သွားမယ်ဆို လမ်းမှာ ရေသောက်လို့ရတယ်။ အနားယူလို့ရတယ်။ အိပ်လို့ရတယ်။ ဒါပေမယ့် မင်း ဆူးလေကိုတော့ ရောက်အောင်သွားရမှာပါ။
ခင်ခင်ချော
Keep Reading