ဒီဟော်နသံ
ခေတ်ရှေးညိုနှင့် Thin Red Line // ဒီဟော်နသံ
---
သိုဝှက်ကျီစားအပ်သော ရပ်ဝန်း၌။
ဒီစာအုပ်ထဲက အဓိက အကြောင်းအရာတွေက
သိုဝှက်လွန်းတဲ့ မြစ်တွေရယ် ...
မြစ်တွေကို အမှီသဟဲပြုနေရတဲ့ ဘဝတွေရယ်၊
ပြီးတော့ ...
မြစ်တွေကို မကြိုက်တဲ့ အမျိုးသမီးတယောက်ရယ်။
အဲ့ဒီ အမျိုးသမီးနံမည်က “ဧကရီ” ။ တနည်းအားဖြင့် အတိတ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတယောက်။ သိပ်သနားဖို့ ကောင်းသလို၊ သိပ်ကြောက်ဖို့လည်းကောင်းတယ်။
ရန်ကျော်ဆိုတဲ့ ကောင်လေးက ဧကရီကို ပြောဖူးတယ် ...
“ မမက မြစ်တွေကို မမနဲ့တူလို့ မကြိုက်တာပါ ” တဲ့။
---
ကျွန်တော်ဒီစာအုပ်နဲ့ ပတ်သတ်ပြီး ဇာတ်လမ်းထက် ဇာတ်ကောင်အကြောင်းကို အဓိက Highlights လုပ်သွားမှာပါ။
ဧကရီ က ဒီဇာတ်လမ်းရဲ့ Main Protagonist (အဓိကဇာတ်ကောင်) ဖြစ်ထိုက်တဲ့သူလို့ ကျွန်တော် ယူဆတယ်။ ဒီလိုပြောရတာက တချို့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ ဇာတ်ဝင်ခန်းတွေအများကြီးမှာပါဝင်ခွင့်ရပေမယ့် Main Protagonist မဖြစ်ထိုက်လို့ပဲ။ Main Protagonist ဆိုတာ ဇာတ်တခုလုံးရဲ့ Resolution (အဖြေ) ကို Decision (ဆုံးဖြတ်ချက်) ချနိုင်တဲ့ Character ဖြစ်တယ်။ အဲ့လိုမဟုတ်ရင် Artist ကိုယ်တိုင်က သူ့ Character ကို ဒါ Main Protagonist လို့ဆိုရင်တောင် ကျွန်တော်လက်မခံဘူး။ ဗမာ့ရုပ်ရှင် အကယ်ဒမီဆု ပေးပွဲတချို့မှာ ဇာတ်ဆောင်နဲ့ ဇာတ်ပို့ blah blah ... ဖြစ်နေတဲ့ issue တွေကလည်း ဒါကြောင့်ပါပဲ။ ထားပါတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ်ဆိုရင် အများကြီးပဲ။ အဲ့ဒါတွေက Film နဲ့ပိုသက်ဆိုင်လိမ့်မယ် အခုပြောမှာက Literature အပိုင်း။
ကျွန်တော်တို့ Society (လူမှုဝန်းကျင်) က Protagonist ဆိုရင် လုံးဝ အပြစ်ကင်းစင်ရမယ်၊ သိက္ခာရှိရမယ်၊ စတဲ့ စတဲ့ စံသတ်မှတ်ချက်တွေနဲ့ ဘောင်သွင်းထားကြတယ်။ ဧကရီက အဲ့ဒီလို Society ကသတ်မှတ်ထားတဲ့ ဘောင်ထဲကို ဝင်လိုက်၊ ထွက်လိုက် လုပ်နေတဲ့ ဇာတ်ကောင်။ ကျွန်တော်တော့ သိပ်သဘောကျတယ်။ ဘာလို့ဆို လူပီသလို့၊ Humanity ဖြစ်တယ်ပေါ့။ Humanity မှာ ဘယ်လောက်တော်ရမယ်၊ ဘယ်လောက်ဖြူစင်ရမယ် ဆိုတဲ့ ဘောင်သတ်မှတ်ချက်မျိုး မရှိဘူး။ လူတယောက်အနေနဲ့ Dark Side ရှိတယ်၊ လူတယောက်လို မှားခွင့်ရှိတယ်။ ဒါပေမယ့် လက်ခံနိုင်တဲ့ အတိုင်းအတာတော့ ရှိတာပေါ့။
ခေတ်ရှေးညိုက ဧကရီကို Archetype ဖြစ်အောင်ဖန်တီးနိုင်တယ်။ Archetype ကို မြင်သာအောင် အဓိပ္ပါယ်ဖွင့်ရရင် လူသားတိုင်းမှာဖြစ်တတ်တဲ့စရိုက်လက္ခဏာပေါ့။ ဒါက ... ဇာတ်ကောင်ကို လူတယောက်အဖြစ် အသက်သွင်းတဲ့ နေရာမှာ ဖန်တီးသူ Artist တွေအတွက် သိပ်ကိုအရေးကြီးတယ်။ ဖန်တီးလိုက်တဲ့ ဇာတ်ကောင်ရဲ့ Dark Side, Unconscious Mind (မသိစိတ်) က အစ အသေးစိတ် နားလည်နေဖို့လိုတယ်။ ဇာတ်ကောင်ရဲ့ Thin Red Line ကို အမြဲသတိပြုနေဖို့လိုတယ်။ Thin Red Line ကို အလွယ်မှတ်ရရင် ကောင်းတဲ့လူနဲ့ မကောင်းတဲ့လုပ်ရပ်ကြားက ခြားထားတဲ့ မျဉ်း၊ မကောင်းတဲ့လူဆိုရင်လည်း သူနဲ့ ကောင်းတဲ့လုပ်ရပ်ကြားက ခြားထားတဲ့ မျဉ်းကို ဆိုလိုတာပါ။ ကျော်ဖို့ မကျော်ဖို့ ဆိုတာထက် ဘယ်အချိန်မှာ ကျော်သွားတယ် ဘယ်အချိန်မှာ မကျော်ဘူးဆိုတာကို သိနေဖို့လိုတယ်ပေါ့။
ခေတ်ရှေးညိုက သူ့ဇာတ်ကောင်တွေကို ဖန်တီးတဲ့နေရာမှာ ဒါကို နားလည်တယ်လို့ ကျွန်တော်ယူဆတယ်။ အဲ့ဒါကြောင့် သူ့ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေဟာ လူသားသိပ်ဆန်တယ်။ 3 Dimensional ဖြစ်တယ်။ လူသားဆန်ကြောင်းကိုလည်း သတ္တိရှိရှိ express (ဖော်ထုတ်) လုပ်နိုင်တယ်။
ဆရာမရဲ့ “တိမ်ပြိုပင်လယ်” စာအုပ်မှာဆိုရင်လည်း သေသေသပ်သပ်ဖောက်ပြန်တဲ့ ပညာတတ်အမျိုးသမီး “ညို” ကို ဖန်တီးထားတာ သိပ်သဘောကျဖို့ကောင်းတယ်။ ဇာတ်ကောင်က Reality (လက်တွေ့ဆန်) ဖြစ်လွန်းတော့ ဖန်တီးသူ Artist ကိုပါ သက်ရောက်မှုတွေရှိလာတယ်။ ဒီအကြောင်းကိုလည်း ခေတ်ရှေးညို ကိုယ်တိုင် “ နှလုံးသားဆုံမှတ် ” ဆိုတဲ့ Live Session တခုမှာ ပြောဖူးပါတယ်။ “ တိမ်ပြိုပင်လယ် ထဲကလိုရော အစ်မက ဖောက်ပြန်မှာလား ” ဆိုတဲ့ မေးခွန်းမျိုးတွေ အမေးခံရတာမျိုးပေါ့။ အမျိုးသားပရိသတ်က မေးတယ်လို့ ပြောပါတယ်။
အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းထက် မေးတဲ့သူက Personal Life နဲ့ Professional Life ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတဲ့သူလို့ ယူဆရပါတယ်။
အပေါ်ကပြောခဲ့တဲ့ Thin Red Line အကြောင်းကို ပြန်ဆက်ရရင် ... ခေတ်ရှေးညိုနဲ့ သူ့ရဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ “ညို” “ဧကရီ” တိုရဲ့ Thin Red Line တွေက မတူညီကြဘူး။ ခေတ်ရှေးညိုရဲ့ Person Life ထဲက Moral (ကိုယ်ကျင့်တရား) ကို သူ့ရဲ့ Professional Life ဖြစ်တဲ့ ဇာတ်ကောင်တွေရဲ့ Moral တွေနဲ့ သွားတိုင်းလို့မရဘူး။
ကျွန်တော်ဖတ်ဖူးသမျှ ခေတ်ရှေးညိုရဲ့ စာအုပ်တွေ ( တိမ်ပြိုပင်လယ်၊ နရသူ၊ သိုဝှက်ကျီစားအပ်သောရပ်ဝန်း၌ ) မှာ တူညီစွာနဲ့ မြင်ရတဲ့ အရာတခုကတော့ Parenting နဲ့ Education ကို ဇာတ်လမ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ခပ်ပါးပါးအသုံးချနိုင်စွမ်းပါ။ ခေတ်ရှေးညိုရဲ့ ကလောင်တခုဖြစ်တဲ့ မေ(ပညာရေး) ရဲ့ စာအုပ်တွေကို ဖတ်ဖူးရင်တော့ ဆရာမရဲ့ Thin Red Line ကို ပိုမိုနားလည်လာပါလိမ့်မယ်။
စကားချပ်
သိုဝှက်ကျီစားအပ်သောရပ်ဝန်း၌ မှာ ကျွန်တော်ကတော့ ဧကရီထက် ရန်ကျော်ကို ပိုပြီးခံစားနားလည်တယ်။ အမျိုးသားစာဖတ်သူဖြစ်လို့ Emotional အရ အမျိုးသားဇာတ်ကောင်ကို ပိုနားလည်တာမျိုး မဟုတ်ပါဘူး။ Dramatic Feeling အရ ရန်ကျော်ကို ပိုနားလည်တာပါ။ စာအုပ်ဖတ်ပြီးတဲ့အခါမှာလည်း စာအုပ်မျက်နှာဖုံးက ပုံကြောင့် အတွေးတွေကို ဆင့်ပွားဖြစ်လာစေပါတယ်။ စာဆိုတာ ဖတ်ပြီး,ပြီးသွားလို့မှ မဖြစ်ဘဲ။
(ကျွန်တော့်ရဲ့ အမြင်သာဖြစ်လို့ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ စာဖတ်ဖြစ်ကြပါစေခင်ဗျ။)
- ဒီဟော်နသံ
---
(Shared By Louis Augustine Page တွင် Book Review အဖြစ် ကျွန်တော်ရေးသားခဲ့သော ယခု ဆောင်းပါးအား Sarphat မှစာဖတ်သူများအတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)
Keep Reading