SarPhat Author
လူ့သဘောသဘာဝအရ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံရာတွင်လည်းကောင်း၊ အလုပ်အကိုင်များတွင် အတူတကွလုပ်ဆောင်ရာတွင်လည်းကောင်း တစ်စုံတစ်ယောက်က မိမိကို နာကျည်းအောင်၊ စိတ်ထိခိုက်အောင်၊ နာကျင်အောင် ဝေဖန်ပုတ်ခတ်ပြောဆိုလာလျှင် စိတ်တိုစိတ်ဆိုးကာ ထိုသူကို ပြန်လည်တုံ့ပြန် ပြောဆို လုပ်ဆောင်တတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ လတ်တလောမတုံ့ပြန်နိုင်လျှင်ပင် အချိန်တစ်ခုကိုစောင့်ဆိုင်း၍ ပြန်လည် တုန့်ပြန်ပြောဆိုလုပ်ဆောင်တတ်ကြသည်။ ထိုသည်ကို ကလဲ့စားချေသည်။ လက်စားချေသည်ဟု ခေါ်ကြသည်။ သို့သော် ထိုသို့ နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း ပြန်လည်တုန့်ပြန်ခြင်းသည် အမုန်းသံသရာရှည်ကြာကာ အနှုတ်သဘောဆောင်တတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ လွဲမှားစွာ လက်စား ချေခြင်း (သို့) လွဲမှားစွာ ကလဲ့စားချေခြင်းဟုလည်း ဆိုနိုင်ပြီး သင့်အား ချောက်ကမ်းပါးအစွန်းဆီသို့ တွန်းပို့ခြင်းသာဖြစ်ပါသည်။
"The best revenge is your massive success" အကောင်းဆုံးလက်စားချေခြင်း တစ်နည်းဆိုရသော် နည်းမှန်လမ်းမှန်လက်စားချေခြင်းသည် ထိုသူကို တုန့်ပြန်ခြင်းမဟုတ်ဘဲ မိမိအတွက်ကြီးမားသောအောင်မြင်မှုတစ်ရပ်ကိုရရှိအောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည်။ ဆရာကြီးမင်းသိင်္ခက “မခံချင်စိတ်ကို အကျအနမွေးမြူကာ အောင်မြင်တိုးတက်ကြီးပွား အောင်လုပ်ပါ””ဟူ၍ ရေးသားခဲ့သည်။ ထိုသည်မှာ မိမိကို နှိမ်ချပြောဆိုဝေဖန်ပုတ်ခတ်ခဲ့သူအား ပြန်လည်ပြောဆိုခြင်း၊ လက်တုန့်ပြန်ခြင်းထက် ထိုသူနှိမ်ချပြောဆိုခဲ့သည့်စကားများကို စိတ်ဝယ်အမြဲမှတ်သားကာ၊ မိမိ၏ မခံချင်စိတ်ကို အကျအနမွေးမြူ၍ ထိုသူထက် အောင်မြင်တိုးတက်ကြီးပွားအောင် လုပ်ဆောင်ပြခြင်းသည်သာ အကောင်းဆုံးသော လက်စားချေခြင်း ဖြစ်ပါသည်။ မိမိ၏ နာကျည်းမှုခံစားချက်များကို မိမိဘဝတက်လမ်းအတွက် ကြိုးစားမှုများအဖြစ် ပြောင်းလဲလုပ်ဆောင်လိုက်ခြင်းသည် မိမိ၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည် စွမ်းဆောင်ရည်ကြီးမားကြောင်း၊ မြင့်မားကြောင်း ပြသလိုက်ခြင်းလည်းဖြစ်ပါသည်။ အနှောက်အယှက်မှန်သမျှသည် မိမိအောင်မြင်မှုအတွက် ဖြတ်သန်းရမည့် အထက်ကိုတက်လှမ်းရမည့်လှေကားထစ်များသာဖြစ်သည်ဟု အကောင်းမြင်စိတ်ဖြင့် တွေးမြင်နိုင်ရမည် ဖြစ်သည်။
ဆွန်ဇု၏ "The Art of War" စာအုပ်ထဲတွင် ““မတိုက်ခိုက်ရဘဲ ရရှိသောအောင်ပွဲသည် အကြီးမားဆုံးအောင်ပွဲ ဖြစ်သည်“ ဆိုသည့်စကားသည် ကျွန်မ အကြိုက်ဆုံးစာသားဖြစ်ပါသည်။ တုန့်ပြန်တိုက်ခိုက်ခြင်း(သို့) တိုက်ပွဲများအစား သံခင်းတမန်ခင်းကဲ့သို့ မိမိ၏လိမ္မာပါးနပ်မှုရှိသော အစီအမံနည်းလမ်းဗျူဟာများဖြင့်သာ မိမိရည်မှန်းသည့်ပန်းတိုင်ကို အရောက်သွားရန် လမ်းညွှန်ထားခြင်းဖြစ်ပါသည်။
မိမိတို့၏အောင်မြင်မှုသည် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများကို လက်တွေ့ပြသခြင်း လည်းဖြစ်သည်။ မိမိတို့၏အရည်အသွေးများအား မှတ်ကျောက်တင်ကြည့်ခြင်းလည်း ဖြစ်ပါသည်။အခြားသူများက အဆိုးမြင်စိတ်များဖြင့် ဝေဖန်ပုတ်ခတ်ပြောဆိုနေမှုများကို မိမိက အချိန်ကုန်ခံ၊ စိတ်ပင်ပန်းခံကာ ထိခိုက်ခံစားမနေဘဲ မိမိ၏ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်မှုကိုလက်တွေ့သက်သေပြလိုက်လျှင် မိမိအားဝေဖန်တိုက်ခိုက်နေသူတို့ အံ့အားသင့်စွာ ဆွံ့အနှုတ်ပိတ်သွားမည်သာဖြစ်ပါသည်။ မည်သူက မည်သို့ပင်ဆိုစေပြောစေကာမှု မိမိပန်းတိုင်ကို လုံးဝမျက်ခြေပြတ်မခံဘဲ တစိုက်မတ်မတ်ကြိုးစားနေရမည်သာ ဖြစ်ပါသည်။
ထို့ကြောင့် ဝေဖန်ပုတ်ခတ်ပြောဆိုမှုများ ကြုံသည့်အခါတိုင်း မိမိတို့၏အောင်မြင်မှုများကိုသာ ထပ်ခါထပ်ခါ ရရှိအောင် ကြိုးစားအားထုတ်နေခြင်းသည်သာ အကောင်းဆုံးသောလက်စားချေခြင်း ဖြစ်ပါတော့သည်။
Keep shining,
Juno
Keep Reading