Author's Profile Photo

Reviews by Benevolent

15/07/2024

ပီကင်း

4 mins read
Book Review
ပီကင်း's photo

စာမျက်နှာ ၉၉၇ နဲ့ ပီကင်း ဝတ္ထုကြီးဆိုတာ ကျွန်တော်တို့နိုင်ငံနှင့် ရေကြောမြေကြောထိဆက်စပ်နေတဲ့ တရုတ်နိုင်ငံအကြောင်းကို အဖြစ်မှန်အချက်အလက်များအခြေခံရေးထားတဲ့ ဝတ္ထုသာဖြစ်တယ်။ဆရာမောင်ထွန်းသူ နှစ်သက်ခဲ့သလို နောက်ဆုံးဘာသာပြန်ပေးခဲ့တဲ့ စာအုပ်၊ မူရင်းစာရေးဆရာ အင်္ဂလိပ်အမျိုးသား စာရေးဆရာ၊ ရိုက်တာ သတင်းဌာန နိုင်ငံခြား သ‌တင်း‌ထောက်အဖြစ်လုပ်ကိုင်ခဲ့တဲ့ အန်သိုနီဂရေး (Anthony Grey)ရဲ့ စာအုပ်ရှစ်အုပ်တွင် ပီကင်း ၊ဆိုင်ဂုံကို အကောင်းဆုံးနှစ်အုပ်အဖြစ် သတ်မှတ်ထားကြတယ်။ ဆိုင်ဂုံက ဇာတ်လမ်းသဘောတရားအရ သာချင်သာလိမ့်မယ်၊ မြန်မာလူမျိုးတွေအတွက်တော့ ပီကင်း အဖြစ်အပျက်များ က မြန်မာလူမျိုးများနှင့်ပိုပြီး ရင်ဘတ်ချင်းနီးတယ်လို့ ထင်တယ်။၀တ္ထုထဲက အချို့နေရာတွေကလွဲလို့ အချက်အလက်တော်တော်များများဟာ တစ်ကယ့်အဖြစ်မှန်တွေပေါ်မှာ အခြေခံပြီးရေးထားတာလို့ သိရတယ်။ကမ္ဘာ့အံ့ဖွယ်တစ်ပါးဖြစ်တဲ့ တရုတ်နိုင်ငံ မဟာတံတိုင်းကြီးကို တောင်စဉ်တောင်တန်းများနဲ့ နောက်ခံပြုထားတဲ့ သဏ္ဍာန် မျိုးပါပဲ။

ဇာတ်လမ်းရသ ထက် သမိုင်းအချက်အလက်များက ပိုများတယ်လို့ မြင်မိတယ်။၁၉၂၀ မှ ၁၉၈၀ ပြည့်နှစ်အထိ ခေတ်သစ်တရုတ် နိုင်ငံအကြောင်းတခမ်းတနားရေးထားတဲ့ ဝတ္ထုကြီးလို့လည်းဆိုနိုင်တယ်။တရုတ်ပြည့်သူတို့၏ နိုင်ငံရေးဘဝ ၊ စီးပွားရေးဘဝ ၊ ဘာသာရေးဘဝ ၊ လူမှုရေးဘဝနှင့် စစ်ရေးဘဝများကို အပီအပြင် မော်ကွန်းတင်ထားတယ်။ကမ္ဘာကျော် တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်ကြီး ဖြစ်တဲ့မော်စီတုန်းနှင့် ရုပ်ရှင်သရုပ်ဆောင်ဟောင်း မော်စီတုန်းဇနီးဖြစ်လာသူ မဒမ်ချန်ချိုင်း တို့ ဖန်တီးခဲ့ကြတဲ့ ဒုက္ခ၊ဆင်းရဲမွဲတေမှုကို ဖြစ်လာစေတဲ့ ယဉ်ကျေးမှု တော်လှန်ရေး(Cultural Revolution)အကြောင်း၊ အမျိုးသားဝါဒ လက်ကိုင်ထားတဲ့ ချန်ကေရှိတ် မော်စီတုန်းကို စစ်ရှုံးပြီး အမေရိကန် ထောက်ခံကူညီမှုယူကာ စစ်သား သန်းဝက်ခန့်ဖြင့် ဖော်မိုဆာ ခေါ် ထိုင်ဝမ်ကျွန်းမှာ အခြေချသွားတဲ့အကြောင်း ၊မော်စီတုန်း အရိုက်အရာကိုဆက်ခံလိုသူ ပါတီ ဒုတိယဉက္ကဌဟွာကိုဖုန်း ၊ ဝန်ကြီးချုပ် ချူအင်လိုင်း မျက်စိကျခဲ့သူ တိန်ရှောင့်ပိန် စတဲ့ ပုဂ္ဂိုလ်များ၏ စိတ်နေစိတ်ဓာတ်၊ အကျင့်စရိုက်များကို အပီအပြင် လေ့လာ သုံးသပ်ခွင့်ရမယ့်စာအုပ်ပါ။တိန်ရှောင့်ပိန် ဟာ ပါတီရဲ့ အမြင့်ဆုံး နေရာမှ နှစ်ကြိမ်တိတိ အထုတ်ပယ်ခံခဲ့ရတယ်၊ ကမ္ဘာ့သမိုင်းတွင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခုဟု အသိအမှတ်ပြုခံခဲ့ရတဲ့ မဟာခရီးရှည်ချီတတ်ပွဲကြီးအပြီး အရပ် ငါးပေ အနည်းငယ်သာ ကျော်တဲ့ ပုကွကွ ဂင်တိုတို တော်ရုံတန်ရုံအရှုံးမပေးလိုစိတ်ရှိတဲ့ တိန်ရှောင့် ပိန်ဟာ လူဦးရေးသန်းကိုးရာရှိတဲ့ တိုင်ပြည်ကို စီမံခန့်ခွဲရမည့် တာဝန် ပေးအပ်ခြင်းခံရတယ်။

ရှန်ကေရှိတ် အာဏာရှင်ကို မောင်းထုတ်ပြီး ယဉ်ကျေးမှုတော်လှန်ရေးဆိုတဲ့ နာမည်လှလှလေးကို အသုံးချပြီး အာဏာတည်မြဲရေးအတွက် မော် နှင့် ဇနီး တို့က တစ်ပါတီအာဏာပြမှုကို စပြီးအသက်သွင်းလာကြတယ်။လွဲမှားတဲ့ဆုံးဖြတ်ချက်တွေရယ် အာဏာတည်မြဲရေးကို ဦးစားပေးတဲ့အနေနဲ့ လုပ်ဆောင်ချက်တွေလုပ်ခဲ့ရာမှာ မြေးက အဖိုးကိုသတ်၊ ဦးလေးကို ဖမ်းပြီး နှိပ်စက်ဖို့တူအရင်းကဦးဆောင်မှုတွေကြား အစားငတ်မွတ်မှုတွေဖြစ်ပေါ်လာခဲ့တယ်။ ယဉ်ကျေးမှုတော်လှန်ရေးက လူအများအတွက် သည်းမခံနိုင်လောက်အောင် ဆိုးဝါးတဲ့ လူတွေမွေးထုတ်ခဲ့တယ်၊ တချို့ လူတွေဟာ အဆိုးဆုံးတွေ ၊ တော်လှန်ရေးသမားအများစုဟာ သူတို့ ကိုယ်ကျိုးတစ်ခုတည်းအပေါ် ရှေးရှုပြီး သစ္စာမဲ့ခဲ့ကြတယ်။
မတရားသဖြင့် နှိပ်စက်ညှဉ်းပမ်းခြင်း ခံရပြီး သေဆုံးသွားခဲ့ရတဲ့ ယဉ်ကျေးမှု တော်လှန်ရေး အဆိုးဝါးဆုံး နှင့်အမှားဆုံး ကျူးလွန်မှု တစ်ခု၊ တရုတ်နိုင်ငံ စည်းလွတ်ဝါးလွတ် ဖြစ်နေတဲ့ အခြေအနေများက ထိန်းသိမ်းပေးခဲ့သူက ချူအင်လိုင် နဲ့ တိန်ရှောင့် ပိန် ပင်ဖြစ်တယ်။ တိန်ရှောင့်-ပိန် ဇာတ်လမ်းက အလွန် ဇာတ်ဆန်တယ်၊ မော် သဘောကျတဲ့ ပထမအဆင့် ကာကွယ်ရေးဝန်ကြီး လင်ပီယာအို ကိုကျော်ပြီး ဖြစ်လာခဲ့တယ်။ ရဲဘော်ဘဝ တိန်ရှောင့်-ပိန်ကို ရာထူးက ဖယ်ရှားပြီး ဖမ်းဆီးဖို့ ကြံစည်းခဲ့ကြတယ်၊ တပ်ထဲက စစ်ခေါင်းဆောင် တချို့က လိုအပ်တဲ့ စစ်ရေး အကူအညီပေးပြီး တောင်ပိုင်းဒေသက နေရာ တစ်နေရာကို ပို့ပြီး ပုန်းနေခိုင်းခဲ့တယ်။

ယဉ်ကျေးမှု တော်လှန်ရေးထဲတွင် အထိအခိုက်မရှိဘဲ လွတ်မြောက်ကာ အသက်ရှင် ကျန်ရစ်ခဲ့သူတစ်ယောက်လည်းဖြစ်တယ်။အလွန်အမင်း ယိုယွင်းပျက်ပြားနေတဲ့ နိုင်ငံတော်အတွက် ခိုင်မာတည်တံ့လာအောင် အခြေအနေအရပ်ရပ်ကို ပြန်လည်ပြုပြင် ကြိုးပမ်းပေးခဲ့သူက လက်တွေ့ဘဝကိုသာ အလေးထားတဲ့ ဝန်ကြီးချုပ် ချူအင်-လိုင်း ပဲဖြစ်တယ်။ ချူအင်-လိုင်း မဇ္စိုမပဋိပဒါ အလယ်အလတ်သမား ခေါင်းဆောင်များတချို့ကို အကာအကွယ် ပေးခဲ့ဖူးတယ်။အထင်ရှားဆုံးက တိန်ရှောင့် -ပိန် (ဒိန်ရှောင့်-ပိန်) ၊ လျူရှောက်-ချီ (သမ္မတ) တို့ပင်ဖြစ်တယ်။ မော် ထုံထိုင်းတဲ့ရောဂါ ( သွက်ချာပါဒရောဂါ) ခံစားနေရချိန်၊ ချူ အုပ်ချုပ်မှုစနစ်သစ်ကြောင့် တရုတ်နိုင်ငံ ကမ္ဘာ့ကုလသမ္မဂ္ဂ အဖွဲ့အတွင်းသို့ ၁၉၇၁ ဆောင်းဦးရာသီတွင် ဝင်ခွင့်ရခဲ့တယ်။ ရန်သူကြီးမှာဖြစ်တဲ့ အမေရိကန်နဲ့လည်းဆက်ဆံရေးပြေလည်ခဲ့တယ်။ချူအင်-လိုင်းက မော်စီတုန်းအိပ်ယာထဲ နေမကောင်းနေချိန် ကွယ်လွန်သွားတယ်။မော်ရဲ့ဇနီး သူ့နောက်လိုက်တွေက ခေါင်းဆောင်နေရာကို သိမ်းပိုက်ဖို့ ကြိုးစားလာချိန် ၊တစ်ဖက်က အာဏာပြန်သိမ်းလိုက်ရင် ပြည်တွင်းစစ်ပြန်ဖြစ်လာနိုင်မှာကို စိုးရိမ်မှုတွေရှိခဲ့တယ်။

တရုတ်နိုင်ငံ ထူးခြားချက်က လူဦးရေအဆမတန်များပြားတာပါ၊ သူစိမ်းတွေက လူသားသမုဒ္ဒရာကြီးထဲ နစ်သွားသလို အသားကျ သွားလာနေထိုင်တတ်ဖို့ ဂျေကော့ ကြိုးစားပုံတွေကို မြင်ရမယ်။အဲ့ကာလတစ်ခုမှာ တရုတ်တွေက ဇဲနိုးဖိုးဘီယား ဟု ခေါ်တဲ့ ရောဂါတစ်ခုတရုတ်တို့ စွဲကပ်နေကြတယ် ၊ အဓိပ္ပါယ်က နိုင်ငံခြားသားများအား မနှစ်သက်တဲ့ ရောဂါ ။ နိုင်ငံခြားသံရုံးတွေကို မီးရှို့ ဖျက်ဆီးကြတဲ့ အဆင့်ထိ ရောက်ခဲ့တယ်၊ တရုတ်နိုင်ငံ အတွင်းဖြစ်ပျက်မှုတွေက နိုင်ငံတကာ အလယ်တွင် မျက်နှာပျက်ရ ၊ နိမ့်ကျတဲ့ နိုင်ငံအဖြစ်သို့ အသွင်ပြောင်းသွားခဲ့တယ်။အင်္ဂလိပ်-တရုတ် သာသနာပြု နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့ အသက်နှစ်ဆယ်အရွယ်‌တည်းက ဂျေ‌ကော့က ရှန်ဟိုင်းမြို့မှ ပီကင်းသို့ သာသနာပြုရန်ရောက်လာခဲ့တယ်။ သာသနာပြုလုပ်ငန်းများလုပ်ဆောင်ရင်း ၁၉၃၀ ပြည့်နှစ်ကပေါ်ပေါက်ခဲ့တဲ့ ခရီးရှည်ချီတက်ပွဲကြီးမှာ သုံ့ပန်းအဖြစ်ပါဝင်ခဲ့ရပါတယ်။ဂျေကော့အမျိုးသမီးကလည်း တပ်နီတွေ ခေါင်းဖြတ် သ-တ်ခြင်းခဲ့လိမ်ရတယ်၊ သမီးလေးကို လုံခြုံတဲ့နေရာအပ်နှံ့ပြီး ဂျေကော့လည်း အသက်ခံရလုဆဲဆဲ အုံ့ကြွမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ် ဒါပေမယ့် ခရီးရှည်ချီတက်ပွဲကြီးကို သုံ့ပန်းအဖြစ် အဆုံးထိ လိုက်ပါသွားခဲ့ရတယ်။ဒီစာအုပ်ဟာ ခရီးရှည်ချီတက်ပွဲကြီးမှာ သုံ့ပန်းအဖြစ် အမှန်တကယ်ပါဝင်ခဲ့တဲ့ အဲလ်ဖရက် ဘော့စ်ဟာဒ် (Alfred Bosshardt) ကို ဂုဏ်ပြုပြီးရေးထားခဲ့တာလို့ လေ့လာမိသလောက် သိရပါတယ်။

ဂျေကော့ သမီး အေဘီဂေးလ် ၊ ဖခင်က ဒုတိယကမ္ဘာစစ်ကြီးတွင် အမှုထမ်းခဲ့ရပြီး တရုတ်ပြည်တွင်းစစ် ခရီးရှည်ကြီးကြား ရောက်သွားကာ ကွန်မြူနစ်တို့ ဖမ်းဆီးခြင်းခံခဲ့ရတယ်။ဧကရာဇ် ဘုရင်ဆီမှာ နှစ်ပေါင်းများစွာ အိမ်စေ ၊ အမှုထမ်း အဖြစ်ခဲ့တဲ့ အဘိုးကြီးဝမ်တွင် တော်လှန်ရေးကို ပြင်းပြ ဆန္ဒရှိတဲ့ သားချီယာအို နဲ့ သမီး မေ-လင်း ။
မေလင်း ရဲ့နောက်ဆုံးနေ့ရက်တွေ စိတ္တဇဆေးရုံးက အခန်းအတွင်းသာ အချိန်ဖြုန်းနေခဲ့ရတယ်။နာကျဉ်း မှုတွေပြည့်နေတဲ့ မေ-လင်းရဲ့သားဖြစ်သူ ကာအို။နိုင်ငံရေးအရှုပ်တော်ပုံတွေကြားမှာ ဂျေကော့တို့မိသားစု
ပြန်လည်ဆုံစည်းနိုင်မလား...

စစ်ပွဲတွေကြောင့် ဖြစ်ခဲ့တဲ့ သောကများ၊ ကြောက်မက်ဖွယ် ကောင်းတဲ့ ဆင်းရဲမွဲတေမှုများ ၊ ထိတ်လန့် အံ့ဩစရာအဖြစ်အပျက်များ ဝေးရာက လွင့်စဉ်လာသည့်သဖွယ် မြင်ရမယ်။မြန်မာပြည်က သာယာဝတီ ဆရာစံ ဂဠုန်အဖွဲ့ ပြုကျင့်ခဲ့သလို တုတ်ပြီး ဓားပြီး ဆေးမင်ကြောင်ထိုးတဲ့ အရာတွေလည်း တရုတ်ပြည်တွင်းစစ်အတွင်း ဝိညာဉ်စစ်သားအဖွဲ့စည်းတချို့ရှိ‌ ကြောင်းကြားတွေ့ရတယ်။ ဧကရာဇ် ကျဆုံးပြီးနောက် သူ့နောက်‌လိုက်မှာက စစ်လက်နက်တချို့နဲ့ စစ်ဘုရင် အမည်ခံကာ နယ်မြေထိန်းချုပ်မှုတွေနှင့် ပြန်ပေးဆွဲမှုတွေက ပြည်တွင်းစစ်ကို ပိုကြာစေခဲ့တယ်။

၁၉၃၀ ဝန်းကျင် ကွန်မြူနစ်တပ်အများစုမှာ ကူမင်တန်တို့ လက်ချက်ဖြင့် ကုန်လုနီးပါးဖြစ်ခဲ့ရတယ်။တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွန်မြူနစ်များကို အောင်နိုင်လုဆဲဆဲမှာ ပင် ရှန်ကေရှိတ် ထိုးစစ်ကို ခေတ္တခဏမျှ ရပ်ဆိုင်းခဲ့တယ်။၁၉၃၃ ခုနှစ်အရောက်မှာတော့ တရုတ် ကွန်မြူနစ်တို့ တပ်နီတော်က အင်အားတစ်သန်း ကျော် တိုးချဲ့ခဲ့နိုင်ကြတယ်။နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်အထိ ပျောက်ကျားစနစ်ကို မော်၏ တပ်နီစစ်တပ်က ကျင့်သုံးခဲ့တယ်။ ၁၉၄၉ ခုနှစ် အစောပိုင်းကာလတွင် ပီကင်း ကို တပ်နီတို့ အောင်နိုင်ခဲ့ပြီးနောက် တောင်ဘက်သို့ ဆက်လက်ချီတတ်ကာ ယန်ဇီမြစ်အား ဖြတ်ကူးပြီး တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ခဲ့တယ်။ပီကင်း ငြိမ်းချမ်းရေး သုဂတိဘုံ တံခါးမှ နေပြီး မော်စီတုန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကမ္ဘာသိအောင် ကြေညာခဲ့တယ်။

လူ့သဘောသဘာဝအရ ဖြစ်ပေါ်လာတတ်ကြတဲ့ ပဋိပက္ခများနှင့် တိုက်ပွဲများ ၊ ခေါင်းဆောင်များ အတ္တကြီးမှုတွေ၊ အာဏာမက်မောမှု ပြီး တလွဲအပြုအမှုများ ၊ အာဏာမက်မှုနောက်မှာ သဘောထားသေးသိမ်လာကြကာ ကိုယ်ချင်းစာတရားနည်းပါးပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများကို ဒီစာအုပ်တွင် အသေးစိတ်နီးပါး သိရနိုင်တယ်။ဆရာမောင်ထွန်းသူက ဒီစာအုပ်ကို ဘာသာအရမ်းပြန်‌ ပေးချင်ခဲ့တဲ့ အကြောင်းရင်းကို စာအုပ်ဖတ်လို့ပြီးခါနီးလေ ပိုနားလည်လာလိမ့်မယ်။


Please Telegram ?
https://t.me/reviewsbybenevolent

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi


စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ကြပါစေ။

Benevolent Guy

July-24

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ