မြ (စံကားဝါမြေ)
ဒီနေ့မှာတော့ မြက မြရဲ့စာဖတ်သူလေးတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီးတော့ ကျန်းမာရေးဆောင်းပါးလေး ရေးသားသွားမှာပါရှင်။
မြတို့ မြန်မာနိုင်ငံမှာ ရာသီဥတုကြီး (၃)ပါးရှိတာကတော့ ကလေးတွေကအစ လူတိုင်း သိကြပါတယ်။ အခု မြပြောချင်တာက June, July (ဝါဆို၊ ဝါခေါင်)လထဲ ရောက်လာတဲ့အခါ မြတို့အညာဒေသမှာဆိုရင် သရက်သီးမှည့်တွေ ပေါများတဲ့အချိန်ပေါ့။
အဲ့လိုသရက်သီးမှည့်ပေါ်ချိန်ဆိုရင် သရက်သီးတွေပေါ်မှာ လာနားတတ်တဲ့ ဖြုတ်ကောင်လေးတွေအပါအဝင် မိုးတွင်းဝင်ခါစဆိုတော့ ရေကန်တွေထဲမှာ ခြင်ပေါက်ကလေးတွေ ပေါက်ဖွားလာကြပါတယ်။ အခုအချိန် ပေါက်တဲ့ ခြင်ပေါက်လေးတွေက ကြီးလာရင် ခြင်ကျားကြီးတွေ ဖြစ်လာမှာပါရှင်။
အဲ့တော့ ခြင်ကျားတွေ ပေါက်ဖွားတော့ ခြင်ကိုက်ခံရပြီး သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ရလေအောင် မြရဲ့ ဆောင်းပါးလေးကို ဖတ်ပြီး မိမိမိသားစုရဲ့ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်လိုက်ကြရအောင်နော်....။
ဟိုးအရင်တစ်ချိန် မြ ကျောင်းကြီးတက်ခဲ့တုန်းကဆိုရင် ယခု(July)လ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်းမှာ ကျောင်းကျန်းမာရေးပြခန်းတွေ၊ ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ ကျောင်းသား/သူများအား ကျန်းမားရေး စစ်ဆေးပေးခြင်း အစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလေ့ရှိပါတယ်ရှင်။
အရင်တုန်းက နားထောင်ခဲ့ဖူးတာလေးတွေကို သတိရသလောက် ပြန်လည်ရေးသားသွားပါမယ်ရှင်။
ပထမဦးဆုံး ခြင်အန္တရာယ် ကာကွယ်ဖို့ဆိုရင် ဒီအချက်(၁၁)ကို လိုက်နာကြရပါမယ်ရှင်။
အဲ့တာတွေကတော့
(၁) ဖုံး၊
(၂) သွန်၊
(၃) လဲ၊
(၄) စစ်၊
(၅) ခတ်၊
(၆) ထောင်၊
(၇) လောင်း၊
(၈) ဖွင့်၊
(၉) မြှုပ်၊
(၁၀) ရှင်း၊
(၁၁) ထည့်
➥ "ဖုံး" ဆိုတာကတော့ ရေစည်၊ ရေအိုးတွေကို ခြင် မဝင်နိုင်အောင် ဖုံးအုပ်ထားရပါမယ်။
➥ "သွန်" ဆိုတာကတော့ ရေစည်၊ ရေအိုးတွေရဲ့အတွင်းပိုင်းကို တစ်ပတ်ကိုတစ်ကြိမ် ဆေးကြောပြီး အထဲမှာရှိတဲ့ ရေတွေကို သွန်ပစ်ရပါမယ်။
➥ "လဲ" ဆိုတာကတော့ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ်ဆေးကြောပြီး ရေလဲပေးရပါမယ်။
➥ "စစ်" ဆိုတာကတော့ အခုအချိန် ရေသန့်ကားနဲ့ မဟုတ်သေးဘဲ ရိုးရိုးရေကိုပဲ အိုးထဲထည့်ပြီး သောက်သုံးသူများက ရေအိုးထဲကို ရေထည့်တဲ့အခါမှာ ပိုးလောက်လန်းများ မပါနိုင်အောင် ရေစစ်နဲ့ စစ်ထုတ်ပေးရပါမယ်။
➥ "ခတ်" ဆိုတာကတော့ အုတ်ကန်ကြီးတွေ၊ ရေလှောင်ကန်ကြီးတွေထဲကို ပိုးလောက်လန်းသေဆေး (Abate) ခတ်ပေးရပါမယ်။
➥ "ထောင်" ဆိုတာကတော့ ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာအိပ်အိပ် ခြင်ထောင်ထောင်အိပ်ရပါမယ်။
➥ "လောင်း" ဆိုတာကတော့ ကြောင်အိမ်၊ ဗီရိုအောက်ခြေထောက်များတွင် ရေခွက်ထဲမှာ ဆားထည့်ပြီး ခြေထောက်အောက်ခြေတွင် ခံထားရပါမယ်။ အင်ဂျင်ဝိုင် လောင်းထည့်ပေးထားလို့လည်း ရပါတယ်။
➥ "ဖွင့်" ဆိုတာကတော့ အလင်းရောင်ရအောင် နေ့ပိုင်းမှာ တံခါးပေါက်၊ ပြတင်းပေါက်တွေ ဖွင့်ထားရပါမယ်။
➥ "မြှုပ်" ဆိုတာကတော့ ရေတင်ကျန်နိုင်တဲ့ ဘူး၊ ခွက်၊ တာယာအဟောင်းတွေကို မြေကြီးမှာ ကျင်းတူးပြီး မြှုပ်ပေးရပါမယ်။
➥ "ရှင်း" ဆိုတာကတော့ ခြင်တွေ မခိုအောင်းနိုင်ဖို့ အိမ်တွင်း၊ အိမ်ပြင် နေ့စဉ် သန့်ရှင်းရေး လုပ်ပေးရပါမယ်။
➥ "ထည့်" ဆိုတာကတော့ ရေလှောင်ကန်တွေမှာ ခြင်ပေါက်လေးတွေမပေါက်နိုင်အောင် ငါးကလေးတွေကို ထည့်မွေးကြရပါမယ်။
ဘဝနေထိုင်မှု ပုံစံလေးကတော့ လွတ်လွတ်လပ်လပ်နဲ့ လေကောင်းလေသန့်ရတဲ့နေရာမှာ နေပါ။ အိမ်ခန်းထဲမှာပဲ မနေပါနဲ့။ တစ်နေ့ကို (၁၀)မိနစ်လောက် တရားထိုင်ပါ။ ခြင်ဆေးခွေ သိပ်မသုံးကြပါနဲ့နော်။ ခြင်ဆေးခွေရဲ့ အငွေ့ကို မြတို့က ရှုရှိုက်မိရင် မြတို့ရဲ့ အဆုပ်မှာ အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်ရှင်။
အဲ့တာဆိုရင် မိမိအိမ်မှာ ဒီအချက်(၁၁)လေးကို ဒီနေ့ကစပြီး တစ်ချက်ချင်း လုပ်ဆောင်ရင်းနဲ့ ခြင်အန္တရာယ်မှ တားဆီးကာကွယ်ပြီး ကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံလေးနဲ့ နေထိုင်ကြရအောင်နော်။
မြ ယခု ဆောင်းပါးရေးနေစဉ် ညနေခင်းမှာလည်း မြဘေးမှာ မြသူငယ်ချင်း "ခြင်"လေးတွေနဲ့ စကားပြောရင်း ရေးနေတာပေါ့ရှင်။
မှတ်ချက် ။ ။ ယခုလို ညနေခင်းမှာ ကိုက်သောခြင်များသည် "ခြင်အမ" များ ဖြစ်ကြပါတယ်လို့ ဗဟုသုတလေး ထည့်ပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
6.7.2024(Saturday)
Keep Reading