SarPhat Author

ယနေ့လို လျှင်မြန်စွာ ဖွံဖြိုးတိုးတက်လာတဲ့ခေတ်ကြီးမှာ အချိန်စီမံခန့်ခွဲခြင်းအနုပညာက အောင်မြင်မှုပန်းတိုင်ကို ရရှိစေဖို့အတွက် အခန်းကဏ္ဍတစ်ခုကနေ ထောက်ပံပေးပါတယ်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ အလေအလွင့်မရှိတဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက်တွေးတာချင်းမတူညီကြသလို အကြိုက်ချင်းလည်း မတူညီကြပါဘူး။ တချို့က တစ်နေ့တာမှာ ကိုယ်ဘာလုပ်မလဲဆိုတာကို စနစ်တကျကြိုတင်ရေးဆွဲပြီး သူ့အချိန်တိုင်းသူ တသမတ်တည်း သွားရတာကြိုက်တယ်။ တချို့ကကျ ကိုယ်စိတ်ခံစားချက်ပေါ်မူတည်ပြီး ဒီနေ့ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ၊ ဘာလုပ်စရာရှိလဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် ဒုတိယလူမျိုးတွေမှာ နောက်နေ့မှ လုပ်လည်းရပါတယ်ဆိုပြီး အချိန်ဆွဲတာတွေ၊ လုပ်စရာတွေများလို့ အဓိကလုပ်ရမယ့်အလုပ်တွေ
မေ့သွားတတ်တာတွေကို တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီနေ့မှာ ကိုယ်လုပ်ရမယ့် အလုပ်တွေကို အချိန်မီ ပြီးစေဖို့၊ ကိုယ်ရဲ့ တစ်နေ့တာကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ The 3-2-1 Productivity Ruleလေးအကြောင်းကို မျှဝေပေးပါမယ်။
3-2-1 Productivity Ruleက ကျွန်တော်တို့ရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်မှာ အရေးကြီးဆုံးအလုပ်တွေကို ဖော်ထုတ်ပြီး အာရုံစိုက်စေဖို့ ကူညီထောက်ပံ့ပေးပါတယ်။ အဓိက ဦးစားပေးရမယ့် အလုပ်တွေကို သတ်မှတ်ပြီး အခြားမလိုအပ်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားပေးတာကြောင့် ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို အလေအလွင့်ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာကို 3-2-1 ဆိုပြီးအပိုင်း3ပိုင်းခွဲပြီး လုပ်ဆောင်ပါမယ်။
ပထမဦးဆုံးအနေနဲ့ ဒီနေ့အတွင်း အပြီးလုပ်ရမယ့်အလုပ် (သို့) အဓိကအရေးအကြီးဆုံး အလုပ်သုံးခုကို သတ်မှတ်ပါ။ ဒီအလုပ်သုံးခုက ကျွန်တော်တို့ရဲ့ ကာလရှည်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့အလုပ်တွေဖြစ်ပြီး ရှေ့ကိုဆက်ပြီးလျှောက်လမ်းဖို့အတွက် တွန်းအားပေးတဲ့ စွမ်းအင်တွေဖြစ်ပါတယ်။ မနက်ခင်း အိပ်ရာထ၊ သွားတိုက်၊ မျက်နှာသစ်ပြီးတာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကို သတ်မှတ်ပြီး တက်တက်ကြွကြွ စတင်လုပ်ဆောင်ပါ။
အဓိကဦးစားပေးလုပ်ငန်းတွေ ပြီးသွားတဲ့အခါ ကျွန်တော်တို့ ဘဝကို တိုးတက်စေဖို့ အထောက်အကူပြုတဲ့ လုပ်ဆောင်ချက် နှစ်ခုသတ်မှတ်ပါ။ ဒီလုပ်ဆောင်ချက်နှစ်ခုပြုလုပ်ရခြင်းက ကျွန်တော်တို့ရဲ့ ပိုနေတဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချဖို့ရည်ရွယ်တာကြောင့် အကယ်၍ အဓိကဦးစားပေးလုပ်ငန်းစဉ်တွေလုပ်ပြီး အချိန်မရှိတော့တဲ့အခါ မလုပ်လည်း အဆင်ပြေပါတယ်။ ဒီတာဝန်လေးက အရေးပါမှုလျော့နည်းပေမယ့် သေချာအာရုံစိုက်လုပ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အကျိုးထူးစေမှာပါ။
1 thing I will do to unwind at the end of the day
နောက်ဆုံး လုပ်ငန်းစဉ်လေးဟာဆိုရင် ကျွန်တော်တို့ တစ်နေ့တာကြိုးစားခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ခြင်းဖြစ်ပါတယ်။ ကျန်းမာပြီးဟန်ချက်ညီတဲ့ အလုပ်နဲ့ဘဝကို ထိန်းသိမ်းဖို့အတွက်၊ စိတ်ချမ်းသာကိုယ်ကျန်းမာဖို့အတွက် ပျော်ရွှင်မှုပေးနိုင်တဲ့ ဒီလုပ်ဆောင်ချက်လေးကို လုပ်ဆောင်ပါ။ကိုယ်ချစ်ရတဲ့သူတွေ (မိသားစု၊သူငယ်ချင်း၊ချစ်သူ)နဲ့ အချိန်ဖြုန်းတာပဲဖြစ်ဖြစ်၊ ဝါသနာပါရာကို လိုက်စားတာပဲဖြစ်ဖြစ်၊ မိမိကြိုက်နှစ်သက်ရာကို လုပ်ဆောင်နိုင်ပါတယ်။
အချိန်ဟာ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး အချိန်ကိုစီမံခြင်းပုံစံက ကျွန်တော်တို့ရဲ့အောင်မြင်မှုအဆင့်နဲ့ စိတ်ကျေနပ်မှုအဆင့်ကိုသတ်မှတ်ပေးပါတယ်။ 3-2-1 Productivity Ruleလေးကို နေ့စဉ်လက်တွေ့ဘဝမှာ အသုံးချကြည့်မယ်ဆိုရင် အလုပ်လုပ်နိုင်စွမ်း၊ ထိရောက်နိုင်စွမ်း တိုးတက်ပြောင်းလဲတာကို မြင်တွေ့နိုင်မှာပါ။ စာဖတ်သူလေးတွေရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး လွယ်ကူရိုးရှင်းတဲ့ 3-2-1 Productivity Ruleလေးကို အသုံးပြုကြည့်ကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ အခက်အခဲတွေကြားကနေ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။
✍️ စက္ကန့်ပိုင်း
June 22nd, 2024 (Saturday)
Keep Reading