မြသွန်း(တောင်ဒဂုံ)

? Netflix မှာပထမဦးဆုံးပြသခွင့်ရရှိခဲ့တဲ့ လိပ်ပြာစံအိမ်မြန်မာဇာတ်ကားထဲက ကလေးသရုပ်ဆောင်ပြည့်ပြည့်ကို အားလုံးမှတ်မိနေကြဦးမယ်ထင်ပါတယ်။ ပြည့်ပြည့်ဟာ ၂၀၁၉ခုနှစ်တုန်းကကျင်းပခဲ့တဲ့ Asian Academy Creative Awards ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
? အဲ့ဒီအချိန်တုန်းကတော့ သူမရဲ့မိသားစုကရော၊ ပရိတ်သတ်တွေကရော၊ သူမကိုယ်တိုင်ကပါ အနာဂတ်မှာ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်လာနိုင်ဖို့အတွက် မျှော်မှန်းထားခဲ့ကြပါတယ်။ ဒါဟာ ပြည့်ပြည့်ရဲ့ဘဝရည်မှန်းချက်တစ်ခုဆိုရင်လည်းမမှားပါဘူး။
? ဒါမယ့်အခုတော့ အဲ့ဒီရည်မှန်းချက်တွေအားလုံးက စုတ်ပြတ်သတ်သွားအောင် အဖျက်စီးခံလိုက်ရပါတယ်။ ရည်မှန်းချက်တွေတင်မဟုတ်သေးပါဘူး။ အခုလက်ရှိပညာသင်ယူရမယ့် ကလေးဘဝအရွယ်မှာလည်း ပညာမသင်ကြားနိုင်တဲ့အပြင် ထွက်ပြေးနေရပြီး ဒုက္ခရောက်နေပါတယ်။
?ဟုတ်ပါတယ်..အခုတော့ ပြည့်ပြည့်ဟာ တိုင်းတစ်ပါးကို အမေဖြစ်သူနဲ့အတူထွက်ပြေးနေရတာ (၃)နှစ်တောင်ရှိသွားခဲ့ပါပြီ။ ဒါကြောင့် မြန်မာပြည်မှာကျန်ရှိနေတဲ့ သူမရဲ့မိသားစုကိုလည်း အရမ်းလွမ်းနေရသလို ကျောင်းတက်တုန်းကအချိန်တွေ၊ သူငယ်ချင်းတွေကိုလည်း သတိရနေရတယ်လို့ဆိုပါတယ်။
?ပုံမှန်အတိုင်းကျောင်းတက်မယ်ဆိုရင် (၉)တန်းလောက်ရောက်နေရမယ့်အရွယ်မှာ (၄)တန်းပညာရေးအဆင့်နဲ့ပဲရပ်တန့်နေရတာကြောင့် အခုချိန်မှာပြည့်ပြည့်က ပညာရေးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အခုလိုကျောင်းတက်ခွင့်မရဘဲ အသက်သာတဖြည်းဖြည်းကြီးလာတဲ့ ပြည့်ပြည့်ရဲ့ပညာရေးအတွက် အမေဖြစ်သူကလည်းစိုးရိမ်နေပြီး ဒါက ဘယ်အချိန်အထိဖြစ်နေဦးမှာလဲဆိုတဲ့ မေးခွန်းထုတ်လာခဲ့ပါတယ်။
? ဒါကြောင့်လည်း သမီးဖြစ်သူကိုခေါ်ပြီး တိုင်းတစ်ပါးမှာပညာသင်ယူခွင့်ရအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပြည့်ပြည့်ဟာ မဲဆောက်ကရွှေ့ပြောင်းမြန်မာကျောင်းတစ်ခုမှာ ကျောင်းတက်နေခဲ့ပါတယ်။ ဒါမယ့်မဲဆောက်မှာ အမေဖြစ်သူက အဖမ်းခံလိုက်ရတာကြောင့် တစ်ခါထပ်ပြီးဘန်ကောက်ကိုပြောင်းရွှေ့ခဲ့ရပြန်ပါတယ်။
?အဲ့ဒီမှာပဲ သူမရဲ့ပညာရေးခရီးလည်း ဆူခင်းလမ်းတွေနဲ့ ပြည့်နှက်သွားပါတော့တယ်။ အမေဖြစ်သူကလည်း တစ်ခါအဖမ်းခံထားရတာကြောင့် ထိန့်လန့်သွားပြီးတော့ ပြည့်ပြည့်ကိုကျောင်းခဏနားလိုက်ဖို့ပြောခဲ့ပါတယ်။ ဒီလိုကြားလိုက်ရတာကြောင့် ပညာအရမ်းလိုချင်တဲ့ပြည့်ပြည့်က မစားမသောက်နိုင်ဘဲ တစ်နေကုန်ငိုခဲ့ရတယ်လို့ဆိုပါတယ်။
?တကယ်တော့အခုချိန်မှာ ပြည့်ပြည့်ဖြစ်ချင်တဲ့တစ်ခုတည်းသောဆန္ဒက ပုံမှန်အတိုင်းကျောင်းပြန်တက်ချင်တာပါပဲ။ ဒါမယ့်အခြေနေမပေးတာကြောင့် အခုတော့onlineပညာဒါနတစ်ခုကနေ GEDတက်နေတယ်လို့သိရပါတယ်။
?အောင်မြင်တဲ့ကလေးသရုပ်ဆောင်ဘဝတုန်းကတော့ မင်းသမီးတစ်ဦးဖြစ်ဖို့အထိရည်မှန်းထားပေမယ့် အခုတော့ရည်မှန်းချက်တွေကိုလည်း ပြောင်းလိုက်ရပါတယ်။ အသက်မွေးဝမ်းကျောင်းဘက်ကိုပဲ အာရုံစိုက်တော့မယ်ဆိုပြီး သူမဝါသနာပါတဲ့ architect တစ်ယောက်ဖြစ်ဖို့ပဲ ကြိုးစားလျှောက်လှမ်းတော့မယ်လို့ ပြည့်ပြည့်ကဆိုပါတယ်။
?နောက်ပြီးသူမလို ပညာရေးအခက်ခဲရောက်နေတဲ့ကလေးတွေ၊ သူ့ထက်ပိုပြီးဒုက္ခရောက်နေတဲ့ မြန်မာပြည်ကကလေးငယ်တွေကိုလည်း ကြိုးစားရှင်သန်ရပ်တည်ဖို့ အားပေးစကားပြောခဲ့ပါတယ်။ မိတ်ဆွေတို့ရေ တစ်ချို့ကလေးတွေကတော့ ပျော်ပျော်ပါးပါးနဲ့ ကလေးတစ်ယောက်ရပိုင်တဲ့အခွင့်ရေးတွေကို ရရှိနေနိုင်တဲ့အချိန်မှာ ပြည့်ပြည့်လိုထူးချွန်တဲ့ကလေးတစ်ချို့ကတော့ ပန်းတိုင်လမ်းပျောက်ဆုံးနေကြရပါတယ်။
?သူတို့လေးတွေအတွက် အောင်မြင်မှုပန်းတိုင်လမ်းကို အမြန်ဆုံးရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Keep Reading