Author's Profile Photo

ရွှေငါး

10/06/2024

သားထွေး အင်းလေးမှာ ပျော်ရဲ့လား

3 mins read
Education
Culture
18 Again
သားထွေး အင်းလေးမှာ ပျော်ရဲ့လား's photo

နွေရာသီကျောင်းပိတ်ရက် ရောက်ပြီ။ သားထွေး ကျောင်းမပိတ်ခင်က စိတ်ကူးယဥ်ထားတဲ့အတိုင်း ဂိမ်းအဝဆော့တော့မယ်။ သူငယ်ချင်းတွေနဲ့ ကစားမယ်။ မေမေနဲ့ ဖေဖေ့ကို ဟော့ပေါ့ဝယ်ကျွေးခိုင်းမယ်။ စကိတ်စီးမယ်။
“သား ဒီနှစ် အင်းလေးက ဖိုးဖိုးဖွားဖွားတို့အိမ်မှာ သွားနေရမယ်” လို့ မထင်မှတ်ဘဲ မေမေက ပြောလာတယ်။
“သား မသွားချင်ပါဘူး။ သားမှာ လုပ်စရာတွေ အများကြီးပဲ”
“သားသွားလိုက်ရင် ပျော်သွားမှာပါ။”
“ဟင့်အင်း သားမသွားချင်ဘူး။ ဒီမှာပဲ ဂိမ်းကစားမှာ။ မသွားဘူး။ မသွားဘူး”

သားထွေးရဲ့ဆန္ဒတွေ ပြည့်မလာခဲ့ပါဘူး။ ဖေဖေနဲ့ မေမေက အင်းလေးကို ခေါ်သွားတယ်။ အင်းလေးဆိုတာကြီးကလည်း ကားတွေ လှေတွေအကြာကြီးစီးမှ ရောက်တယ်။ လှေစီးရတာ သားထွေးကြောက်လိုက်တာ။ ဖိုးဖိုးဖွားဖွားတို့အိမ်ရောက်တော့လည်း အိမ်တွေက ရေပေါ်မှာ။ တိုက်အိမ်တွေလည်း မဟုတ်ဘူး။ ကြမ်းကလည်း ခုန်ဆော့လိုက်ရင် ကျိုးသွားမလားမသိဘူး။ အိမ်သာက ဘိုထိုင်အိမ်သာလည်း မဟုတ်ဘူး။ သားထွေး စိတ်ညစ်တယ်။ ဒါပေမယ့် ဖေဖေနဲ့ မေမေက သားထွေးကို ထားခဲ့ပြီး ရန်ကုန်ပြန်သွားကြပြီလေ။ ငိုပြီး လိုက်မယ်ပြောလည်း ခေါ်မသွားကြဘူး။ သားထွေး အဲ့တစ်နေ့လုံး ထမင်းမစားဘဲ စိတ်ကောက်ပြီး အိပ်ပစ်လိုက်တယ်။

အိပ်ရာနိုးလာတော့ ဖွားဖွားက ထမင်းပြင်ကျွေးတယ်။ သားထွေးက မုန့်ဟင်းခါးစားချင်တာ။
ထမင်းကလည်း အိမ်မှာလို ဟင်းမကောင်းဘူး။ ပါလာတဲ့ဖုန်းနဲ့ပဲ တနေကုန် ဂိမ်းဆော့ပစ်လိုက်တယ်။
“မြေးလေး ဗိုက်ဆာနေမှာပေါ့ လာ ထမင်းစားလေ။” လို့ ဖွားဖွားက ချော့ခေါ်တယ်။
“ဒါလေးက မြေးဖို့ ငါးကြော်၊ ဒါလေးက မုန်ညင်း‌ကြော်။ ဒါလေးက မြေးလေးစားဖို့ ဟိုဘက်အိမ်ကလာပို့ထားတဲ့ ခေါပုတ်နဲ့ ဟင်းထုတ်”
“ဟော့ပေါ့ပဲ စားချင်တာ”
“ဟင် ဟော့ပေါ့ဆိုတာ ဘာလဲ”
“ဖွားကလည်း ဟော့ပေါ့တောင် မသိဘူးလား။ ရော့ ဒါဆို သားကို ဂိမ်းဆော့ဖို့ ဖုန်းအားသွင်းပေး”
“ဟင် ဘာနဲ့သွင်းရမှာလဲ။”
“အားသွင်းကြိုးနဲ့ပေါ့။ ဒီအပေါက်မှာထိုးရမှာ”
“ဖွားတို့ဆီမှာ ဒီကြိုးမျိုးမရှိဘူး မြေးရဲ့”
“ဟာ သွားပါပြီ မေမေတို့ကလည်း ဖုန်းအားသွင်းကြိုးမပေးခဲ့ဘူးလား။ စိတ်ညစ်တယ် စိတ်ညစ်တယ်။ စကိတ်စီးလို့လည်းမရဘူး။ အကုန်ရေတွေချည်းပဲ။ ဂိမ်းလည်း မဆော့ရဘူး။ သူငယ်ချင်းတွေလည်း သတိရတယ်။ တော်ပြီ ရန်ကုန်ပြန်ပို့ပေး… ပို့ပေးလို့” တနေ့လုံး သားထွေးစိတ်ကောက်ပြန်ပါတယ်။ ဒါပေမယ့် သားထွေးရဲ့ ဖိုးဖိုးနဲ့ ဖွားဖွားက ဘာမှမတတ်နိုင်ပါ။

ဒီနေ့ ဖုန်းက ဂိမ်းဆော့လို့လည်းမရတော့ သားထွေး ပတ်ဝန်းကျင်ကို လေ့လာမိတယ်။ အိမ်ရှေ့ကဖြတ်သွားတဲ့ လှေတွေပေါ့။ လှေလှော်တဲ့ ယောက်ျား မိန်းမ ကလေး အားလုံးက ခြေထောက်နဲ့ ကျွမ်းကျွမ်းကျင်ကျင် လှော်နေကြတာ။ သူတို့ ဘယ်သွားပြီး ဘာလုပ်လဲမသိဘူး။ ခဏနေတော့ ဖိုးဖိုးခေါ်လို့ လှေတစ်စီးနဲ့ လိုက်သွားရတယ်။ တစ်နေရာရောက်တော့ လှေတွေအများကြီး စုဝေးနေကြတယ်။
“ဒါ ရေပေါ်စျေးလို့ခေါ်တယ် မြေးရဲ့။ ၅ရက် တစ်ကြိမ်ရှိတယ်လေ”
ဒီလိုကျတော့လည်း လှလိုက်တာ။ စျေးသည်တွေက ရန်ကုန်နဲ့မတူဘဲ တိုင်းရင်းသားဝတ်စုံတွေနဲ့။ ဟော့ပေါ့တော့ မတွေ့ဘူး။ ငါးအရှင်တွေ။ ဟင်းသီးဟင်းရွက်တွေများတယ်။
“ဒါက ခရမ်းသီး။ ဒါက သခွားမွှေးသီး။ ဟိုက ပဲတောင့်ရှည်လို့ ခေါ်တယ် မြေးရဲ့။ ဟော ဟိုက အင်းသီးတွေပေါ့”
“ဟင် ခရမ်းချဥ်သီးတွေပါ ဖိုးကလည်း”
“ဟားဟား ဟုတ်ပါတယ်ကွာ။ ဒီမှာတော့ အင်းသီးလို့ ခေါ်တယ်ကွ”
သားထွေးနည်းနည်းတော့ စိတ်ဝင်စားလာပြီ။ နောက် ဖိုးဖိုးက တစ်နေရာခေါ်သွားတယ်။ ထူးဆန်းလိုက်တာ အပင်တွေက ရေပေါ်ဘောလောကြီး။
“ဒါ အင်းသီးတွေစိုက်တဲ့စိုက်ခင်းလေ မြေးရဲ့။ မြေးပြောတဲ့ ခရမ်းချဥ်သီးတွေကို ဒီမှာစိုက်တာပေါ့”
“မိုက်လိုက်တာ” လို့ သားထွေး ရေရွတ်မိသွားတယ်။
“ဟိုမှာ ငါးဖမ်းနေတာ မြေးကြည့်ချင်လား”
“ဟုတ်”
“လာ အဲ့နားသွားကြည့်ရအောင်”
အင်းလေးမှာ ငါးဖမ်းတာက ထူးဆန်းတယ်။ လှေလှော်တဲ့ လှော်တက်ကြီးနဲ့ ရေကိုရိုက်နေတာတွေ့တယ်။ ပြီးတော့ ထူးဆန်းတဲ့ တြိဂံပုံငါးဖမ်းတဲ့ပစ္စည်းကို လှေ‌ပေါ်မှာ ခြေနဲ့ရပ်နေရင်း နင်းချနေတယ်။
“ငါးဖမ်းတာကလည်း ထူးဆန်းလိုက်တာနော် ဖိုးဖိုး။ ဒီလိုဆို ငါးရော မိရဲ့လား”
“ငါးဖမ်းတယ်ဆိုတာကတော့ ဘယ်လိုဖမ်းဖမ်း စိတ်ရှည်ရတာပေါ့မြေးရယ်”
ဒီညတော့ သားထွေးစိတ်ကြည်လာတယ်။ ဒီနေ့တွေ့ခဲ့ရတဲ့ စျေးတွေ၊ အင်းသီးစိုက်ခင်းတွေ၊ ဦးဦးတံငါသည်တွေ၊ အင်းလေးကို စိတ်ဝင်တစားလာလည်ကြတဲ့ နိုင်ငံခြားသားတွေကို ပြန်တွေးရင်း နက်ဖြန် ဘာတွေ အထူးအဆန်းတွေ့ဦးမလဲလို့ ကြိုတွေးမိနေတယ်။

“မြေးရေ ထတော့ မြေးသူငယ်ချင်းရောက်နေတယ်” လို့ ဖွားဖွားက လာနှိုးတယ်။ သားထွေး တအားပျော်သွားတယ်။ ရန်ကုန်က သူငယ်ချင်းတွေ လိုက်လာတာလားဆိုပြီး အိမ်ရှေ့ ပြေးကြည့်လိုက်တယ်။ ရန်ကုန်ကသူငယ်ချင်းတွေလည်း မဟုတ်ဘူး။ ခပ်ဝါဝါ ရှမ်းအင်္ကျီဘောင်းဘီဝမ်းဆက်ဝတ်ထားပြီး နည်းနည်းညစ်ပတ်နေတဲ့ သားထွေးနဲ့ရွယ်တူနီးပါးလောက် ကောင်လေးတစ်ယောက်ပဲ။
“ဒါ စိုင်းလုံတဲ့ မြေးရဲ့။ ဟိုဘက်အိမ်ကပေါ့။ သူလည်း ကျောင်းပိတ်လို့အားနေတာနဲ့ သားနဲ့အဖော်လုပ်ပေးဖို့ ဖွားပြောထားလို့...စိုင်းလုံနဲ့ တူတူကစားနော် မြေး”
စိုင်းလုံကို မချင့်မရဲလေး သားထွေးနှုတ်ဆက်လိုက်တယ်။ စိုင်းလုံက အားရပါးရပြုံးပြပြီး စကားဝဲဝဲလေးနဲ့
“ငါနဲ့ လိုက်ခဲ့မလား” လို့မေးတယ်။ သားထွေးလည်း တခြားလုပ်စရာမရှိတော့ စိုင်းလုံနောက် လိုက်ဖြစ်ခဲ့ပါတော့တယ်။

စိုင်းလုံက လှေကို လူကြီးတွေလိုပဲ ခြေထောက်နဲ့လှော်တယ်။ သားထွေး အံ့သြပေမယ့် လှေစီးရတာ နည်းနည်းစိတ်ပူသွားတယ်။ စိုင်းလုံက သားထွေးကို ဖောင်တော်ဦးဘုရားရယ် ကြာနဲ့လုပ်တဲ့ အဝတ်အထည်လုပ်တဲ့လုပ်ငန်းရယ် ငွေပန်းတိမ်လုပ်ငန်းတွေရယ်ဆီကို လိုက်ပြတယ်။ သားထွေးအတွက်တော့ ဖိုးဖိုးနဲ့ သွားရသလို ထူးဆန်းစရာတွေချည်းပဲပေါ့။ ပြီးတော့ စိုင်းလုံက ပိတ်ထားတဲ့စာသင်ကျောင်းဆီ ခေါ်သွားပြတယ်။ အဲ့မှာ စိုင်းလုံနဲ့ သားထွေးတို့ ဘောလုံးကန်ကြတာ ပျော်စရာကြီးလေ။ စိုင်းလုံနဲ့ အပြင်သွားရတဲ့နေ့တွေဆို ထမင်းကလည်း ပိုစားလို့ကောင်းတယ်။ ငါးတွေက လတ်ဆတ်လို့ ပိုစားလို့ကောင်းတာလို့ ဖွားကပြောတယ်။ သားထွေး စိုင်းလုံနဲ့ ရေအတူတူကူးလိုက်။ အပြင်သွားလိုက်။ ဖိုးဖိုးနဲ့ လိုက်သွားလိုက်။ ဖွားဖွားနဲ့ စျေးလိုက်သွားပြီး စားလိုက်သောက်လိုက်နဲ့ ပျော်လိုက်တာ။

“သားရေ သားထွေး”
မေမေ့အသံနဲ့ သားထွေးနိုးသွားတယ်။
“ဟင် မေမေနဲ့ ဖေဖေ”
“အမလေး ငါ့သားက အင်းသားစစ်စစ်ကြီးတောင် ဖြစ်နေပါ့လား။ အသားတွေလည်း ညိုလို့” လို့ ဖေဖေက ဝမ်းသာအားရဖက်တယ်။
“မေမေတို့က ပြန်လာခေါ်တာလား”
“အင်းပေါ့ သားရဲ့။ အိမ်ပြန်ချင်လို့ မေမေ့ကို စိတ်ဆိုးနေတုန်းလား”
“ဟာ မဟုတ်ပါဘူး။ သားမပြန်ချင်ဘူး။ သား ဒီမှာ ပျော်တယ်။ ဖိုးဖိုနဲ့ ဖွားဖွားနဲ့ စိုင်းလုံနဲ့ သားမခွဲနိုင်ဘူး”
“ဟယ် သားဖေဖေ လုပ်ပါဦး ကလေးက ခေါ်မရတော့ဘူး”
“သားရယ် မင်းရန်ကုန်မှာ ဂိမ်းကစားရမှာ။ ဟော့ပေါ့တွေ စားရမှာလေ”
“ဟင့်အင်း မလိုက်ဘူး။ သားဒီမှာ ရေဆော့လို့တောင် မဝသေးဘူး။ လှေလှော်တာတောင် မသင်ရသေးဘူး။ ဒီတစ်ခါရေပေါ်စျေးနေ့ကျရင်လည်း ဖွားနဲ့ တို့ဖူးကြော်စားဦးမှာ” လို့ပြောပြီး သားထွေးမျက်ရည်တွေကျလာတယ်။
စိုင်းလုံက အိမ်ရှေ့တံခါးဝကနေ ဝမ်းနည်းတဲ့မျက်နှာနဲ့ လှမ်းကြည့်နေတယ်။ ဖိုးဖိုးနဲ့ ဖွားဖွားကလည်း ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေကြတယ်။
“သား နောက်နှစ်ပြန်လာချင်လာလေ။ မေမေတို့ လိုက်ပို့ပါ့မယ်။ သား ‌ကျောင်းပြန်တက်ဖို့ စာတွေလုပ်ရတော့မယ်မှတ်လား။ မေမေက သား စာတွေလိုက်မမီဖြစ်မှာစိုးလို့လေ။”
ဒီလိုနဲ့ သားထွေးပြန်လိုက်ရပါတော့မယ်။ သားထွေး ဖိုးဖိုးနဲ့ ဖွားဖွားကိုချစ်တယ်။ စိုင်းလုံနဲ့ လျှောက်သွားရတာ ပျော်တယ်။ အင်းလေးက အိမ်လေးတွေကိုလည်း သားထွေးနေသားကျသွားပြီ။ အင်းလေးရေပြင်ကြီးနဲ့ တောင်တန်းကြီးရဲ့အလှကိုလည်း သဘောကျတယ်။ သားထွေး အင်းလေးကို ချစ်တယ်။ သားထွေး အင်းလေးဆီ နှစ်တိုင်းပြန်လာခဲ့ပါ့မယ်။

The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d

Avo Story Magazine (Youtube)
https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa

#ရွှေငါး #shortstory #childrenstories #အင်းလေး

Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းအွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs AccountingMindset