Author's Profile Photo

ရွှေငါး

7/06/2024

ပုချေနဲ့ ထူးဆန်းတဲ့ကျေးဖြူလေး (ရိုးရာပုံပြင်)

3 mins read
Education
Culture
18 Again
ပုချေနဲ့ ထူးဆန်းတဲ့ကျေးဖြူလေး (ရိုးရာပုံပြင်)'s photo

ဒီတစ်ခါ ရွှေငါးက မြန်မာတိုင်းရင်းသားရိုးရာပုံပြင်လေး ပြောပြမယ်နော်။
???
တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ပုချေဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိသတဲ့။ ပုချေရဲ့ ဘာဘာ (ဖေဖေ) နဲ့ မေမေတို့က မိုးလင်းပြီဆိုတာနဲ့ တောင်ယာလုပ်ဖို့သွားကြတော့ ပုချေက တနေကုန် ဘောင်ဘောင်(ဖွားဖွား) နဲ့ပဲ နေရတာများတယ်။ ချစ်ပေမယ့် စည်းကမ်းကြီးတဲ့ဘောင်ဘောင်ကို ပုချေ ချစ်ကြောက်ရိုသေရပါတယ်။

ဒီနေ့ ပုချေနိုးကတည်းက ဘောင်ဘောင်က အပြင်သွားဖို့ပြင်နေတယ်။
“ပုချေ စပါးတွေလှမ်းထားတာကို သေချာစောင့်ထား။ ဘယ်အကောင်ဗလောင်မှ မစားစေနဲ့။ သူများစားသွားရင်တော့ ငတ်ပြီ မှတ်။ ဘယ်မှလည်းလျှောက်မသွားနဲ့ဦး ကြားလား" လို့ ဘောင်ဘောင်က သေချာမှာခဲ့တယ်။
ဘောင်ဘောင့်ကိုကြောက်ရတဲ့ ပုချေတစ်ယောက် ပေးထားတဲ့တာဝန်ကျေအောင် စပါးလှမ်းထားတာတွေကို စောင့်ရှောက်နေပါတယ်။ ပထမ စာကလေးတွေလာတယ်။
"ရှူး ရှူး.... သွား သွား" လို့ ပြောရင်း ပုချေ ခြေသံပြင်းပြင်းနင်းပြီး အပြေးကလေးမောင်းလိုက်တယ်။
နောက် ဇရပ်လေးတွေ လာကြတယ်။
"ဝေး.... ရှူး ရှူး ... မစားကြနဲ့" လို့ ပြေးရင်း အော်ရပြန်တယ်။
နောက်တော့ ကျေးဖြူ (ကြက်တူရွေးအဖြူရောင်) လေးတစ်ကောင် ရောက်လာတယ်။
“ဗိုက်ဆာလို့ စပါးနည်းနည်းလောက်ကျွေးပါလားဟင်”
စကားပြောတဲ့ ကျေးဖြူလေးကြောင့် ပုချေအံ့သြသွားတယ်။ ဒါပေမယ့် ဘောင်ဘောင်မှာထားတာကို မမေ့ပါ။
“မလုပ်ပါနဲ့ ကျေးဖြူလေးရယ်။ ငါ့ဘောင်ဘောင်က သေချာစောင့်ရှောက်ဖို့ မှာထားလို့ပါ။”
“လုပ်ပါနော်။ နည်းနည်းပဲစားပါ့မယ်"
“မစားပါနဲ့နော်။ ဘောင်ဘောင်ကပြောတယ် စပါးတွေမရှိတော့ရင် ထမင်းငတ်မှာတဲ့"
"နည်းနည်းပဲ စားမှာပါ။ ဗိုက်ဆာနေလို့ပါ" လို့ အခါခါတောင်းပန်နေတော့ ပုချေမတားရက်တော့ဘူး။
“အင်းလေ.... ဒါဆို ဗိုက်ဝရုံလေးစားနော်” လို့ ခွင့်ပြုလိုက်တယ်။ ပုချေခွင့်ပြုလိုက်တာနဲ့ ကျေးဖြူလေးလို တခြားကျေးဖြူလေးတွေပါအများကြီးရောက်လာပြီး စားပစ်လိုက်ကြတာ လှမ်းထားသမျှစပါးတွေအားလုံး ကုန်ပါလေရော။
“အမလေး... တစ်ကောင်ပဲစားမယ်ထင်လို့။ ခုတော့ ကုန်ပါပြီ။ ဘောင်ဘောင်ပြန်လာရင် စိတ်ဆိုးတော့မှာပဲ။ အဟင့် အဟင့် ဘာဘာနဲ့ မေမေလည်း ဆူတော့မယ်။ ဒုက္ခပါပဲ" လို့ပြောပြောပြီး ပုချေငိုပါတော့တယ်။ ကျေးဖြူလေးက
“ကျေးဖြူလေးတွေအားလုံးကိုယ်စား တောင်းပန်ပါတယ်နော်။ ဗိုက်အရမ်းဆာနေလို့ စိတ်မထိန်းနိုင်ဘဲ စားမိကြတာပါ။ တကယ်လို့ အိမ်ကဆူရင် ကျေးဖြူရွာဘယ်မှာလဲလို့မေးပြီး လိုက်လာခဲ့ပါ။ ကျေးဇူးပြန်ဆပ်ပါ့မယ်” လို့ပြောပြီး ပြန်သွားပါတော့တယ်။

ပုချေစိတ်ပူတဲ့အတိုင်းပါပဲ။ ဘောင်ဘောင်ပြန်လာတော့
"အမလေး အပြင်လေး ခဏသွားတာ ရှိသမျှစပါးတွေ ကုန်ပါပြီ ဟယ်...ဟမ် ပုချေ နင် ...နင် ... ဘယ်နားသွားအိပ်နေလို့ စပါးတွေ မရှိတော့တာလဲ"
"မဟုတ်ဘူး ဘောင် ဘောင် သမီး..."
ပုချေစကားတောင် မဆုံးလိုက်ပါဘူး။ ဘောင်ဘောင် ဒုတ်ကောက်ပြီး ရိုက်ဖို့လိုက်လို့ ပုချေ ပြေးရပါပြီ။ ဘောင်ဘောင်က ဒုတ်နဲ့လိုက် ပုချေကပြေးပေါ့။ အိမ်ကို ၃ ပတ် ပတ်ပြေးပြီးနောက်မှာ ပုချေ ကျေးဖြူလေးမှာထားတဲ့ “တကယ်လို့ အိမ်ကဆူရင် ကျေးဖြူရွာဘယ်မှာလဲလို့မေးပြီး လိုက်လာခဲ့ပါ။” ဆိုတာကို သတိရပြီး ရွာအပြင်ဘက်ထိ ဆက်ပြေးခဲ့ပါတော့တယ်။ ဘောင်ဘောင်တော့ မလိုက်နိုင်လို့ နောက်မှာအော်ရင်းကျန်ခဲ့ပြီပေါ့။

လမ်းမှာ ဆိတ်ကျောင်းသားလေးကို တွေ့တယ်။
“အမောင် ဆိတ်ကျောင်းသား... ကျေးဖြူရွာကို ဘယ်လိုသွားရသလဲဟင်”
“ကျေးဖြူရွာသွားမလို့လား... ဒါဆို လက်ဝဲဘက်ကိုလည်း မလိုက်လေနဲ့။ လက်ယာဘက်ကိုလည်း မလိုက်လေနဲ့။ ရှေ့တည့်တည့်ကိုသာသွား”

တော်တော်လေးထပ်လျှောက်လာပြီး လမ်းမှာနွားကျောင်းသားလေးနဲ့တွေ့လို့ ထပ်မေးလိုက်ပါတယ်။
“အမောင် နွားကျောင်းသားရေ... ကျေးဖြူရွာကို ဘယ်လိုသွားရသလဲဟင်”
“ကျေးဖြူရွာလား ရောက်တော့မယ် လက်ဝဲဘက်ကိုလည်း မလိုက်လေနဲ့။ လက်ယာဘက်ကိုလည်း မလိုက်လေနဲ့။ ရှေ့တည့်တည့်ကိုသာသွား”

ဒီလိုနဲ့ နောက်ဆုံးမှာ ပုချေတစ်ယောက် ကျေးဖြူရွာဆိုတဲ့ဆိုင်းဘုတ်ကို မြင်ရပါပြီ။ လှမ်းထားတဲ့စပါးတွေစားသွားကြတဲ့ ခေါင်းဆောင်ကျေးဖြူလေးနဲ့ အခြားကျေးဖြူလေးတွေအများကြီးက ပုချေကိုလာကြိုဆိုကြပြီး အိမ်တစ်အိမ်ကိုခေါ်သွားကြတယ်။

“ပုချေရေ ကျေးဖြူရွာကနေ ကြိုဆိုပါတယ်ကွယ်။ ဒါ ငါ့အိမ်လေ လာ အပေါ်တက်ရအောင်...
ရွှေလှေကားနဲ့တက်မလား ငွေလှေကားနဲ့တက်မလား”
“ရွှေလှေကားနဲ့လည်း မတက်ပါ။ ငွေလှေကားနဲ့လည်း မတက်ပါ။ မိရိုးဖလာ သစ်သားလှေကားနဲ့ပဲ တက်ပါ့မယ်”
ခဏနေ ထမင်းစားချိန်ရောက်တော့
“ပုချေရေ ဗိုက်ဆာနေပြီမဟုတ်လား...ရွှေပန်းကန်နဲ့စားမလား ငွေပန်းကန်နဲ့စားမလား”
“ရွှေပန်းကန်နဲ့လည်း မစားပါ။ ငွေပန်းကန်နဲ့လည်း မစားပါ။ မိရိုးဖလာ ဒန်ပန်းကန်ပြားလေးနဲ့ပဲစားပါ့မယ်”
ဒီလိုနဲ့ ညမှောင်သွားတော့
“ပုချေရေ ဒီချိန်ပြန်ရင် အဆင်မပြေလောက်တော့ဘူး။ ဒီမှာပဲအိပ်သွားပြီး မနက်စောမှ ပြန်တော့နော်။ ဒါနဲ့ ရွှေမွေ့ယာနဲ့ အိပ်မလား ငွေမွေ့ယာနဲ့ အိပ်မလား”
“ရွှေမွေ့ယာနဲ့လည်း မအိပ်ပါ။ ငွေမွေ့ယာနဲ့လည်း မအိပ်ပါ။ မိရိုးဖလာ ရိုးရိုးဖျာလေးနဲ့ပဲ အိပ်ပါ့မယ်”
မနက်ရောက်တော့ ကျေးဖြူလေးက
“ပုချေရေ ထ..ထ။ ဘောင်ဘောင်တို့ စိတ်ပူနေမယ်။ အိမ်ပြန်တော့နော်။ စပါးတွေစားခွင့်ပြုခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ပေးမယ်နော်။ ဒီမှာ သေတ္တာအကြီးရယ် အသေးရယ်ကြိုက်တာကို ရွေး”
ပုချေက သေတ္တာအသေးလေးကိုပဲ ရွေးချယ်လိုက်ပါတယ်။
“အိမ်ရောက်မှ တံခါးတွေအားလုံးပိတ်ပြီး အိမ်ကလူတွေနဲ့ အတူတူဖွင့်ကြည့်နော်” လို့လည်း မှာလိုက်ပါတယ်။
ပုချေအိမ်ပြန်ရောက်တော့ အားလုံးကစိတ်ပူနေပေမယ့် အကျိုးအကြောင်းပြောပြလိုက်တော့မှ မဆူတော့ဘဲ ကျေးဖြူလေးမှာတဲ့အတိုင်း သေတ္တာကိုဖွင့်ကြည့်ကြတာပေါ့။ သေတ္တာထဲမှာ ရွှေငွေ ကျောက်သံ ပတ္တမြားတွေဖြစ်နေလို့ အားလုံးအံ့သြဝမ်းသာသွားကြတယ်တဲ့ကွယ်။ အဲ့အချိန်မှာ ကျေးဖြူလေးရောက်လာပြန်ရော။ ပုချေက
"ကျေးဖြူလေးရေ သေတ္တာမှားနေတယ်ထင်ပါတယ်။ ဒီရွှေငွေတွေ ငါတို့ဥစ္စာမဟုတ်လို့ ငါတို့မယူချင်ပါဘူး။" လို့ ပြန်ပေးတော့ ကျေးဖြူလေးက
"သေတ္တာမှားတာ မတုတ်ပါဘူး။ ဟိုသေတ္တာထဲမှာ ဘာမှမပါဘူးလေ။ ပုချေသာ လောဘကြီးပြီး သေတ္တာအကြီးယူခဲ့ရင် ဘာမှရမှာမဟုတ်ဘူးပေါ့။ ဒါ့ကြောင့် ကိုယ့်ရိုးသားမှုနဲ့ လောဘမကြီးမှုကြောင့် ထိုက်တန်လို့ရတယ်လို့သဘောထားပြီး လက်ခံလိုက်ပါ"လို့ပြောပြီး အဝေးကိုပျံသွားသတဲ့။

ပုချေတို့အိမ်နားကို ဖြတ်သွားရင်း အကြောင်းစုံကို ဘေးအိမ်က ပြည့်ဘုံက ကြားသွားတယ်။
ဒါ့ကြောင့် သူလည်း နှမ်းတွေလှမ်း ကျေးဖြူလေးအလာကိုစောင့်ပြီး ပုချေလို အတုခိုး သရုပ်ဆောင်တယ်။ ပြီးတော့ ကျေးဖြူရွာကိုလိုက်သွားတယ်။ ကျေးဖြူလေးတွေက ပုချေကို ကြိုဆိုသလို ကြိုဆိုကြပါတယ်။
“ပြည့်ဘုံရေ ရွှေလှေကားနဲ့တက်မလား ငွေလှေကားနဲ့တက်မလားကွယ်” ဆိုတော့ ပြည့်ဘုံက
“ရွှေလှေကားနဲ့လည်း တက်မယ် ငွေလှေကားနဲ့လည်း တက်မယ်” လို့ ဖြေတယ်။
“ပြည့်ဘုံရေ ရွှေပန်းကန်နဲ့စားမလား ငွေပန်းကန်နဲ့စားမလားကွယ်” ဆိုလည်း
“ရွှေပန်းကန်နဲ့လည်း စားမယ်။ ငွေပန်းကန်နဲ့လည်း စားမယ်” လို့ ဖြေတယ်။
“ပြည့်ဘုံရေ ရွှေမွေ့ယာနဲ့ အိပ်မလား ငွေမွေ့ယာနဲ့ အိပ်မလားကွယ်” ဆိုလည်း
“ရွှေမွေ့ယာနဲ့လည်း အိပ်မယ်။ ငွေမွေ့ယာနဲ့လည်း အိပ်မယ်” လို့ဖြေပြန်ပါတယ်။
မနက်ရောက်တော့ ကျေးဖြူလေးတို့လည်း ပုချေလိုပဲ “ပြည့်ဘုံရေ ဖိုးဖိုနဲ့ဘောင်ဘောင်တို့ စိတ်ပူနေမယ်။ အိမ်ပြန်တော့နော်။ နှမ်းစေ့လေးတွေ စားခွင့်ပြုခဲ့လို့ ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ပေးမယ်။ ဒီမှာ သေတ္တာအကြီးရယ် အသေးရယ်ကြိုက်တာကိုရွေးပါကွယ်။ ပြီးရင် အိမ်ရောက်မှ တံခါးခုနှစ်တန်(ချပ်) ပိတ်ပြီး အိမ်ကလူတွေနဲ့ အားလုံးအတူတူဖွင့်ကြည့်နော်”” ဆိုတော့ လောဘကြီးတဲ့ပြည့်ဘုံက အများကြီးရချင်လို့ သေတ္တာအကြီးကို ရွေးပြီး ပြန်လာခဲ့ပါတော့တယ်။
ပြည့်ဘုံလည်း အပျော်ကြီးပျော်လို့ အိမ်အမြန်ပြန်ပြီး ဖွင့်ကြည့်လိုက်တဲ့အခါမှာ ထင်ထားသလို ရွှေငွေရတနာတွေမဟုတ်ဘဲ သေတ္တာထဲကနေ ကဏန်းအရှင်တွေ ကင်းခြေများတွေ ထွက်လာပြီး တအိမ်သားလုံး အညှပ်ခံ အကိုက်ခံ လိုက်ကြရသတဲ့ကွယ်။

The Avocado Story Recipe (fb page)
https://www.facebook.com/theAvocadoStoryRecipe?mibextid=LQQJ4d

Avo Story Magazine (Youtube)

https://youtube.com/@theavocadostoryrecipe?si=HiHvC7uoOTytv2Sa

ရွှေငါး
#ရွှေငါး
#ပုံပြင်
#ရိုးရာပုံပြင်

Keep Reading

မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)တက်ညီလက်ညီ ပန်းတိုင်ဆီသို့မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship