Author's Profile Photo

SarPhat Author

25/05/2024

ပြောင်းလဲသင့်တာ ပြောင်းလဲပါ

2 mins read
Life Style
General Knowledge
ပြောင်းလဲသင့်တာ ပြောင်းလဲပါ's photo

ကျွန်မ တခါတလေ စဉ်းစားမိတယ်။ ငါ့ဘဝက တခြားသူတွေနဲ့လဲ မတူပါလား။ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲဆိုပြီး ကလေးအတွေးတွေ အများကြီးတွေးခဲ့ဖူးတယ်။ တကယ်မှအများကြီးပါ ဟိုဟိုဒီဒီတွေ လျှောက်တွေးပစ်တာ။ Overthinking လို့ဆိုရမလားပဲ။ ဒါမဲ့ ကျွန်မတို့ ကျောင်းမှာ သူငယ်ချင်းတွေစီက စကားတွေ နားထောင်ကြည့်တဲ့အခါ ၊ Online ပေါ်က မိတ်ဆွေတွေနဲ့ စကားပြောကြည့်တဲ့အခါ ၊ ပတ်ဝန်းကျင်က ကျွန်မလို အရွယ် လူငယ်လေးတွေနဲ့ ဆက်ဆံကြည့်တဲ့အခါ.. "အော်..သူတို့လဲ ငါ့လိုပါပဲလား" ဆိုတဲ့ အတွေးလေးက ဝင်လာပြန်တယ်။ ကျွန်မ စဉ်းစားတယ်။ ကျွန်မတို့လို လူငယ်တိုင်းက အဲ့လိုပဲလား..။ ဒါဆို လူငယ်ဖြစ်ရတာဟာ သိပ်ကို ဆိုးရွားတာပဲနော်။

ဒါပေမဲ့ နောက်တစ်ချက်ကကျတော့ ဘာပဲဖြစ်ဖြစ် သိပ်ဂရုမစိုက်တဲ့သူတွေ ၊ ပတ်ဝန်းကျင်က ဘာပြောပြော လျစ်လျူရှုထားတဲ့ သူမျိုးတွေ ၊ ပျော်ပျော်ပါးပါးနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူတွေ ကျွန်မသူငယ်ချင်း ၊ မိတ်ဆွေတွေထဲမှာမှ အများကြီး။ သူတို့ကိုကျွန်မသိပ်အားကျတယ်။ ကျွန်မက စိတ်မခိုင်ဘူး ၊ ဝမ်းနည်းလွယ်တယ်။ လူအများပြောတဲ့ စကားဆို သိပ်ကို အလေးထားပြီး စဉ်းစားနေတတ်တော့တာ။ ဥပမာ ကျွန်မကို တစ်ယောက်ယောက်က မျက်စောင်းတစ်ချက်ထိုးလိုက်ရင်တောင် "ငါက ဘာပုံစံကြီးဖြစ်နေလို့လဲ ငါဝလို့လား ငါရုပ်ဆိုးလို့လား ငါက ဘာနဲ့တူနေလို့ သူက ဒီလိုကြည့်တာလဲ" စသဖြင့် ကျွန်မ အရမ်းတွေးတယ်။ ပြီးတော့ သူများတွေရဲ့အမြင်မှာလှပနေဖို့ ပြည့်စုံနေဖို့အတွက် ကျွန်မ အမြဲတိုင်းပြောင်းလဲ ​နေခဲ့ရတယ်။
ရယ်ရတယ်နော် သူများတွေအတွက်တဲ့လေ။

ငယ်ငယ်ကနေ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ ကျွန်မ အဲ့လိုတွေပဲ ဆက်တိုက် ခေါင်းထဲ ရောက်နေခဲ့တာ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကစပြီး ကျွန်မ ဝတ္ထုစာအုပ်ကလေးတွေ ၊ ဘဝတိုးတက်ရေး ၊ လူငယ်နဲ့ သက်ဆိုင်တဲ့စာအုပ်တွေ ၊ Online မှာတင်တဲ့ စာအတိုလေးတွေ စသဖြင့် မျိုးစုံကို ဖတ်ကြည့်တယ်။ တကယ်ကိုမျိုးစုံပါပဲ ဖတ်သင့်မဖတ်သင့်လဲ မသိဘူး။ ဒါပေမဲ့ ကျွန်မဖတ်တဲ့စာတိုင်းက ကျွန်မအတွက် တစ်ခုခုတော့ အကျိုးရှိသွားသလိုပဲ။ ကျွန်မဘဝရဲ့ အစိတ်အပိုင်း
တစ်ခုရှင်သန်သွားသလိုပေါ့။ အဲ့အချိန်ကစပြီး စာဖတ်ရတာကို နှစ်သက်လာတယ်။ စာလဲရေးချင်လာတယ်။
အရင်ကရေးခဲ့တဲ့ ဝတ္ထုတိုလိိုလို ဘာလိုလိုလေးတွေတော့ ဖုန်း notes ထဲမှာ အပြည့်ပေါ့။ အဲ့တုန်းကဘာရယ်မဟုတ်ဘူး။ စိတ်ညစ်တဲ့အခါရေးခဲ့တဲ့ဟာလေးတွေ။ ပြန်ဖတ်ကြည့်တော့ သိပ်မဆိုးလှပါဘူးလေ။

အဲ့လို စာတွေဖတ်ပြီး ဘာခံစားရလဲဆိုတော့ ကိုယ့်ကိုယ်ကိုချစ်လာတယ်။ သူများတွေအတွက်နဲ့ ငါကဘာလို့ပြောင်းလဲပေးရမှာလဲဆိုတဲ့ အသိတရားဝင်လာတယ်။ ကျွန်မဘယ်လိုနေနေ ချစ်တဲ့သူကချစ်မှာပဲ မုန်းတဲ့သူက ကျွန်မဘယ်လိုပဲ ဆင်ဆင်ခြင်ခြင်နေပါစေ ဘယ်လောက်ပဲ မှန်နေပါစေ ပြောင်းလဲပါစေ မနာလိုမုန်း မုန်းနေဦးမှာပဲ။ ဆိုတော့ အဲ့လိုမျိုး ခံစားချက်ပေါ်လာတယ်။ ဒါကြောင့် ကျွန်မ မပြောင်းလဲတော့ဘူး ကိုယ့် style နဲ့ကိုယ်နေတယ်။ ကိုယ်သာသည်ကိုယ့်ရဲ့ ဦးဆောင်သူ အဖြစ် သတ်မှတ်ခံထားရသလို ဖြစ်လာတယ်။ လွတ်လပ်လာတယ်။ သို့ပေမဲ့ ကျွန်မ စည်းထဲဘောင်ထဲမှာပဲနေပါတယ်။ သူများမကောင်းတာလုပ်တိုင်း လိုက်မလုပ်ဘူး။ အကျင့်ဆိုးတွေကို အတုမယူဘူး။

ဒါပေမဲ့ ကျွန်မကိုကျွန်မ ပြောင်းလဲသင့်တယ်လို့ထင်တဲ့ ဝမ်းနည်းလွယ်တဲ့ အကျင့်ကို စဖျောက်တယ်။ စိတ်ကိုခိုင်ခိုင်မာမာထားနိုင်အောင်ကြိုးစားတယ်။ အရင်တုန်းက ကျွန်မလဲ သူများတွေထဲက သူများဖြစ်ခဲ့ဖူးတယ်။ အရင်ကဆိုတာ လွန်ခဲ့တဲ့ ၅လလောက်ပဲရှိပါဦးမယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိခါစအချိန်လေးပေါ့။ အဲ့အချိန်က ကျွန်မလေ တကယ့်ကို မ​ကောင်းတဲ့ အကျင့်လေး တစ်ခုရှိခဲ့တယ်။ ကျွန်မ မိန်းကလေးချင်း ကိုယ်ချင်းမစာတတ်သေးဘဲနဲ့ပေါ့။ "ဟိုကောင်မလေးဝတ်လာတာ ရင်ဘက်ပေါ်တော့မယ်ကြည့်ပါဦး" ၊ "ယောကျာ်းလေးတွေရှေ့မှာ အရှက်မရှိဘူးလား မသိဘူး" ၊ "အဲ့ကောင်မလေး အရမ်းရွတယ်နော်" အစရှိသဖြင့် သူတစ်ပါးကို အပြစ်တင်ပြောဆိုတဲ့သဘော လှောင်ပြောင်တဲ့သဘော သူတစ်ပါးရဲ့ ဖြစ်တည်မှုကို မကောင်းပြောတဲ့ သဘော။ အဲ့အကျင့်က မကောင်းလို့မကောင်းမှန်းလဲ ကျွန်မမသိခဲ့ဘူး။ကျွန်မက အမှန်ကိုပြောနေခဲ့တာလို့ပဲ ထင်ခဲ့တယ်။ ဒါမဲ့ အိမ်ရောက်တော့ အမေ့ကို ကျွန်မ တစ်ခွန်းမကျန်အကုန်ပြန်ပြောပြတယ်။ မေမေရေ ကျောင်းက ဘယ်ကောင်မလေးကလေ ဘယ်လိုကြီးဝတ်ထားတာသိလား ဘယ်သူကလေ ဘယ်လို အဲ့လိုတွေ အကုန်တန်းစီပြီး ပြန်ပြောပါတော့တယ်။ အဲ့မှာ ကျွန်မအမေက ကျွန်မကို ဆုံးမတယ်။ သူများကို အဲ့ဒီလိုပြောတာဟာ မကောင်းကြောင်း အကုသိုလ်ဖြစ်တတ်ကြောင်း ဝဋ်လည်တတ်ကြောင်း ပြောပြတယ်။ ဒါကြောင့် ကျွန်မ ပြောင်းလဲခဲ့တယ်။ သူများအတင်းမပြောချင်တော့ဘူး အကုသိုလ်
မပွားချင်ဘူးလေ ဝဋ်လည်မှာလဲ ကျွန်မအရမ်းကြောက်တယ်။ ဒါကြောင့် သူငယ်ချင်းတွေ ဘယ်သူ့အတင်းပြောပြော နားထောင်ပေးလိုက်တယ်။ ဝင်မပြောမိအောင်နေလိုက်တယ်။ ဒါဟာ ကောင်းမွန်တဲ့ အကျင့်ပဲ မဟုတ်လားရှင်..။


ဟုတ်ကဲ့ ကျွန်မကတော့ စာရေးသူအသစ် "ကျေးလဲ့ညို" ဖြစ်ပါတယ်ရှင့်။
ဒါဟာကျွန်မရဲ့ ပထမဦးဆုံး ရေးသားတဲ့ စာလေးဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာများ ပါရှိသွားခဲ့လျှင် အနူးအညွှန့်တောင်းပန်အပ်ပါတယ်ရှင်။

လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေကို ညို့ရဲ့ စာလေးကိုဖတ်ပြီး ကုန်ဆုံးစေခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ လူကြီးမင်းတို့အတွက် တစ်ခုခုအကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

#ပြောင်းလဲသင့်တာပြောင်းလဲပါ
#ကျေးလဲ့ညို (Eliza)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)