အက္ခရာ - Haruki
အခုလို အပူချိန် ၄၀ °C နီးပါးရောက်နေတဲ့အခြေအနေမျိုးမှာ ကျောင်းသားတွေ နီးပါးကြုံတွေ့နေရတဲ့အရာက စာသင်ရတာ လုံးဝစိတ်မပါတော့တာပါ။
ကျွန်တော်ကိုယ်တိုင်လည်း နေ့လယ်အချိန်တွေမှာ စာသင်ရတာ စိတ်မဝင်စားပါဘူး။ မီးကပျက်၊ နေကအရှိန်ကောင်း၊ ချွေးတွေကရွှဲ၊ ခေါင်းကထူပူ တကယ်ပါ။ လုံးဝကို အာရုံစိုက်လို့မရတော့တာ...။
ဒါပေမယ့် ဒီအတိုင်းဆက်သွားရင် စာမရဘဲ လူ့ညံ့ဖြစ်မယ့်ကိန်းပဲရှိတော့တာမလို့ ဖြေရှင်းဖို့နည်းလမ်းရှာရပါတယ်။ ဒီနေ့ဆောင်းပါးလေးဟာ ကျွန်တော့်လို စာလေ့လာတဲ့ကျောင်းသားတွေအတွက် လုံးဝအသုံးဝင်စေမှာပါခင်ဗျာ။
၁။ စာသင်ချိန်ကို ပြောင်းပါ
နံနက်စောစော ဒါမှမဟုတ် ညနေ၊ ည အချိန်တွေလို အပူနည်းတဲ့အချိန်တွေမှာ စာသင်ပါ။ ကျွန်တော်တို့ဆိုလည်း နေ့လယ်နေ့ခင်းအချိန်တွေအကုန် မနက်နဲ့ ညဘက်ပြောင်းထားပါတယ်။
ခုလိုတအားပူတဲ့အချိန် နေ့လယ်ကိုတော့ စာလုံးဝမသင်သင့်ပါဘူး။ သင်လည်း ကျောင်းသားတွေစိတ်ဝင်စားတော့မှာမဟုတ်ပါဘူး။
၂။ အေးတဲ့ နေရာလေးရွေးရန်
တချို့ကျောင်းတွေဆို အခြေအနေအရပ်ရပ်ကြောင့် အချိန်မပြောင်းပေးနိုင်တာမျိုးရှိပါတယ်။ ဒါဆိုရင် စာသင်ချိန် မီးလာတဲ့အခါ Air-conditioner ၊ ပန်ကာဖွင့်ပါ။ ရွာတွေ၊ နယ်တွေကဆို လေတိုးတဲ့နေရာလေးတွေမှာ စာသင်ပါ။
3. အအေးသောက်ပါ
စာသင်ခံနီးရောက်ရင် အချိုရည်လေးတွေ၊ အအေးဘူးလေးတွေဆောင်ထားပါ။ စိတ်ကိုပြန်လည်အားဖြည့်ပေးသလို စာသင်ရမှာလည်း အေးအေးလူလူ စိတ်ဝင်တစားသင်နိုင်ပါလိမ့်မယ်။
၄။ အနားယူချိန်များထည့်ရန်
အခုအချိန်မှာ Self- Study သမားတွေ နေ့လယ်ခင်းတော့ စာမလေ့လာသင့်ပေမယ့် လေ့လာမယ်ဆိုရင်လည်း တစ်ဆက်တည်းမလေ့လာဘဲ အနားယူချိန်နဲ့လေ့လာသင့်ပါတယ်။
နာရီဝက်ပြီးတိုင်း အကြောဆန့်ရေသောက်တာဖြစ်ဖြစ်၊ လေတိုးတဲ့နေရာမှာ ခဏနားနေတာဖြစ်ဖြစ်လုပ်ပေးပါ။
၅။ ကိုယ့်ဘာသာပြန်လေ့လာပါ
အခုလိုအချိန်မှာ ကျောင်းသားတွေသာမကပါဘူး။ သင်တဲ့ ဆရာတွေပါ စိတ်မပါတာပါ။ ( ကျွန်တော့်ဆရာ ပွင့်ပွင့်လင်းလင်းပြောပြတာကြောင့် ကျွန်တော်သိတာပါ။ )
ဒီလိုအချိန်မှာ စာသင်လို့ စိတ်မပါလည်း ဒီတိုင်းပဲအောင့်ခါသင်လိုက်ပါ။ နေလေးအေး၊ ခေါင်းလေးရှင်းတဲ့အခါတော့ ကိုယ်စိတ်မဝင်စားခဲ့တဲ့ သင်ခဲ့ပြီးသားစာကို ဆရာ/မကိုပြန်မေးတာဖြစ်စေ၊ Online Video တွေနဲ့ပြန်လေ့လာဖြစ်စေ Self~Study ပြန်လုပ်ပါ။ ဒါဆို စာမရမှာ မပူရတော့ပါဘူး။
၆။ သီချင်းနားထောင်/ ဆိုပါ
စာစိတ်မဝင်စားတဲ့အခါ စိတ်ကို အပန်းဖြေပေးဖို့လိုပါတယ်။ ဟာသလေးတွေကြည့်တာ၊ သီချင်းနားထောင်တာလေးတွေ လုပ်ပါ။ ရေချိုလို့ရရင် ရေချိုးပါ။ လေကောင်းလေသန့်ရှူပါ။
ရာသီဥတုတအားပူလို့ စာကိုစိတ်မဝင်စားတော့တဲ့အခြေအနေကို အချိန်ပေးပြီးဖြေရှင်းရင်တော့ စာလေ့လာကလည်း အရင်ကလို ပြန်ကောင်းမွန်လာပါလိမ့်မယ်ခင်ဗျာ။
ဆင်ခြင်မပေးပါနဲ့။ နည်းလမ်းရှာပါ။
နွေဦးအက္ခရာ ( May 17, 2024 . 3:05 PM )
Keep Reading