Author's Profile Photo

အက္ခရာ - Haruki

5/05/2024

တောင်တက်ခြင်းမှရသော ဘဝသင်ခန်းစာ

1 min read
Life Style
Personal Development
Culture
တောင်တက်ခြင်းမှရသော ဘဝသင်ခန်းစာ's photo

ခရီးသွားတာကို မကြိုက်သူဆိုတာ မရှိသလောက်ရှားမယ်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခရီးထွက်တာ၊ ခရီးသွားရတာကို ခုံမင်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ခုခေတ်အခြေအနေမှာတော့ ခရီးသွားဖို့ မလွယ်ကူတော့ပါဘူး။ လုံခြုံမှုလည်းမရှိတော့ပါ။

ဒါကြောင့်ပဲ အရင်ကသွားခဲ့ဖူးတဲ့ ခရီးအကြောင်းလေးတွေကို တွေးမိပါတယ်။ ဒါပေမယ့် ဒီနေ့တွေးမိလိုက်တာကတော့ အရင်ကနဲ့မတူဘဲ ကိုယ့်ရဲ့ခရီးသွားခြင်းကနေ ဘဝသင်ခန်းစာ ဘာတွေရှိမလဲဆိုတဲ့ စိတ်ကူးနဲ့တွေးတာဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် တွေးရင်း ဆောင်းပါးရေးဖို့ ဘဝသင်ခန်းစာတစ်ခုရခဲ့ပါပြီ။ အဲ့တာကတော့ တောင်တက်ခြင်းကရခဲ့တဲ့ ဘဝသင်ခန်းစာပါ။

တောင်တက်ခြင်းမှရသော ဘဝသင်ခန်းစာ

ကျွန်တော်တို့ တောက်တက်တဲ့အခါ တောင်တက်ရင်း တက်ရင်း မြင့်သထက်မြင့်တဲ့နေရာကို ရောက်ရောက်သွားတယ်မဟုတ်လား၊ မြင့်မြင့်ရောက်လေ ပတ်ဝန်းကျင်ကို များများမြင်ရလေ၊ ကျယ်ကျယ်မြင်ရလေပေါ့။ ဒီလို ကျယ်ကျယ်မြင်ရတော့ ကျွန်တော်သင်ခန်းစာလေးတစ်ခုရရှိခဲ့ပါတယ်။

အဲ့တာကဘာလဲဆိုတော့ ... " အသိပညာမြင့်မှ ဘဝနဲ့လောကကို ကျယ်ကျယ်ပြန့်ပြန့်မြင်နိုင်တယ်။ အသိပညာမမြင့်ရင်တော့ ကိုယ့်အတ္တရဲ့ အနီးပတ်ဝန်းကျင်လောက်ကိုပဲ ကျဉ်းမြောင်းစွာမြင်မယ်။ " ဆိုပြီးတော့ပါ။

ဒီလိုနဲ့ ကျွန်တော့်အတွေးကိုဆက်လိုက်တော့ တခါတလေ တောင်အမြင့်ကိုရောက်ပေမယ့် တောင်ခိုးတွေ၊ မိုးတိမ်တွေ ဒါမှမဟုတ် နှင်းမှုံတွေ ဖုံးကွယ်နေတဲ့အခါ ကျယ်ကျယ်မမြင်ရပြန်ဘူး၊ ကောင်းကောင်းမမြင်ရတာမျိုးတွေဖြစ်တတ်ပါတယ်။

ရရှိလိုက်တဲ့ နောက်သင်ခန်းစာလေးက " အဲဒီလို မာနတွေ ဒေါသအာဃာတတွေ ဖုံးပိတ်နေရင် ဘယ်လောက်ပညာတွေတတ်တတ်၊ ကျယ်ကျယ် ပြန့်ပြန့် မှန်မှန်ကန်ကန် မမြင်နိုင်ဖြစ်တတ်တယ်... " ဆိုတာပါ။

တစ်နေ့ပြီးတစ်နေ့ ရုံးတက်လိုက်၊ ရုံးဆင်းလိုက် လူတွေထဲမှာ တိုးဝှေ့သွားလိုက် လုပ်နေသမျှတော့ ဘာအရည်အသွေးမှ တိုးတက်မှာမဟုတ်ပါ၊ ထူးချွန်အောင်မြင်သူတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ တောင်ကြီးတွေနဲ့တွေ့တော့မှ တက်ဖို့ဝီရိယတွေထုတ်လာမယ်။ ဝီရိယထုတ်မှ အရည်အသွေးမျိုးစုံ တိုးတက်လာမှာဖြစ်ပါတယ်။

ကျွန်တော်တို့လူတွေဟာလည်း တောင်အထွတ်နဲ့တူတဲ့ မြင့်မားသောရည်မှန်းချက်တွေ ထားဖို့လိုပါတယ်။ ဒီလိုထားလိုက်မှ ထိုရည်မှန်းချက်ကိုရောက်အောင် ကြိုးစားတက်လှမ်းမှုတွေလုပ်လာမယ်။

ဒီလိုရည်မှန်းချက်ဆီ တက်လှမ်းရာမှာလည်း အခက်အခဲတွေနဲ့ တွေ့ရမယ်။ အဲ့ဒီလို အခက်အခဲတွေနဲ့တွေ့တဲ့အခါ အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားရင်း လူတွေဟာရင့်ကျက်လာနိုင်တယ်။ အရည်အသွေးမျိုးစုံ တိုးတက်လာနိုင်တယ်၊ ဘဝအကြောင်း လောကအကြောင်းကို နားလည်သူဖြစ်လာနိုင်ပါတယ်။

နောက်ဆုံးသင်ခန်းစာလေးကတော့

ကျွန်တော် Youtube ကနေ ဆွစ်တောင်တွေ (Swiss Mountains) ကို တက်တဲ့တောင်တက်သမားကြီးတွေကိုကြည့်ရင်း ရခဲ့တာလေးပါ။

“ဆွစ်တောင်မြင့်တွေကို တက်တဲ့အခါ မလိုအပ်ဘဲ အော်ဟစ်တာတွေ၊ ကျယ်ကျယ်ပြောဆိုတာတွေကို ပြုလုပ်ရင် အဲ့ဒီအသံတွေကြောင့် နှင်းပွင့်အစိုင်အခဲတွေ ပြိုဆင်းလာတတ်ပြီးတော့ တောင်တက်နေသူတွေကို အသက်အန္တရာယ်ပြုနိုင်တယ်ဆိုတာပါ။

ကျွန်တော်ရခဲ့တဲ့သင်ခန်းစာလေးကတော့ " ဒီလိုတောင်တက်တဲ့အခါ အကိုင် အတွယ် အလှမ်းအတက်တွေကို သတိကြီးကြီးထားရသိလို ကျွန်တော်တို့ရဲ့ပါးစပ်ကိုလည်း မလိုလားအပ်တဲ့ စကားတွေမပြောမိဖို့ သတိထားရပါမယ်။" ဆိုတာပါ။

အမြင့်ကိုတက်တဲ့အခါ ခြေလှမ်းပေါင်း ထောင်သောင်းမကတက်ရပေမယ့် အနိမ့်ကိုကျတဲ့အခါ ခြေတစ်လှမ်းမှားရုံနဲ့ အောက်ဆုံးထိရောက်သွားနိုင်ပါတယ်ခင်ဗျာ။

နွေဦးအက္ခရာ ( May 5, 2024 . 10:00 AM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)