SarPhat Author
အမလေး သူ့ကိုတော့ ဘာမှကို မပြောရဲဘူး ပြောလိုက်တာနဲ့ ထစ်ခနဲဆို ငိုပြီ၊ စိတ်က သိပ်ပျော့တာပဲ ဒီစကားက ကျွန်မကိုယ်တိုင်ကို ခဏခဏကြားရတဲ့စကားပါ။ ကျွန်မလိုမျိုး ကိစ္စတစ်ခု အဆင်မပြေတာမျိုး ကိုယ်စိတ်တိုင်းမကျတာမျိုး စိတ်အလိုမကျတာမျိုးရှိရင် မျက်ရည်ကျတတ်တာမျိုး၊ စိတ်ထဲမကျေနပ်တာ၊ စိတ်တိုတာ ဒေါသထွက်တာမျိုးရှိရင် မျက်ရည်ကျတတ်တဲ့သူမျိုး ရှိမယ်ထင်ပါတယ်။
တကယ်တော့ ကျွန်မတို့ မျက်ရည်ကျတယ်ဆိုတာ စိတ်ပျော့ညံ့တာ၊ အရှုံးပေးတာမဟုတ်ပဲ ရင်ထဲ စိတ်ထဲ နှလုံးသားထဲက ခံစားနေရတဲ့ လေးလံမှုကို ဖြိုချတဲ့သဘောပါ။ နှိုင်းယှဥ်စရာတစ်ခုအနေနဲ့ ယှဥ်ပြရမယ်ဆိုရင် ကျွန်မတို့ မိုးမရွာခင် တိမ်တွေထူထပ်မှောင်မဲ လေးလံသလိုပေါ့
ကျွန်မကတော့ ကျွန်မရဲ့စိတ်ထဲလေးလံပင်ပန်းလာတဲ့အခါမှာ အားပါးတရငိုချပါတယ်။ ပြီးရင်တော့ အဲဒီစိတ်ကိုလေးလံပင်ပန်းစေတဲ့အရာ ပြေပျောက်စေမယ့် နည်းကို ရအောင်ရှာဖွေပြီး ဖြေရှင်းပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး တော်ရုံမငိုတတ်တဲ့သူတွေကတော့ ချီးကျူးစရာပါ။ သို့ပေမယ့် ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ ကိုယ်မို့ တခုခုအဆင်မပြေတိုင်း ငိုတတ်တဲ့သူတွေဟာ ပျော့ညံ့သူတွေလို့ သတ်မှတ်ဖို့မလိုအပ်ပါဘူး။ အဓိကက ကိုယ့်စိတ်အဆင်ပြေမှ ပေါ့ပါးမှ စိတ်ဖိစီးမှုတွေ ချေဖျက်နိုင်မှသာ ကိုယ့်စိတ်ကျန်းမာမယ်။ စိတ်ကျန်းမာမှ လူလဲကျန်းမာပါတယ်။ စိတ်ဓာတ်ပျော့ညံ့ခြင်းနှင့် ငိုခြင်း မျက်ရည်ကျခြင်းဟာ တိုက်ရိုက်အချိုးမကျဘူးလို့ မှတ်ယူပါတယ်။ ရင်ထဲကအစိုင်အခဲတွေကို ကောင်းမွန်စွာ ရှင်းထုတ်နိုင်ဖို့အတွက် ခွန်အားယူတယ်လို့ပဲ သတ်မှတ်ပါတယ်။
ကျွန်မတို့ရှင်သန်နေထိုင်ရတဲ့ ကာလအချိန်ဟာ ခဏလေးပါ။ အချိန်ခဏလေးမှာ ဘဝအတွက် ကြိုးစားရုန်းကန်ရင်း သည်းခံသင့်တဲ့အရာတွေ သည်းခံပြီး စိတ်ဖိစီးမှုတွေ ဖြေဖျောက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြရပါမယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကျွန်မတို့ ကောင်းမွန်စွာ ရင်ဆိုင်ကြမယ်၊ ဖြတ်သန်းကြမယ်ဆိုတဲ့စိတ်သာ ထားရင် အားလုံးအဆင်ပြေမှာပါ။
#TheNoteBySD
Keep Reading