SarPhat Author
စာဖတ်သူတို့ရဲ့ဘဝမှာ ဝမ်းနည်းမှုတွေကို ခံစားဖူးပါသလား။
ဝမ်းနည်းတယ်ဆိုတာ အရမ်းကိုမှ မွန်းကြပ်ပြီး ခံစားရခက်တဲ့ ခံစားချက်ကြီးပါပဲနော်။
လူတိုင်း ဝမ်းနည်းတယ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးကြမှာပါ။ စာဖတ်သူတို့ကော ခံစားဖူးကြတယ်မဟုတ်ပါလား။ ကျွန်မလည်း ဝမ်းနည်းမှု ကို ခံစားဖူးပါတယ်။
ကျွန်မတို့တစ်တွေက နေ့ရက်တိုင်းမှာ အလုပ်ပေါင်းများစွာ၊ တာဝန်ဝတ္တရားပေါင်းများစွာကို လုပ်ကိုင်ရင်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြည်နူးခြင်း၊ အားကျခြင်း၊ သိမ်ငယ်ခြင်း စတဲ့ ခံစားမှုပေါင်း သောင်းခြောက်ထောင်ကို မျက်လှည့်ဆန်စွာ ခံစားနေကြရတာမလားနော်။
အဲ့ဒါကြောင့် ကျွန်မက ကျွန်မတို့တစ်တွေ နာကျင်ဝမ်းနည်းမှုတွေကို ခံစားလာရရင် ဒီမွန်းကြပ်ရတဲ့ အချိန်တွေကို ဖြတ်ကျော်နိုင်ဖို့ ဘယ်လိုရင်ဆိုင်ဖြေရှင်းသင့်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
လောကကြီးမှာ လောကဓံရှစ်ပါးရှိတဲ့ အလျောက် ကောင်းခြင်းဆိုးခြင်းတွေက တစ်လှည့်စီ ဖြစ်ပေါ်နေတတ်တာမလားနော်။ ကောင်းခြင်းလောကဓံနဲ့ ကြုံဆုံရတဲ့အခါ ကျွန်မတို့တွေက ပျော်ရွှင်မှုတွေမှာ ယစ်မူးသွားတတ်ကြပြီး နောင်အနာဂတ်တွေအတွက် ကြိုတင်ပြင်ဆင်တွေးတောမှု တွေကို မလုပ်နိုင်ကြတော့ဘဲ နေထိုင်တတ်ကြပါတယ်။
အဲ့ဒီလို အချိန်မှာ ကျွန်မတို့တွေက ရုတ်တရက်ဆိုစွာမမျှော်လင့်ထားတဲ့အခြေအနေတွေ၊ မထင်ထားတဲ့အဖြစ်အပျက်၊ အကြောင်းအရာများကို ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ စိတ်ပျက်ဝမ်းနည်းမှုတွေ ကို ခံစားလာရပါတော့တယ်။
ဝမ်းနည်းတယ်ဆိုတဲ့ ခံစားချက်က ကြာရှည်ထိန်းသိမ်းပြီး ခံစားလို့ကောင်းတဲ့ အရာမျိုးတော့ မဟုတ်ဘူးမလားရှင်။ အဲ့ဒါကြောင့် ကျွန်မတို့တွေက ဒီလိုဝမ်းနည်းမှုဆိုတဲ့ ခံစားချက်ကြီးက ကျွန်မတို့ရဲ့ စိတ်ဘဝင်ကို ညှိုးနွမ်းစေနိုင်တာမို့ ဒီလို ခံစားချက်မျိုးကို ကျွန်မတို့က တိုက်ထုတ်ပစ်ရပါမယ်။
ဒီနေရာမှာ ကျွန်မက စာဖတ်သူတို့ကို သတိပေးချင်တာလေးလည်း ရှိပါသေးတယ်။ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း သိမြင်ပြီး လက်ခံတတ်ဖို့ အရေးကြီးပါတယ်နော်။ တစ်ခါတလေမှာ ကျွန်မတို့တွေက ခံစားချက်တွေကို အရမ်းမြိုသိပ်ပြီး မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုမိတတ်ကြပါတယ်။
အဲ့ဒါကြောင့် ကျွန်မက စာဖတ်သူတို့ကို ကိုယ့်ကိုယ်ကိုယ် မလိမ်ညာဘဲ အမှန်အတိုင်းသိမြင်ပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ဂရုစိုက်စေချင်တာပါ။
အဲ့ဒါမှ ကိုယ်က ပျော်ရွှင်နေတာလား၊ ဝမ်းနည်းမှုတွေကို ခံစားနေရတာလားဆိုတာကို အမှန်တိုင်းသိမြင်ပြီး မှန်ကန်စွာ ဂရုစိုက်လို့ ရမှာပေါ့ရှင်။ အနာသိမှ ဆေးရှိမှာ မဟုတ်လားနော်။
ကဲ... ဒီအခါမှာ ကျွန်မတို့တွေက ဝမ်းနည်းမှုတွေကို ခံစားနေရပြီ ဆိုပါတော့...
ဒီခံစားချက်ကြီးကို ဘယ်လိုဖြေရှင်းကြမလဲ။
ကျွန်မက စာဖတ်သူတို့ ပြုလုပ်နိုင်ပြီး တကယ်လည်း လုပ်ဆောင်သင့်တဲ့ Activity လေးတွေကို ပြောပြပေးချင်ပါတယ်။
ပထမဆုံးကတော့ ဝမ်းနည်းမှုတွေကို ခံစားလာရပြီဆိုရင် ဘာကြောင့် ဝမ်းနည်းရတာလဲဆိုတာကို အဖြေရှာကြည့်ရပါမယ်။ ပြန်မတွေးချင်လို့၊ ကြောက်လို့ဆိုတဲ့ အကြောင်းပြချက်တွေကို မပေးဘဲ ကိုယ်ဘာကြောင့် ဒီလို ဝမ်းနည်းရတာလဲ။ ဘယ်လိုဖြေရှင်းလုပ်ဆောင်လိုက်ရင် အဆင်ပြေသွားမလဲ ဆိုတာကို အဖြေရှာကြည့်ပါနော်။
ပြီးရင်တော့ ရင်ဆိုင်ပါလို့ ပြောချင်ပါတယ်။ ပြဿနာဆိုတာ မသိချင်ယောင်ဆောင်လေ ပိုပိုကြီးထွားလာလေပါ။ အဲ့ဒါကြောင့် ကျွန်မတို့က ပြဿနာတွေကို လျစ်လျူမရှုထားဘဲ ရင်ဆိုင်နိုင်မှ အဖြေကို သိရှိပြီး ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလားရှင်။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပြီးသွားလို့ စိတ်နှလုံးအိမ်ထဲက အပူတွေ ငြိမ်းအေးသွားတဲ့ခံစားမှုက တကယ်ကို ပျော်ရွှင်စေနိုင်တာပါနော်။
အရေးကြီးတာကတော့ ဝမ်းနည်းလို့ စိတ်ညစ်လို့ဆိုပြီး အိပ်ရာထဲမှာပဲ အချိန်မကုန်ပါနဲ့။ အိပ်ရာထဲက ချက်ချင်းထပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တာပဲဖြစ်ဖြစ်၊ ရေအေးအေးလေးနဲ့ ဇိမ်ခံချိုးလိုက်တာပဲဖြစ်ဖြစ်၊ စျေးဝယ်ထွက်ရတာ ဝါသနာပါရင် ချစ်ရသူတွေအတွက်ကော၊ ကိုယ့်အတွက်ပါ လက်ဆောင်လေးတွေ ဝယ်ပေးလိုက်တာဖြစ်ဖြစ် လုပ်လိုက်ပါနော်။
ဝမ်းနည်းလို့ ပတ်ဝန်းကျင်နဲ့ အဆက်သွယ်ဖြတ်တယ်ဆိုတာကလည်း မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေ၊ ကိုယ်ပြောသမျှနားထောင်ပေးမဲ့သူတွေ၊ ကိုယ့်ရဲ့ပြဿနာတွေကို ပြေလည်အောင် အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူတွေနဲ့ စကားပြောတာမျိုးကို ပြုလုပ်ပေးပါ။
ဝမ်းနည်းမှုတွေကို ခံစားရတဲ့အခါ သီချင်းလေးတွေ နားထောင်ပြီးတော့လည်း ကုစားနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ကလေး ဝမ်းနည်းနေတဲ့အခါမှာ ပိုပြီးဝမ်းနည်းသွားစေမဲ့ အဆွေးသီချင်းလေးတွေအစား ကိုယ့်ရဲ့စိတ်ကို သက်သာရာ ရစေမဲ့ သီချင်းလေးတွေကို ရွေးချယ်နားထောင်စေချင်ပါတယ်။ သီချင်းကောင်းလေးတွေက ဝမ်းနည်းမှုတွေပျောက်ကင်းနိုင်တဲ့ ဆေးတစ်ခွက်လည်း ဖြစ်စေနိုင်တာမို့ပါ။
သီချင်းနားထောင်တာအပြင် စာအုပ်လေးတွေ ဖတ်တာကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ ကိုယ်နှစ်သက်တဲ့သောက်စရာလေးတစ်ခွက်ကို အရသာခံရင်း ဖတ်လက်စ စာအုပ်လေးတစ်အုပ်ကို ပြီးအောင်ဖတ်လိုက်ရတဲ့ ခံစားမှုကလည်း ဝမ်းနည်းမှုတွေကနေ ကယ်ထုတ်ပေးနိုင်ပါတယ်နော်။
လေကောင်းလေသန့် လေးလည်း ရှူရှိုက်ဖို့ မမေ့ပါနဲ့။ မျက်စိအေးစေတဲ့ ပတ်ဝန်းကျင်မှာ လမ်းလျှောက်တာမျိုးလည်း ပြုလုပ်ပြီး စိတ်ကလေးကိုလည်း အနားပေးပြီး ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး လုပ်ဆောင်ဖို့လည်း အရေးကြီးပါတယ်နော်။
ကျွန်မပြောပြခဲ့တဲ့ အချက်ကလေးတွေကို စာဖတ်သူတို့ ဝမ်းနည်းမှုတွေ ခံစားလာရတိုင်း သတိတရနဲ့ လုပ်ဆောင်ပေးစေချင်ပါတယ်။ အဲ့ဒါဆိုရင် စာဖတ်သူတို့ရဲ့ ဝမ်းနည်းမှုတွေက ''ယူပစ်သလို ပျောက်သွားပါလိမ့်မယ်'' လို့ ကျွန်မ မပြောနိုင်ပေမဲ့ အတော်လေးတော့ သက်သာသွားမယ်ဆိုတာကို ကျွန်မ ရဲရဲကြီး ပြောနိုင်ပါတယ်။
ပူပင်မှုတွေများလှတဲ့ ကမ္ဘာကြီးမှာ ခန္ဓာကိုယ်ကျန်းမာရေးကော စိတ်ကျန်းမာရေးကိုပါ အထူးဂရုစိုက်ပြီး ကိုယ့်အနားက ချစ်ခင်ရသူများ ဝမ်းနည်းမှုတွေကို ခံစားနေရပြီဆိုရင်လည်း ကျွန်မပြောပြခဲ့တဲ့ ဒီနည်းလမ်းလေးတွေကို မျှဝေပြီး နှစ်သိမ့်ပေးနိုင်ကာ စိတ်သက်သာရာရစေဖို့လည်း မျှော်လင့်ပါတယ်ရှင်။
Kiwi's Little Word
Keep Reading