အက္ခရာ - Haruki
စိတ်ဓာတ်ကျတယ်ဆိုတာ စာဖတ်သူလေးတစ်ယောက်ထဲမဟုတ်ပါဘူး။ ကျွန်တော်တို့လူသားအားလုံး စိတ်ဓာတ်ကျတတ်ပါတယ်။ ကျွန်တော်လည်း စိတ်ဓာတ်ကျတတ်တာပေါ့။ ဒါ့ကြောင့် စာဖတ်သူလေးမှာ စိတ်ဓာတ်ကျဖော်တွေရှိပါတယ်။ အားငယ်စရာမလိုပါဘူး။
စိတ်ဓာတ်ကျတာဟာ ဆင်းရဲချမ်းသာမရွေးပါဘူး။ ပိုက်ဆံချမ်းသာတဲ့သူတွေတော့ စိတ်ချမ်းသာမယ်လို့ စာဖတ်သူလေးထင်ရင် အမှားကြီးမှားသွားပါလိမ့်မယ်။ ဥပမာအနေလေးနဲ့ဆိုရင် စာဖတ်သူလေးက သာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး စာဖတ်သူလေးအရမ်းကြိုက်တဲ့ iPhone 15 pro max လေး တစ်လုံးရှိတယ်ဆိုပါစို့။
တကယ်လို့......
အဲဒီ iPhone လေး Tazi ပေါ်မှာ မေ့ကျန်ခဲ့ပြီး ဖုန်းဆုံးပြီဆိုရင် စာဖတ်သူလေးဘယ်လိုခံစားရမလဲ။ သေချာပါတယ် အရမ်းစိတ်ထိခိုက်၊ စိတ်ဓာတ်ကျမယ်မဟုတ်လား။ ဒီလို ဆယ်သိန်းလောက်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုအတွက်တောင် အဲ့ဒီလောက် စိတ်သောကတွေ ရောက်ပြီး စိုးရိမ်ပူပန်တတ်နေရင် သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့သူတွေရော ဘယ်လိုစိတ်ထဲမှာဖြစ်နေမယ်ထင်ပါသလဲခင်ဗျာ။
သေချာတာပေါ့ သူတို့တွေက ဒီလောက် ချမ်းသာရင် တော်ပါပြီဆိုပြီး ရပ်သွားတဲ့သူမရှိပါဘူး။ ဒီထက် ပိုချမ်းသာဖို့ကြိုးစားနေတဲ့သူတွေ ချည်းပါပဲ။ သူတို့မှာရှိတဲ့ ချမ်းသာမှုတွေကိုမပျောက်ပျက်အောင် အမြဲ ထိန်းသိမ်းနေရပါတယ်။
အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုပါ။
ဒါနဲ့ ပတ်သတ်ပြီး လူအများစုက ပျော်ရွှင်မှုရဖို့ ပိုက်ဆံကအဓိကကျတယ်လို့သတ်မှတ်လိုက်ကြပါတယ်။ အဲ့ဒီလို ပိုက်ဆံကို ပျော်ရွှင်မှုလို့ ၁၀၀% သတ်မှတ်ထားသူတို့ရဲ့ ဘဝတွေက ဘာနဲ့တူလဲဆိုတော့ကျောက်တုံးအကြီးကြီး တစ်တုံးကို အရမ်းမတ်တဲ့ တောင်ကုန်းပေါ်ကို တွန်းတင်နေရသလိုပဲ။
သူတို့တက်တာ မြင့်လာလေလေ အဲဒီကျောက်တုံးကြီးကို နောက်ပြန်မကျအောင် အားပိုစိုက်ရလေလေပါပဲ။ တစ်ချို့ကလည်း အဲဒီကျောက်တုန်းကြီး တွန်းနေတုန်း အရမ်းလှတဲ့ ကြယ်လေးတွေရယ် ပတ်ဝန်းကျင်က ငှက်ကလေး တွေရဲ့တေးဆိုသံတွေကို မခံစားမိလိုက်ကြဘူး။ တစ်ချို့ကလည်း မနိုင်တဲ့ကျောက်တုန်းကြီးမို့လို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျကြတယ်။ တစ်ချို့ကတော့ ထိပ်ဆုံး ရောက်သွားကြတယ်။
ဒါပေမယ့် နောက်ထပ်တက်ရမယ့် တောင်တွေအများကြီးရှိမှန်း အပေါ်ဆုံးရောက်မှ သိခွင့်ရလိုက်တယ်။ ပိုက်ဆံနဲ့ သတ်မှတ်ထားတဲ့ အောင်မြင်မှုနောက်ကိုလိုက်ရင်း ဘဝမှာ အရေးကြီးဆုံးအရာအားလုံးကို ဆုံးရှုံးလိုက်ရတယ်။
ပိုက်ဆံကအရေးမကြီးဘူးလားလို့ မေးရင်တော့ အရေးကြီးပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်ပါဘူး။ သူကအစိတ်အပိုင်း တစ်ခုထက်မပိုပါဘူး။ သတ်မှတ်တဲ့သူပေါ်မှာ တော့မူတည်တာပေါ့။ စာဖတ်သူလေးကပိုက်ဆံသည်သာ ပျော်ရွှင်မှုကို ဆောင်ကြည်းပေးနိုင်တဲ့ အရာလို့ သတ်မှတ်ရင်တော့ ပိုက်ဆံတွေရှာပြီး ပျော်အောင်စမ်းကြည့်နိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ပိုက်ဆံက အရာရာမဟုတ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ အောက်ပါနည်းလမ်း(၄)မျိုးအတိုင်း စမ်းကြည့်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွေ့အသုံးချပြီး ပျော်ရွှင်စွာနေနိုင်ခဲ့တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။
၁။ အတွေးတွေကို ပြောင်းလဲကြည့်လိုက်ပါ။
စိတ်ကအရာရာပါ။ ဥပမာ - ကျွန်တော်တို့တွေ မှန်ထဲကြည့်လိုက်တော့ တစ်ခါတစ်လေမှာချောနေတတ်ပါတယ်။ အဲ့လိုအချိန်မျိုးဆို ကိုယ့်ကိုယ်ကိုအားရနေတတ်တယ်ပေါ့။ လူရှေ့သူရှေ့ကို ထွက်တော့လည်း ယုံကြည်မှုအပြည့်နဲ့ ထွက်နိုင်ပါတယ်။ အဲ့လိုနေ့မျိုးဆိုဘာပဲလုပ်လုပ် အောင်မြင်တာများပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေက မှန်ကြည့်ပြီး ကိုယ့်အပြစ်ကိုယ်အရှာကြဆုံး လူသားမျိုးနွယ်တွေလေ။ နာခေါင်းမလှဘူး၊ နားရွက်ကားတယ် စသလိုကဲ့ရဲ့ပြီး စိတ်ဓာတ်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်။ ထိုနေ့မျိုးဆိုရင်တော့စိတ်ဓာတ်တွေ ကျနေတတ်တယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုကကျသွားတယ်။ အကျိုးဆက်အနေနဲ့ တစ်နေ့လုံးကို ဘာလုပ်လုပ်အဆင်မပြေတော့ဘူးပေါ့။
ဒီအခြေအနေကို ပြန်သုံးသပ်ကြည့်ရအောင်။ အမှန်တော့ ကျွန်တော်တို့ရုပ်က ဒီရုပ်ပါပဲ။ ပြောင်းသွားတာက ကျွန်တော်တို့ရဲ့စိတ်ပါ။ ကိုယ့်စိတ်က ကိုယ့်ကို အကျဉ်းချလိုက်တယ်။ ကိုယ်ကလည်း အကျဉ်းချခံရအောင်ကိုမရမကလိုက်ပြီး တွေးပါတယ်။
စိတ်ကအရာရာပါပဲ။ အလိုလျောက်လေထဲမှာ လွင့်မျောနေတဲ့တိမ်တွေကိုလည်း ကြောင်ရုပ်လေးတွေ၊ ချစ်သူပုံရိပ်လေးတွေအဖြစ် မြင်ကြည့်လိုက်လို့ရတယ်။ ညဘက်ခေါင်းရင်းမှာ သူ့ဘာသာလေတိုက်လို့လွင့်နေတဲ့ လိုက်ကာကြီးကိုလည်း သရဲလို့ တွေးပစ်လိုက်လို့ရတယ်။ အဲဒီတော့ သေချာပြန်ပြီး စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကိုပြင်ရမှာပါ။
၂။ ကိုယ့်ကိုယ်ကိုယ်ချီးကျူးပါ။
ကိုယ့်ကိုယ်ကိုယ်အမြဲအပြစ်ရှာနေတာကို ခဏလောက်ရပ်ပြီး တစ်ခါလောက် ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ချီးကျူးကြည့်ပါ။ ကျွန်တော်တို့ဘာပဲလုပ်လုပ် တစ်ခုခု အောင်မြင်စွာပြီးဆုံးသွားတိုင်း ကိုဘ့်ကိုယ်ကိုယ်ချီးကျူးဖို့ မမေ့ပါနဲ့။ လူတိုင်းလူတိုင်းမှာ ပင်ကိုယ် အရည်အချင်းရှိပါတယ်။ စာဖတ်သူလေးမှာလည်းရှိပါတယ်။
တကယ်လို့ စာဖတ်သူလေးမှာ ချီးကျူးစရာ တစ်ခုမှမရှိဘူးလို့ ထင်နေပါသလား၊ ချီးကျူးစရာ တစ်ခုရအောင် ဖန်တီးလိုက်ပါ။ ဥပမာ စိတ်သဘောထား ကောင်းအောင်နေကြည့်ပါ။ ဒါဟာအတော်လေးကိုချီးကျူးစရာကောင်းတဲ့အရာပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေကြည့်ပါ။ ဒါဟာလည်း လူတိုင်းမလုပ်နိုင်တဲ့ အရည်အသွေးပါ။ ဒါမှမဟုတ်အချိန်လေးစားတဲ့သူတစ်ယောက်ဖြစ်အောင်နေကြည့်ပေါ့။
ဒါလည်း တော်တော်ကို ချီးကျူးစရာကောင်းတဲ့ အချက်ပါ အဲဒါတွေလုပ်ဖို့ပိုက်ဆံ တစ်ပြားမှ မလိုပါဘူး။ စာဖတ်သူလေးသာ လုပ်ချင်ဖို့ပဲလိုတာ။ နောက်တစ်ချက် အရေးကြီးတာက သူများကိုလည်း ချီးကျူးပါ။ ရိုးရိုးသားသား ချီးကျူးတာက ချီးကျူးခံရသူကိုလည်း စိတ်ချမ်းသာစေပါတယ်။
၃။ ဘောင်ထဲမှာမနေပါနဲ့။
ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ထားတာ အရမ်းဆိုးပါတယ်။ တစ်ခုခုကို မလုပ်နိုင်ဘူး၊ အခက်အခဲတစ်ခုကို မဖြတ်ကျော်နိုင်ဘူး စသဖြင့် တွေးရတာကအရမ်းလွယ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုတွေးတာဟာ ဘာမှကို အသုံးမဝင်ပါဘူး။ ကိုယ့်ရဲ့ Comfort Zone ထဲကထွက်ကြည့်ပါ။ ဥပမာ စာဖတ်သူလေးက အတန်းထဲမှာအမြဲတမ်းရှေ့ထွက်ပြီး မပြောရဲဘူးဆိုပါစို့။ တစ်ခါလောက် ထွက်ပြောဖြစ်အောင် ထွက်ပြောပါ။ အဲ့ဒီလို များများလုပ်ပေးမှ စာဖတ်သူလေးဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတက်လာမှာပါ။
၄။ မိမိမှာရှိတာကိုတန်ဖိုးထားပါ။
"Some people just don't know how to appreciate what they've got” တဲ့။ အချို့သူတွေက သူတို့မှာရှိတာကို တန်ဖိုးမထားတတ်ကြပါဘူးတဲ့။
လူတွေဟာ iPhone 15 pro max လေး လိုချင်တာပဲသိတယ်။ ပထမဆုံး ဖုန်းလေး မကိုင်နိုင်တုန်းက ခံစားချက်ကိုမမှတ်မိကြပါဘူး။ ဒီလိုပါပဲ မိမိအိမ်ရဲ့လုံခြုံအေးချမ်းမှုကို ခရီးထွက်နေတုန်းဒုက္ခရောက်တဲ့အချိန်မှာ တမ်းတတတ်ကြပါတယ်။ မအီမသာနဲ့ နေထိုင်မကောင်းတဲ့အချိန်မှာ နေထိုင်ကောင်းတုန်းကဘယ်လိုဆိုတာကို သတိရ ပါတယ်။ ပုံမှန်အတိုင်း နေကောင်းနေချိန်မှာတော့ ကျန်းမာရေးရဲ့ တန်ဖိုးကို မသိတတ်ကြပါဘူး။ ဒါ့ကြောင့် မိမိမှာရှိတာလေးတွေကို တန်ဖိုးထားပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
မှတ်ချက်။ ။ တချိန်ကဖတ်ဖူးခဲ့သော စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ဆိုသည့် စာအုပ်လေးအားမှတ်မိသလောက်ကိုးကားကာ ပြန်လည်ရေးဖွဲ့ထားပါသည်။
ᏂᏗᏒᏬᏦᎥ ( April 10, 2024 . 6:09 PM )
Keep Reading