တင်ညွန့်

လက်ဖက်ရည်ဆိုင်ရေဒီယိုက မာမာအေးသီချင်းလာနေသည်။
သီချင်းအမည်က “ယုံရခက်ခက်”
“မေတ္တာ ပဋိညာဉ်လွှာ … ချိန်ခွင်လျှာတင်လို့ … ပြောပြပေမယ့် … ဂုဏ်ဓနဖက်လို့ … စုံမဝှက်ကာ … မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ”
မေသူစိုးက ချက်ချင်းပင်
“အကြံရပြီ”
“ဘာများလဲ”
ကိုမင်းမောင်က မေးလိုက်သည်။
“မေတို့ စုံမဝှက်ကြရအောင်လေ”
ကိုနောင်စိုးက ခေါင်းကို ညိတ်လိုက်ပြီး
“ကောင်းသားပဲ” ဟုပြောလိုက်သည်။
မေသူစိုးသည် ထိုင်နေရာမှ သွက်လက်စွာဖြင့်ထသွားပြီး ခရေပင်ကြီးအောက်ကို ပြေးဝင်သွားသည်။
“ကိုမင်းမောင် စုံမဝှက်တမ်းကစားဖူးလား”
“ကျွန်တော်မသိဘူးဗျ။ နားလည်း မလည်ဘူး”
“မေက တစ်ခုခုယူလာလိမ့်မယ်။ သူ့လက်ခုပ်ထဲမှာ ထည့်လာတာ နှစ်ခုလား … တစ်ခုလား … သူဖြေခိုင်းတော့ မယ်”
“ကျွန်တော်ရိုးသားစွာပြောတာပါ။ အဲဒီကစားနည်းကို မသိဘူး”
“သူက လက်ကိုဆုပ်ပြီး စုံလား … မလား ကျွန်တော်တို့ကို မေးလိမ့်မယ်။ ကျွန်တော်တို့က တစ်ခုဖြေရလိမ့်မယ်။ စုံ သို့မဟုတ် မ ပေါ့”
ထိုစဉ် မေသူစိုးက ပြုံးရယ်ပြီး ဆိုင်ထဲပြန်ဝင်လာသည်။ သူ့ညာလက်ဖြူနုနုလေးကို နောက်တွင်ဝှက်ထားသည်။
“ကဲ ကိုမင်းမောင်နဲ့ ကိုနောင်စိုးကို ကျွန်မမေးမယ်။ ကျွန်မလက်ထဲမှာ ခရေစေ့ထည့်လာတယ်။ စုံလား … မလား … ပြော”
ကိုနောင်စိုးက သွက်လက်စွာပင်
“စုံ” ဟုပြောလိုက်သည်။
“ကဲ … ကိုမင်းမောင် … ပြောလေ”
မင်းမောင်က ကန်ရေပြင်ကို ငေးကြည့်နေသည်။
ထို့နောက် သက်ပြင်းချလိုက်သည်။ သူက ဘေးခုံတွင် တင်ထားသည့် လွယ်အိတ်ကို ကောက်ယူကာ လွယ်လိုက်သည်။ ထို့နောက် မတ်တတ်ထလိုက်ကာ
“ကျွန်တော်သွားတော့မယ်” ဟုပြောပြီး လက်ဖက်ရည်ဆိုင်ထဲက ထွက်သွားသည်။
“ကိုမင်းမောင် မဖြေတော့ဘူးလား”
“အချစ်ဆိုတာ စုံမဝှက်တမ်းကစားရမယ့်အရာမှမဟုတ်တာ”
ကိုမင်းမောင် တစ်လှမ်းချင်းထွက်သွားသည်ကို သူတို့ကျန်ခဲ့သည့်နှစ်ယောက်က ကြည့်နေသည်။
“မေ … ကိုယ်ဖြေတာမှန်တယ်မဟုတ်လား”
မေသူစိုးက သူ့လက်လေးကိုဖြန့်ပြလိုက်သည်။ သူ့လက်ထဲတွင် ခရေစေ့လေးက တစ်စေ့တည်း။
“ဒါဆိုရင် ကိုယ့်အတွက် မျှော်လင့်ချက်မရှိတော့ဘူးလားမေ”
“ကျွန်မက စဉ်းစားရခက်နေလို့ စုံမဝှက်လိုက်တာလေ။ ကိုနောင်စိုး မှားတယ်မဟုတ်လား”
“ဒါပေမဲ့ မင်းမောင်ကလည်း မပြောသွားဘူး။ ဒါကြောင့် သူလည်း မမှန်ဘူးမဟုတ်လား”
“ဘာပဲဖြစ်ဖြစ် နှစ်ခုမှာ တစ်ခုရွေးတမ်းဆိုရင်တော့ ရှင်မှားသွားပြီလေ”
“အေးပါ … ကိုယ်အလျှော့ပေးပါတယ်။ မင်းမောင်ကို အဆောင်ရောက်ရင် ပြောလိုက်ပါ့မယ်”
နောင်စိုး လက်ဖက်ရည်ဆိုင်ထဲကထွက်သွားသည်။ ခရေစေ့လေးတစ်စေ့က စားပွဲပေါ်တွင် တလှုပ်လှုပ်ကျန်ခဲ့ သည်။
မေက ပြုံးလိုက်သည်။
သူ မသိမသာ လွှတ်ချလိုက်သည့် ခရေစေ့လေးတစ်စေ့က သဲထဲတွင်နစ်နေသည်။
တင်ညွန့်
၁၁.၃.၂၀၂၆
Keep Reading