တင်ညွန့်

“ဟိုး တစ်ချိန်တုန်းက … တို့မှာ မိုဘိုင်းဖုန်းတွေ မရှိကြဘူးနော်”
ဦးအောင်သာက သူ့မျက်မှန်လေးကို အဝတ်နှင့် ပွတ်ရင်း သူ့ဇနီးဖြစ်သူ ဒေါ်အေးမိကို ပြောလိုက်သည်။
“ဟုတ်တယ်နော် … အဲဒီတုန်းက ကျွန်မကလည်း အိမ်တံခါးဝကို ၅ နာရီ ၅၅ မိနစ်ဆိုတာနဲ့ ရောက်နေပြီ။ ရေတစ်ခွက်ကိုင်ပြီးတော့လေ။ ရှင်ကလည်း ၆ နာရီထိုးတာနဲ့ တံခါးကို ခေါက်ရော”
“အေးကွယ် အဲဒီအလုပ်ကို နှစ်ပေါင်း ၃၀ လောက် မင်းလည်း မပျက်မကွက် လုပ်ခဲ့တယ်။ ငါလည်း အဲဒီတုန်း ကတည်းက စဉ်းစားမိတယ်”
“ဘာများလဲ”
“မင်းရေတစ်ခွက်ခပ်လာလို့ ငါရောက်လာတာလား … ငါရောက်လာလို့ မင်းရေတစ်ခွက်ခပ်လာတာလားပေါ့”
“ကြံကြံဖန်ဖန်ရှင် … ရှင်လာမှာမို့ ကျွန်မက ရေအသင့်ခပ်ထားတာ”
“အဲဒီတုန်းက မင်းပြောတာ ရှိသေးတယ် … ဘာတဲ့ … မောင် အမောပြေသောက်လိုက်ဦး ဆိုတာလေ”
“အိုရှင်ရယ် ရှက်စရာ”
“ဟုတ်တယ် အဲဒီလို ရေလေးတစ်ခွက် … အပြုံးလေးနဲ့ ကြိုဆိုတာကို သဘောကျလွန်းလို့လည်း ၆ နာရီ ဆိုတာနဲ့ အိမ်တံခါးခေါက်နိုင်အောင် လုပ်ခဲ့တာလေ”
“ရှင်မှတ်မိသေးလား … ပင်စင်မယူခင်က ဆီးချိုမဖြစ်သေးဘူးလေ။ အဲဒီတုန်းက ထမင်းချိုင့်ထဲကို ရှင်ကြိုက် တတ်တဲ့ ပူတင်းတို့ … ဆနွင်းမကင်းတို့ ... သာကူပြင်တို့ အချိုတည်းဖို့ထည့်ပေးတာလေ”
“မှတ်မိတယ် … အဲဒီအချိန်ကို လွမ်းတယ် … ခုတော့ အဲဒါတွေ စားလို့ မရတော့ဘူး။ ငါလည်း အိမ်ပြန်လာရင် မင်းကြိုက်တတ်တဲ့ မုန့်ဟင်းခါး ဝယ်လာပေးတယ်လေ”
သူတို့နှစ်ယောက် အိမ်ရှေ့ဝရန်တာတွင်ထိုင်ရင်း အတိတ်ကို လွမ်းမောနေကြသည်။
“ခုတော့ ပင်စင်လည်းယူပြီးပြီ။ သားတွေ သမီးတွေလည်း တစ်ယောက်မှ အိမ်မှာ မရှိကြတော့ဘူး။ နောက်ဆုံးတော့ မင်းနဲ့ငါ နှစ်ယောက်ပဲ ကျန်ခဲ့တော့တယ်”
“ရှင် ညနေပိုင်း လမ်းလျှောက်ဦးမလား”
“လျှောက်မယ်လေ … ကန်ဘောင်မှာ စိုးမောင်တို့အုပ်စု စောင့်နေလိမ့်မယ်။ ကဲ သွားဦးမယ်”
“လမ်းဘေးကသွားဦးနော်”
“အေးပါကွာ”
ဦးအောင်သာ အပြင်ထွက်သွားသည်။
ဒေါ်အေးမိလည်း လုပ်စရာတွေကို လုပ်နေသည်။ နောက် တစ်နာရီခန့်အကြာတွင်
“တင်းတောင် … တင်းတောင်”
“လာပြီ”
ဒေါ်အေးမိ တံခါးသွားဖွင့်ပေးသည်။
“ရိုက်တိုင်းပဲကွ”
“ဘာလဲ ရိုက်တိုင်း”
“၆ နာရီအတိ ပြန်ရောက်တယ်လေ”
“အဲဒီတော့ ဘာဖြစ်သလဲ”
“ဘယ်မှာလဲ ကော်ဖီ”
“ဘာကော်ဖီလဲ”
“မင်းကို ဖုန်းခေါ်တာမရလို့ စာပို့ထားတယ်လေ”
“ဖုန်းက အသံပိတ်ထားတယ် … ပြီးတော့ အိပ်ခန်းထဲမှာ”
“ကော်တစ်ခွက်လောက် နှပ်ထားပါ … ၆ နာရီအတိပြန်လာမယ်လို့ စာပို့ထားတယ်”
“မကြည့်မိပါဘူး”
“ဒါနဲ့ ကျွန်မ မှာလိုက်တဲ့ မုန့်ဟင်းခါးရော”
“ဟာ မေ့ခဲ့ပြီ”
“နေဦး ဖုန်းနဲ့ ဒလီကိုလှမ်းမှာလိုက်မယ်”
“ဒလီကို ဖုန်းနဲ့လှမ်းမှာတာ ကျွန်မလည်း တတ်ပါ့ … ရှင်ဝယ်လာတာကို မျှော်နေတာ။ ရှင်ကော်ဖီ သောက်ချင်ရင် ဒလီကို မှာလိုက်မယ်လေ”
“ငါ မင်းဖျော်တာလေးကို သောက်ချင်နေတာ”
“ဟင်း … အဘိုးကြီးကတော့”
တင်ညွန့်
Keep Reading