လွမ်းဝေးအိမ်
ငါ့ရဲ့အချစ်တွေနဲ့ ထွန်ယက်
ငါ့ရဲ့မေတ္တာရေတွေနဲ့ သွန်းလောင်း
ငါ့ရဲ့သစ္စာတွေနဲ့ ပေါင်းသင်ခဲ့တဲ့
ငါ့ရဲ့သံယောဇဉ် သစ်ပင်လေးရေ
မင်းဘဝစိမ်းလန်း စိုပြေစေဖို့
ငါက ဘာတွေများထပ်ဖို့ပေးရအုံးမှာလဲ
ဥယျာဉ်မှူးကောင်း တစ်ယောက်ဆိုတာ
သူစိုက်ပျိုးတဲ့ပန်းကို ခူးပြီးမပန်ဘူးဆိုပေမယ့်
ငါသူများနမ်းပြီး ပစ်ချခဲ့တဲ့ပန်းကို
တယုတယ ပိုက်ထွေး
ထာဝရမွှေးမွှေးပေးချင်နေတဲ့
ဘုမသိဘမသိကောင်ပါ ၊
လောကရဲ့အမှန်တရားကြီးရေ
မင်းကတော့ ဆန်တစ်အိတ် ဆီတစ်ပုံးနဲ့
ဟိုးတောင်ထိပ်ပေါ်မှာ ပုန်းအိပ်နေသလား
ငါကလဲငါဘဲ တိုက်တစ်လုံး ကားတစ်စီးရဖို့ထက်
ငါ့ကဗျာတွေ ငါ့စာတွေခမ်းနားနေရင်
ငါ့ကတော့ ကျေနပ်နေမှာပါပဲ
လောကရဲ့ ပညတ်ချက်တွေနဲ့
ခပ်ကင်းကင်းနေချင်တဲ့ကောင်
လောကကြီးကိုပဲ ပိုင်ပိုင်နိုင်နိုင်
ပြုံးပြလိုက်ချင်သေးရဲ့
မင်းလုပ်ချင်ရာလုပ်
ငါကတော့အပြုံးမပျက်သေးဘူး ပုံစံနဲ့ပေါ့ကွာ ၊
ငါ့ရဲ့သယောဇဉ် သစ်ပင်လေးရေ
မင်းဆီကနေ ဖူးပွင့်လာမဲ့ပန်းကို
တပ်မက်မှုတွေ ဝိုင်းဝိုင်းလည်
လိုချင်သူတွေ အုံ့ဆိုင်းနေပေမယ့်
ဥယျာဉ်မှူးဖြစ်တဲ့ ငါကတော့
အဝေးကနေလှမ်းကြည့်
ခေါင်းငိုက်စိုက် ပြုံးပြရုံအပြင်
ဘာတွေများတက်နိုင်မှာလဲ
ဒီတော့ .......
မင်းလျှောက်မဲ့လမ်းမှာရေလိုအေးပြီး ပန်းလိုမွှေးပါစေ ၊
ငါကတော့လျှောက်ရဦးမှာပါပဲ
ဤခရီး နီးနီးဝေးဝေးပေါ့ကွယ် ၊
ငါ့ရဲ့သံယောဇဉ် သစ်ပင်လေးရေ
ကံကုန်ရင်တော့ ပြန်မဆုံပေဘူးပေါ့
ဒါကြောင့် ...
ကံမကုန်ခင်တော့ ပြန်ဆုံချင်သေးပါ့ရဲ့
သံယောဇဉ်တွေ မကုန်ဆုံး
ဘယ်တော့မှ မမုန်းနိုင်တဲ့
ငါ့ရဲ့သံယောဇဉ်သစ်ပင်လေးရေ ..... ။ ။ ။
လွမ်းဝေးအိမ်
Keep Reading