Author's Profile Photo

တင်ညွန့်

12/11/2025

မသေမချင်း

2 mins read
Life Style
Parenting & Family

မသေမချင်း
's photo

“ဓားပြဗျိုး…ဓားပြ…ကယ်ကြပါဦး”
နံနက် မိုးမလင်းမီစူးရှစွာပေါ်ထွက်လာသည့်အသံဖြစ်သည်။
ရွာထဲတွင်နိုးသူတွေကလည်းနိုးနေပြီ။ရွာသူရွာသားများထုံးစံအတိုင်းတုံးမောင်းခေါက်သည်နှင့်နိုးကြသည်ဖြစ်ရာတုံးမောင်းသံကြားပြီး၍မှမကြာသေး“ဓားပြ” ဆိုသည့် အသံကို ကြားလိုက်ရခြင်းဖြစ်သည်။
တုတ်၊ ဓားတွေ ရရာဆွဲကာ ရွာသူရွာသားတွေပြေးထွက်လာကြသည်။
“ဘယ်မှာလဲ …ဘယ်ကလဲ”
“ရွာလယ်ကုန်စုံဆိုင်က…မပုလေးအိမ်မှာဓားပြတိုက်လို့”
မီးတုတ်တွေနှင့်မပုလေးအိမ်ကိုအပြေးလေးသွားကြသည်။
“လိုက်ဟ …လိုက်ဟ…အိမ်နောက်ဖေးဘက်ကိုဝင်ပြေးသွားတာ”
“ဟိုမှာ …ဟိုမှာစပါးကျီအောက်မှာ”
ရွာသားတွေဝိုင်းလိုက်ကြသည်။
“ဟေ့ကောင် ထွက်လာနော်…ထွက်မလာရင်မီးတုတ်တွေပစ်သွင်းလိုက်မယ်”
စပါးကျီအောက်ကလူတစ်ယောက်လေးဘက်ထောက်ပြီးထွက်လာသည်။သူမျက်နှာကိုပုဆိုးစည်းထားသည်။
အပြင်ရောက်ရောက်ချင်းလူတွေကဝိုင်းရိုက်မည်ပြုရာသူကြီးက
“ဟေ့ …ဟေ့…လွန်မယ်…လွန်မယ်။နေဦးမျက်နှာကိုဖွင့်လိုက်…ငါမေးဦးမယ်”
လူတစ်ယောက်ကမျက်နှာပေါ်တွင်စည်းထားသည့်ပုဆိုးကိုဆွဲချွတ်လိုက်သည်။
“ဟာ”
ဝိုင်းကြည့်နေသူတွေအားလုံးအံ့အားသင့်သွားကြသည်။
“အလို ဘိုးထွန်းခင်ပါလား”
ဓားပြကတည်ငြိမ်စွာနှင့်ပင်
“အေး …ငါထွန်းခင်ပဲ”
သူကြီးက
“ဟာ …ငါရိုးထွန်းခင်…ဘာလုပ်တာလဲ…မင်းဘာလုပ်တာလဲ”
“ဓားပြတိုက်တာလေ”
“မင်းမေကလွှားတဲ့မှ…မင်းကဘာဖြစ်လို့ဓားပြတိုက်ရတာလဲ”
သူကြီးဘကျော်နှင့်ဘိုးထွန်းခင်တို့ကသက်တူရွယ်တူသူငယ်ချင်းများဖြစ်သည်။နှစ်ယောက်စလုံး၇၀စွန်းစွန်းတွေ။
“ဟေ့ကောင်ထွန်းခင်…မင်းကဓားပြတိုက်တယ်တဲ့လား”
“အေးလေ …ဘာလဲကွလိုက်တမ်းပြေးတမ်းကစားနေတယ်ထင်လို့လား”
“မင်းက ဓားပြတိုက်စရာလား”
“ငါက ဓားပြမတိုက်ရဘူးလို့ဘယ်ဘုရားကဟောထားလို့လဲ”
ထိုစဉ် ဓားပြအတိုက်ခံရသောအိမ်ရှင်မပုလေးရောက်လာသည်။
“သူကြီး ဓားပြမိပြီလား”
“မိပြီ ဟိုမှာ …”
“အလိုတော် ဘထွန်းခင်လား…မဖြစ်နိုင်ပါဘူး”
“နင့်အိမ်ကိုဓားပြတိုက်တာတစ်ယောက်တည်းလား”
“အေးတော့ မနက်ဆွမ်းချက်ဖို့ပြင်နေတာ…အိမ်နောက်ဖေးကဝင်လာပြီးကျုပ်ကိုဓားပြားနဲ့ရိုက်တယ်။ပြီးတော့လက်ဝတ်လက်စားတွေပေးတဲ့။ကျုပ်လည်းသူ့ကိုတွန်းချပြီးအိမ်နောက်ဖေးကခုန်ဆင်းအော်တာ။ဘထွန်းခင်မဖြစ်နိုင်ပါဘူး။သူဌေးကကျုပ်ဆင်းရဲသားအိမ်မှာဓားပြတိုက်မတဲ့လား”
“အေး …ဓားပြမတိုက်လည်းနင့်ကိုဟိုဒင်းဟိုဝါလုပ်ချင်လို့သိပြီလား…ဘကျော်ငါ့ကိုဖမ်းတော့”
ထိုစဉ် ရဲတပ်သားနှစ်ယောက်ရောက်လာပြီးဦးထွန်းခင်ကိုဖမ်းသွားလေတော့သည်။
ဦးထွန်းခင်၏ဇနီးဖြစ်သူဒေါ်ခင်လှကလည်းရှက်လှချည်ရဲ့ဆိုကာခုန်ခုန်ပြီးငိုသည်။နေထန်းတစ်ဖျားတွင်ဦးထွန်းခင်ကိုမြို့ရှိဂါတ်တဲကိုပို့ကြသည်။
နောက်တစ်ပတ်အကြာတွင်ဦးထွန်းခင်ကိုရုံးထုတ်သည်။
“မောင်မင်းဓားပြတိုက်သည်ဆိုခြင်းမှာမှန်သလား”
“မှန်ပါသည်”
“ပိုက်ဆံချမ်းသာသူဖြစ်ပါလျက်အဘယ်ကြောင့်ဓားပြတိုက်ရသနည်း။မုန်း၍လား”
“မဟုတ်ပါ”
“ကျွန်တော်မျိုးဓားပြတိုက်လျှင်ထောင်ကျနိုင်ပါသလား”
“ကျနိုင်သည်။သို့သော်ထူးဆန်းသည်မှာသင်လိုသူဌေးကဘာဖြစ်လို့ဓားပြတိုက်ရကြောင်းပြောပါ”
“ကျွန်တော်မျိုးထောင်ကျလိုပါသည်”
“ထူးဆန်းလှပေသည်။လူတွေကထောင်မကျချင်။သင်ကအဘယ်ကြောင့်ထောင်ကျချင်ရသနည်း”
“ကျွန်တော်မျိုးနားအေးပါးအေးနေချင်၍ဖြစ်ပါသည်”
“သင့်ကို မည်သူက နားပူနေသနည်း”
“ကျွန်တော်မျိုးမိန်းမကနေ့နေ့ညညနားပူသောကြောင့်ပါ”
“သင်တို့အိမ်ထောင်သက်ဘယ်လောက်ရှိပြီလဲ”
“နှစ်ပေါင်း၅၀ကျော်ပါပြီ”
“နှစ်ပေါင်း၅၀ကျော်နားပူခံခဲ့ပြီးခုမှအဘယ်ကြောင့်နားမပူမခံချင်ရသနည်း”
“နှစ်ပေါင်း၅၀ကျော်သည်းခံခဲ့ပါပြီ။ယခုခါတိုင်းထက်ပိုပိုဆိုးလာပါသည်။ထို့ကြောင့်သည်းမခံနိုင်သဖြင့်ထောင်ထဲသွားနေရန်ဆုံးဖြတ်ပြီးလုပ်မိလုပ်ရာလုပ်လိုက်ခြင်းဖြစ်ပါသည်”
တရားသူကြီးကပြုံးသည်။
“အမိန့်ချမည်…မောင်မင်းသည်နောက်၁၀နှစ်အတွင်းမိမိဇနီးဖြစ်သူနှင့်သင့်တင့်စွာအိမ်တွင်ပြန်နေစေ”
“တရားသူကြီးမင်းခင်ဗျား…ကျွန်တော်မျိုးဘာလုပ်မှထောင်ချမှာလဲ။ကျွန်တော်မျိုးအိမ်မပြန်ပါရစေနဲ့”
“မောင်မင်းကိုအိမ်ပြန်နေခိုင်းသည့်ပြစ်ဒဏ်သာအကြီးလေးဆုံးပြစ်ဒဏ်ဖြစ်သည်”
“ဒုန်း”
တရားသူကြီးကလက်ကိုင်ဘုကိုထုလိုက်ပြီး
“ရုံးဆင်းမည်”ဟုပြောလိုက်သည်။
တင်ညွန့်
၁၉.၉.၂၀၂၅

Keep Reading

လွတ်မြောက်ရာလမ်း မသေမချင်း လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်သူဌေးဝါဒ (၂၃)