Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

1/06/2025

သံသေတ္တာလေးတစ်တစ်လုံး

5 mins read
Life Style
သံသေတ္တာလေးတစ်တစ်လုံး's photo


အရေအတွက်မများလှတဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ အစိမ်းရောင်သံသေတ္တာလေးတစ်လုံးလည်း ပါတယ်။ သလ္လာဝတီ စက်မှုဇုန်လုပ်သားတွေရဲ့ ဗြောင်းဗြောင်းဒိုင်းဒိုင်းတူချက်တွေအောက်မှာ ပေါ်ထွက်လာတဲ့ ခပ်ပါးပါးသံသေတ္တာလေးတစ်လုံးဆိုပါတော့။ ခုနစ်ထောင့်ငါးရာလောက်ပဲ ပေးခဲ့ရတဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကလေး။ “ရွှေသိန်းမင်း”သံသေတ္တာရောင်းဝယ်ရေးကနေဝယ်လာခဲ့တာ။ သူ့သက်တမ်းပဲ အတော်ကြာလှပေါ့။ ဆယ်စုနှစ်နှစ်စု ပြည့်လုလုဖြစ်လာခဲ့ပြီ။

ရွာဘက်မှာဆိုရင်တော့ သေတ္တာက မရှိမဖြစ်ပစ္စည်းအမျိုးအစားတစ်ခု မဟုတ်ဘူး။ သိမ်းစရာသေတ္တာ မလိုသလို ထည့်စရာ ပိုက်ဆံအိတ်လည်းမလိုဘူး။ နည်းနည်းပါးပါး ရှိနေတတ်တဲ့ငွေစကြေးစလေး တစ်ရွက်နှစ်ရွက်ကို ပုဆိုး၊ လုံချည်အပေါ်နားထဲ ထည့်ညှပ်ပြီးလိပ်ထား တတ်ကြသလို ဒီ့ထက်နည်းနည်း များလာရင်လည်း ခေါင်းအုံးအောက်တို့၊ ဖျာ့အောက်တို့ညှပ်ထားလိုက်ကြတာပါပဲ။ ဒါနဲ့တောင် မလုံလောက်သေးရင်တော့ ဝါးပိုးအဆစ်ပိတ်ထဲထည့်ထားတာတို့၊ စဉ့်အိုးငယ်လေးထဲထည့်မြှုပ်တာတို့ လုပ်ကြသေးတယ်။ ဟိုတုန်းကပါ။ ဒါပေမဲ့ ကိုယ့်အတွက်တော့ မရှိမဖြစ်ထားစရာအကြောင်းတစ်ခုက ဖန်လာခဲ့တယ်။

​ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်၊ အိမ်ကနေရက်ရှည်လများခရီးထွက်ရတော့မယ်ဆိုတော့ တိုတိုထွာထွာပစ္စည်းပစ္စယလေးတွေသိမ်းဆည်းသိုမှီးဖို့ သေတ္တာလေးတစ်လုံးလိုလာတာပေါ့။ အဲ့ဒီမှာ သူကိုယ့်ဆီစရောက်လာခဲ့တယ်ဆိုပါတော့။ စောင်ကလေး၊ ခေါင်းအုံးကလေး၊ အင်္ကျီအဝတ်အစားလေးတွေ၊ တိုလီမုတ်စ၊ ဗြုတ်စဗျင်းတောင်းကလေးတွေထည့်ပြီး တက္ကသိုလ်ပြည်ကိုချီတက်ခဲ့တယ်။

​တက္ကသိုလ်ပြည်၊ ဒိသာပါမောက္ခဆရာကြီးတွေရဲ့ခြေရင်းမှာ ငါးနှစ်ငါးမိုးပညာသင်နေစဉ်ကာလ တစ်လျှောက်လုံး ဒီသေတ္တာကလေးက ကိုယ့်အတွက်ဘဏ္ဍာတိုက်ကလေးဖြစ်ခဲ့သလို ရှိစုမဲ့စုပိုင်ဆိုင်မှု လေးတွေ သိုမှီးသိမ်းဆည်းရာ မီးခံသေတ္တာကလေးလည်းဖြစ်ခဲ့တယ်။ သိမ်းဆည်းသိုမှီးဖို့အတွက် တစ်ခုတည်းသောအရာကလေးဖြစ်တာကြောင့် ကိုယ့်ဘဝရုပ်ရှင်ရဲ့ဇာတ်ဝင်ခန်းအတော်များများနဲ့ သူက တရင်းတနှီးရှိနေမယ်ထင်တယ်။ အထူးသဖြင့် သူသာ မြင်တတ်၊ ကြားတတ်၊ ခံစားတတ်တဲ့ သက်ရှိ တစ်ယောက်ဖြစ်မယ်ဆိုရင်ပေါ့။

​သေတ္တာလေးထဲမှာက အဝတ်အစားလေးတွေ၊ စာအုပ်စာတမ်းလေးတွေအပြင် သိမ်းသင့်တယ် ထင်တဲ့ပစ္စည်းပစ္စယမှန်သမျှ ထည့်ထားသိမ်းထားဖြစ်ခဲ့တယ်။ ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့ အကြောင်း ကလေးတွေ၊ တခြားတခြားသောအကြောင်းအရာလေးတွေ မှတ်မိသမျှမှတ်တမ်းတင်ထားတဲ့ ဒိုင်ယာရီစာအုပ်လေးတွေကိုလည်း သူ့အထဲမှာပဲသိမ်းထားဖြစ်ခဲ့တယ်။ တိုတိုထွာထွာရေးထားသမျှ ကဗျာလေး၊ စာလေးတွေ၊ ဘဝရဲ့မှတ်တမ်းဓာတ်ပုံလေးတွေ၊ ချစ်ရသူရဲ့ပုံလှလှလေးတွေ၊ တုံ့လှယ်မေတ္တာပြန်ကြားလွှာလေးတွေ စသည်စသည်အားဖြင့် သိမ်းဆည်းစရာ လေးတွေမှန်သမျှ သေတ္တာလေးထဲရောက်ရောက်သွားကြတာမို့ ကိုယ့်ဘဝကိုဇာတ်ကြောင်း အတော်များများကို သူသိနေခဲ့တယ်။ တက္ကသိုလ်ပညာသင်ဘဝ ငါးနှစ်တာကာလတစ်လျှောက်လုံး ကိုယ့်ရဲ့ သက်မဲ့ အဖော်မွန်လေးတစ်ခုဆိုရင်လည်း မမှားဘူးပေါ့။

ငယ်ရွယ်တဲ့အချိန်၊ အိပ်မက်တွေအများကြီး မက်နေခဲ့တဲ့အချိန်၊ ဝါသနာတွေအများကြီး မွေးမြူထားတဲ့အချိန်၊ အလုပ်တွေလည်းအများကြီးလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်အထင်​ရောက်နေခဲ့တဲ့အချိန်၊ တတ်သလောက်မှတ်သလောက်လည်း တကယ်ကြိုးစားခဲ့တဲ့အချိန်၊ စိတ်ကူးလည်း အများကြီးယဉ်တတ်တဲ့အချိန်၊ မှားတာတွေရောမှန်တာတွေရောအများကြီးရှိခဲ့တဲ့အချိန်၊ ဝမ်းနည်းဝမ်းသာ တွေလည်းအများကြီးဖြစ်ခဲ့တဲ့အချိန်၊ အမှတ်ရစရာအဖြစ်တွေလည်းများခဲ့တဲ့အချိန်၊ ဒီလိုအချိန်မျိုးမှာ အနားနားရှိနေခဲ့တာမို့ ကိုယ့်အကြောင်းကိုအသိဆုံး သက်မဲ့အရာတွေထဲကတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

​ချစ်ရသူခိုင်ခိုင်နဲ့ဇာတ်ပေါင်းခန်းကိုရောက်ပြီးလို့ ဆံထုံးနောက်သျှောင်ပါခဲ့ရချိန်မှာလည်း ဒီသေတ္တာ လေးက ကိုယ်နဲ့မကွာပါလာခဲ့တယ်။ အိမ်ထောင်ဦးအမှတ်တရပစ္စည်းကလေးတွေထည့်ထားလိုက် ကြတယ်ပေါ့။ များများစားစားမဟုတ်ပါဘူး။ နှစ်ကိုယ်တူဘဝတစ်ခုကိုတည်ဆောက်ကြချိန်မှာတော့ သေတ္တာလေးက ခိုင်ခိုင်နဲ့ပဲလက်ပွန်းတတီးရှိနေခဲ့တယ်။ အဝတ်လေးတွေလျှော်တာဖွပ်တာ၊ မီးပူတိုက်တာ၊ ခေါက်တာ သိမ်းတာက သူပဲလုပ်နေကျကိုး။ ဒီသေတ္တာလေးပေါ် စောင်လေးထူထူဖြန့်ခင်းပြီး မီးပူတိုက်လေ့ ရှိတယ်။ နည်းနည်းပါးပါးရှိတဲ့ပိုက်ဆံလေးတွေသိမ်းတော့လည်း ဒီအထဲပဲဆိုပါတော့။ ခိုင်ခိုင်က ရှိတဲ့ပိုက်ဆံလေးတွေထုတ်ထုတ်ပြီး ခဏခဏရေတတ်လွန်းလို့ “ရေရုံနဲ့ ပွါးလာမှာမဟုတ်ဘူးနော်”လို့ စရသေးတယ်။ အေးအတူပူအမျှ မိသားစုဘဝလေးမှာ ဒီသေတ္တာလေးကလည်း အရေးပါတဲ့အရာလေး တစ်ခုပေါ့။ နောက်ထပ်သေတ္တာလေးတွေတိုးလာသေးပေမဲ့ ဒီဟာလေးရဲ့အခန်းကဏ္ဍကလည်း မှေးမှိန်မသွားသေးပါဘူး။ အရေးလည်းပါသလို အရာလည်းရောက်နေတုန်းပါ။

အသက်မွေးဝမ်းကျောင်းအလုပ်အတွက် သင်တန်းသုံးလခွဲလောက်တက်ရဦးမယ်ဆိုတော့ ဒီသေတ္တာကလေးထမ်းပြီးထွက်ခဲ့ရပြန်တယ်။ ရထားတစ်တန်၊ ကားတစ်တန်နဲ့ အစုန်အဆန်၊ အနိမ့်အမြင့် ခရီးအဆင့်ဆင့်နှင်ခဲ့ရတယ်။ တက္ကသိုလ်လို့ကမ္ပည်းတပ်ထားပြီး တက္ကသိုလ်အငွေ့အသက်သိပ်မရနိုင်တဲ့ နေရာတစ်ခုမှာ သုံးလခွဲဆိုတဲ့ကာလက အတော်ကြီးကိုကြာလွန်းတယ်လို့ ထင်နေခဲ့တယ်။ ကြာလည်းကြာခဲ့ ပါတယ်။
​မနက်လင်းလာရင်ပျာယာတွေခတ်၊ ပစ္စည်းပစ္စယမှန်သမျှ သေတ္တာလေးထဲကောက်ထည့်၊ အဲ့သလိုမထည့်လို့ ဟိုနားဒီနား သေးသေးမွှားမွှားပစ္စည်းလေးတွေတွေ့ပြန်ရင်လည်း ဘာတွေ့တယ် ညာတွေ့တယ်ဆိုပြီး အမှတ်တွေကဖြတ်၊ ဒီလိုဆိုတော့ ဝုန်းဒိုင်းတွေကြဲ ယောက်ယက်တွေခတ်၊ သူလည်းကိုယ့်လို ကိုယ်လည်းသူ့လို အကုန်လုံးအတူတူတွေချည်းပါပဲ။ သင်တန်းပြီးလို့ ဒေသအသီးသီးကို ခရီးဆက်ကြရပြီဆိုတော့လည်း ဒီသေတ္တာလေးပဲဆွဲထွက်ခဲ့ရတာပေါ့။ ဒီတော့ ကိုယ့်ဘဝကိုယ့်ဇာတ်လမ်း ကလေးတွေကို ဒီသေတ္တာကလေးသိနေခဲ့တာ သိပ်တော့လည်းမဆန်းဘူးပေါ့။

​ဘဝမှာ ကျောင်းတွေ၊ သင်တန်းတွေများများတက်ဖို့ ကံပါလာပုံရပါတယ်။ ဒီသေတ္တာလေးဆွဲဆွဲပြီး ချီတက်ခဲ့ရတဲ့အကြိမ်ပေါင်းကို သိပ်မနည်းတော့ဘူး။ သင်တန်းကာလတွေမှာတော့ သင်တန်းနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ အပြည့်ထိုးသိပ်ထည့်ရတာပေါ့လေ။ ရှောင်ရန်ဆိုတာတွေကို တတ်နိုင်သမျှရှောင်ရင်း၊ ဆောင်ရန်ဆိုတာတွေကို တတ်နိုင်သမျှဆောင်ရင်း သင်တန်းကာလတွေကိုဖြတ်သန်း ရတာပေါ့။ ချိုမြိန်လှတဲ့ကာလတွေတော့ မဟုတ်ပါဘူး။

ကျန်တဲ့ အချိန်တွေဆိုရင်တော့ အဝတ်အစားလေးဘာလေးထည့်ဖို့ သာမန်အသုံးအဆောင်တစ်ခုပါပဲ။ သင်တန်းချိန်တွေကျရင်တော့ ဒါက အလေးဂုပြုရမယ့် အရေးကြီးပစ္စည်းတစ်ခုဖြစ်သွားပြီပေါ့လေ။ သူ့အထဲက ကြိုးစလေးတစ်စထွက်နေရင်တောင် ကိုယ့်အတွက်အနုတ်လက္ခဏာဆောင်သွားနိုင်တာကိုး။ ဒီတော့လည်း သူ့ကို အရိပ်တကြည့်ကြည့်ရှိနေရတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်ထက်တောင်ပိုပြီး ဂရုစိုက်နေရတဲ့ကာလလေး တွေပါ။ သဘာဝကျတာ၊ မကျတာ၊ ဖြစ်သင့်တာ၊ မဖြစ်သင့်တာတွေနောက်ထားလို့ သေတ္တာလေးတစ်လုံး အဖော်ပြုပြီး တတ်နိုင်သမျှလိုက်နာနေခဲ့ရတာပါပဲ။

​ဘဝခရီးကို တစ်ကိုယ်တည်းဖြတ်သန်းနေခဲ့တဲ့အခိုက်အတန့်လေးတွေမှာ ဒီသေတ္တာလေးနဲ့အတူ ရှိနေခဲ့သလို ဇနီးမယားသမီးသားတွေနဲ့စိုစိုပြည်ပြည်ဖြစ်လာချိန်မှာလည်း မကွဲမကွာရှိနေခဲ့တယ်။ ဒါပေမဲ့ လက်ပွန်းတတီးရှိပုံချင်းတော့ ကွာတယ်ပေါ့လေ။ တစ်ကိုယ်တည်းနေချိန်တွေမှာ၊ သင်တန်းသားဘဝ ရောက်ချိန်တွေမှာ နေ့တိုင်းနေ့တိုင်း အထုတ်အသွင်း၊ အဖွင့်အပိတ်ရှိနေတဲ့အတွက် သူနဲ့ကိုယ်တရင်းတနှီး ရှိနေတယ်။ တခြားအချိန်တွေမှာတော့ အိမ်ခန်းထောင့်ကွေးတစ်နေရာရာမှာ သူ့ကိုထားထားလိုက်တယ်။ ကိုယ်ကလည်းသူ့ကိုသတိမရတော့သလို ခံစားသိစိတ်ကင်းမဲ့နေတဲ့သူကလည်း ကိုယ့်ကိုတကူးတက သတိရ နေနိုင်မှာမဟုတ်ပါဘူး။

​သင်တန်းတစ်ခုခုတက်ဖို့ရှိလာရင်ပဲဖြစ်ဖြစ်၊ တစ်နေရာကနေတစ်နေရာ၊ ဒေသတစ်ခုကနေ နောက်တစ်ခုကိုပြောင်းရရွှေ့ရဖို့ရှိလာရင်ပဲဖြစ်ဖြစ် ထည့်စရာပြုစရာ၊ သယ်စရာပိုးစရာ ပစ္စည်းပစ္စယလေးတွေ ထုပ်ရသိမ်းရထည့်ရပြန်ပြီ၊ သေတ္တာလေးတွေ၊ ပုံးလေးခြင်းလေးတွေ၊ အထုပ်အပိုးလေးတွေပြင်ရပြန်ပြီပေါ့။ ဟိုထဲဆံ့သလောက်ထည့်၊ ဒီထဲဆံ့သလောက်ထည့်နဲ့ အလုပ်တွေရှုပ်ရပြန်တာပေါ့။ ကားကြီး၊ ကားငယ် အသွယ်သွယ်နဲ့ ဆိုင်ကယ်၊ ရထား ယာဉ်မျိုးစုံနဲ့ခရီးသွားဖူးတဲ့ သေတ္တာလေးတစ်လုံးပါ။ နည်းနည်းပါးပါးလည်း ပိန်ချိုင့်နေပြီပေါ့။

​ဆယ်စုနှစ်နှစ်စုနီးပါးကြာခဲ့ပြီမို့ သံသေတ္တာလေးရဲ့သက်တမ်းက သိပ်မနည်းတော့ဘူးလို့ဆိုရမယ်။ သူ့အထဲထည့်ဖူးတဲ့ပစ္စည်းပစ္စယတွေဆို အတော်များလှရောပေါ့။ ပုဆိုးတွေ၊ အင်္ကျီတွေ၊ တဘက်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေ စတဲ့စတဲ့လူ့အသုံးအဆောင်ပစ္စည်းတွေ။ ကျောင်းသားဘဝတုန်းက ကျောင်းနဲ့ ပတ်သက်တဲ့စာအုပ်စာတမ်းတွေ၊ စာရေးကိရိယာတွေ၊ ကျောင်းနဲ့မပတ်သက်တဲ့ပြင်ပစာအုပ်တွေ၊ အိမ်ထောင်ရှင်ဘဝရောက်ပြန်တော့ မိသားစုပစ္စည်းကလေးတွေ၊ လက်ဝတ်လက်စားလေးတွေ၊ သင်တန်းသားဘဝရောက်ပြန်တော့ သင်တန်းသုံးပစ္စည်းလေးတွေ၊ စုံလို့ပေါ့။ ဒီသေတ္တာလေးထဲ ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ပစ္စည်းပစ္စယတွေ အတော်များခဲ့ပြီပေါ့။ တန်ဖိုးနည်းတာတွေရော၊ တန်ဖိုး အသင့်အတင့်ရှိတာလေးတွေရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသုံးအဆောင်ပစ္စည်းလေးတွေကလည်း ကိုယ့်ပုံရိပ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ထင်ဟပ်နေတယ်ပေါ့။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့အခြေအနေ တွေကိုလည်း ထင်ဟပ်နေပြန်တယ်။

ကိုယ်က ဘယ်လိုပစ္စည်းပစ္စယမျိုးပဲဖြစ်ဖြစ် တရိုတသေသိမ်းတတ်တဲ့အကျင့်ရှိတယ်။ ခိုင်ခိုင်ကျတော့ ကိုယ့်ထက်ပိုဆိုးရော။ ကြွပ်ကြွပ်အိတ်လို၊ ဘူးခွံ၊ ပုလင်းခွံလိုဟာမျိုးတောင် သိမ်းထားသေးတတ်သေးတာ။ ကြွပ်ကြွပ်အိတ်ကို တခြားပစ္စည်းပစ္စယထည့်ဖို့သုံးလို့မရတော့ရင်တောင် အမှိုက်ထည့်ပစ်ဖို့ သုံးသေးတာ။ ဆည်တဲ့ကန်သင်းလေးကတော့ ခိုင်သလားမမေးနဲ့။ စီးတဲ့ရေနည်းနေတာလေးတစ်ခုပဲခက်နေတာ။ ထားပါတော့။ ပြောချင်တာကတော့ ဘူးခွံ၊ ပုလင်းခွံလို တန်ဖိုးနည်းလွန်းတာလေးတွေကိုတောင် အသေအချာ သိမ်းတတ်တဲ့အိမ်မို့ သံသေတ္တာလေးလည်း သက်တော်ရှည်ပစ္စည်းလေးတစ်ခုအနေနဲ့ မြဲနေတဲ့အကြောင်းပါ။

​ကိုယ့်အိမ်မှာမှမဟုတ်ဘူး၊ ကိုယ့်နယ်ဘက်တွေမှာကတော့ ဘယ်လိုပစ္စည်းမျိုးပဲဖြစ်ဖြစ် အသုံးဝင်နေ သရွေ့ သုံးနေကြတယ်။ နောက်ဆုံးဘယ်လိုမှသုံးလို့မရတော့ဘူးထင်မှသာ စွန့်ပစ်လေ့ရှိကြတယ်။ ပုဆိုး၊ အင်္ကျီလေးတွေ၊ ထဘီလေးတွေဆို အကြီးနဲ့အငယ်၊ ညီအစ်ကိုမောင်နှမ လက်ဆင့်ကမ်းလိုက်ကြတယ်။ စုတ်ပြတ်ဟောင်းနွမ်းသွားရင်လည်း မပစ်လိုက်သေးဘူး၊ လက်ခုစုတ်၊ လက်နှီးစုတ်အနေနဲ့သုံးသေးတယ်။ လက်နှီးစုတ်ကနေ ဟောင်းလွန်းသွားမှသာ ပစ်လိုက်တော့တာ။ တခြားဘယ်လို့ အသုံးဆောင်ပစ္စည်းမျိုးပဲ ဖြစ်ဖြစ် ထိုနည်းလည်းကောင်းပါပဲ။ သုံးလို့ရသရွေ့ သုံးနေသေးတာပါပဲ။ စေ့စပ်တယ်လို့ဆိုရမလား၊ အခြေခံလူတန်းစားတွေရဲ့အထုံအလေ့လို့ပဲပြောရမလား။

​သံသေတ္တာလေးတွေလည်း ဒီလိုပါပဲ။ ဝယ်လာတယ်၊ သုံးလိုက်တယ်၊ အကြောင်းတစ်စုံတစ်ရာကြောင့် ပိန်သွားတယ်ဆိုရင် သံဖြူဆိုင်ကိုပြန်အပ်လိုက်တယ်။ ပြန်ရိုက်ဖြောင့်လိုက်တယ်၊ ဆေးပြန်သုတ်တယ်၊ ပြန်သုံးတယ်။ ဒီလိုနည်းနဲ့ နှစ်ပေါင်းအကြာကြီးသုံးကြတာပေါ့။ တရိုတသေရှိတဲ့ တချို့အိမ်တွေဆို သံသေတ္တာ တစ်လုံးဝယ်ထားရင် မျိုးဆက်နဲ့ချီပြီးသုံးပါလေ့။

​ကိုယ့်သေတ္တာလေးရဲ့ အတိတ်သမိုင်းကို မသိပါဘူး။ ဆိုလိုတာက သူ ပီပါခွံဘဝကလာခဲ့သလား၊ သံစည်ပိုင်းတစ်ခုကန ပုံပြောင်းခဲ့သလား မသိနိုင်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ သေတ္တာတစ်လုံးရဲ့ဝင်ဆံ့မှု၊ သေတ္တာတစ်လုံးရဲ့လုံခြုံမှုကို သူပေးနေနိုင်ပါသေးတယ်။ ပေးနေနိုင်သရွေ့ သူ့တန်ဖိုး မလျော့သေးဘူးပေါ့။

​ကိုယ့်ရဲ့သေတ္တာလေးက နည်းနည်းပိန်နေပေမဲ့ အကြည့်ရသိပ်မဆိုးသေးလို့ ပြန်ဖြောင့်ဖို့တော့ မလိုသေးပါဘူး။ ချောင်ထိုးတဲ့အခါထိုးထားပေမဲ့ လိုအပ်လာရင်တော့ သေတ္တာလေးထမ်းပြီး ခရီးတွေနှင်နေရတုန်း၊ ကိုယ့်ရဲ့ခရီးဖော်အဖြစ် ရှိနေတုန်းပါ။ နှစ်ပေါင်းနှစ်ဆယ်နီးပါးတော့ သုံးခဲ့ပြီးပြီ။ နောက်ထပ်ဘယ်လောက်သုံးဖြစ်ဦမလဲ၊ ဘယ်မျိုးဆက်အထိအသုံးဝင်နေဦးမလဲတော့ မပြောနိုင်သေးဘူးပေါ့။ မျိုးဆက်ဘယ်နှဆက်ရဲ့သမိုင်းတွေအထိ သူသိခွင့်ရှိဦးမလဲဆိုတာလည်း မပြောနိုင်သေးဘူးပေါ့လေ။

သိုက်စိုးထွန်း(နတ်ရွာ)

၃၁.၅.၂၀၂၄ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲတက်ညီလက်ညီ ပန်းတိုင်ဆီသို့