Author's Profile Photo

ဒေါ်လင်းယဉ်

29/05/2025

ကိုယ်ပိုင်စည်းမျဉ်း(ဂုဏ်တန်ဖိုး)

1 min read
Life Style
Personal Development
Self Improvement

ကျွန်ုပ်တို့တွေမှာ လူရယ်လို့ ဖြစ်လာကတည်းက self-discipline လို့ခေါ်တဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ ပေါ်ပေါက်လာပါတယ်။ ထိုစည်းမျဉ်းတွေဟာ မိဘက သင်ပေးတာမျိုး ၊ ကျောင်းက ဆရာ ဆရာမတွေကနေ တစ်ဆင့် သင်ယူတာမျိုး ဒါမှမဟုတ်လည်း ကိုယ့်စိတ် ကိုယ်ကို သွန်သင်ထားတာမျိုး စသည်ဖြင့် သင်ကြား နည်းသုံးမျိုးဖြင့် သင်ကြားရပါတယ်။

"ထမင်းပွဲမှာ လူကြီးတွေမနှိုက်ခင် ဦးအောင်မနှိုက်ရ ဘူး" ဆိုတာဟာလည်း စည်းတစ်မျိုးပါပဲ။ ဘိုးဘွာဘီဘင် တွေကနေ တစ်ဆင့် မိဘတွေ ၊ မိဘတွေကနေတစ်ဆင့် ကျွန်ုပ်တို့တွေကို လက်ဆင့်ကမ်းသင်ကြားပေးသည့် စည်းတစ်မျိုးပေါ့။ လိမ္မာရေးခြားရှိခြင်း၏ အစကတော့ မိဘသွန်သင်ပေးတဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေပါပဲ။

ကျောင်းရောက်တော့ " ကျောင်းသားဆိုတာ ကျောင်း လာရင် ကျောင်းစိမ်းဝတ်မှ" စသည်ဖြင့် ကျောင်း စည်းကမ်းတွေကို ကျောင်းသားဆိုသည့် ဂုဏ်ပုဒ်နှင့် ထပ်တူကျအောင် လိုက်နာခဲ့ရပါတယ်။ အစကတော့ သာမန်ကျောင်းသားပါပဲ။ စည်းကမ်းတွေ လိုက်နာလိုက် တော့ နဂိုထက် ပိုပြီးဂုဏ်တင့်တဲ့ ကျောင်းသားဖြစ်ပြီပေါ့။အသက်တူ အတန်းတူ ကျောင်းသားချင်းမှာတောင် ထိုကျောင်းသားမျိုးက ပိုပြီးလူလေးစားခံရတတ်တာ ဓမ္မတာပါပဲ။

ကိုယ့်စိတ်ကိုယ် သွန်သင်ပြီး ရလာသည့် ကိုယ်ပိုင် စည်းတွေကကျတော့ ကိုယ်ပိုင်ဓာတ်ခံ ၊ ကိုယ့်စရိုက် လက္ခဏာတွေ ပြီးလျှင် ကိုယ့်အပေါင်းအဖော် သူငယ်ချင်းမိတ်ဆွေတွေ ၊ ကိုယ့်ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းနှင့် တစ်နည်းတစ်ဖုံ ပတ်သက်သက်ဆိုင် နေပါတယ်။

လူခိုးတစ်ယောက် ထားတဲ့ ဂုဏ်တန်ဖိုး


 ကိုယ်ဟာ ခိုးတဲ့လူ။ အပေါင်းအဖော်တွေကလည်း ထောင်ထဲရောက်နေတာ။ ကိုယ်ခိုးတာက ကိုယ့်မိသားစုကို ကျွေးချင်လို့။ မနိုင်စာလေးနဲ့ ထောင်ထဲရောက်နေတဲ့ ကောင်တွေရဲ့ မိသားစုတွေကိုပါ ဖြည့်ပေးမိတယ်။ ကိုယ် သာ အိမ်ပြန်သွားရင် မိသားစုတွေကတော့ ပျော်နေတာပဲ။ ကိုယ်ခိုးပြီး ရှာကျွေးနေရတာ သူတို့မှ မသိတာ ။ သူတို့ အတွက် ကိုယ်ဟာ လူကောင်းကြီး။ အားကိုးအားထားပြု ရသူကြီး။ တစ်ခါခိုးလို့မိရင် ဝိုင်းရိုက်ခံရ ၊ ပြေးလိုက်ရ နှင့် အန္တရာယ်များသည့် အလုပ်။ ကံငါးပါးကို ဖောက် သည့် အလုပ်။ ကိုယ်ဟာခိုးသာ ခိုးတာ ကိုယ့်မှာလည်း ကိုယ်ပိုင်ကန့်ထားတဲ့ စည်းမျဉ်းဆိုတာ ရှိတယ်။ "ဘယ်တော့မှ သူများလည်ပင်း ဓားထောက်ပြီး ဓားပြတိုက်တဲ့ လုပ်ရပ်မျိုး မလုပ်ဘူး"။ ဓားပြဆို ကိုယ်တအား ရှုံ့ချတယ်။ တချို့တွေကတော့ တွေးမှာပေါ့ ။ သူခိုးနှင့် ဓားပြ အတူတူနှင့် အနူနူပါပဲ။ ဘာကွာလို့လဲ။


ကိုယ်တိုင်ခိုးရမှ လည်လာတာ။ ကိုယ်ကလည်း မိသားစု ကို ရှာကျွေးနေတာပဲ။ သူတို့ကလည်း ရှာကျွေးနေတာပဲ။ ရှင်သန်ဖို့ ခက်ခဲတဲ့ ဒီလောကကြီးမှာ ရှာကျွေးတာခြင်း အတူတူ ကိုယ်ပိုင်စည်းလေးတောင် မကန့်ဘဲ နောက်ဆုံး လက်ကျန် တန်ဖိုးလေးကို အဆုံးခံတဲ့လူ ။ ထိုလူတွေဟာ ဓားပြ။ ကိုယ်ဟာ ဘယ်တော့မှ အဲ့လိုလူတစ်ယောက် အဖြစ်မခံနိုင်ဘူး။ ကိုယ့်မှာ တန်ဖိုးကျန်နေသေးတယ်။ အဆုံးမခံနိုင်ဘူး။


လူ့စိတ်ဆိုတာ ခဏတာပါပဲ။ ကိုယ်လည်း မှားတတ် တယ်။ လူပဲလေ။ ဒါကြောင့် အချိန်ပြည့် ကိုယ့်ကိုကိုယ် သွန်သင်ရတယ်။ ငယ်စဉ်တုန်းက မိဘတွေ သွန်သင်ခဲ့တာ ပဲ။ ဆရာဆရာမတွေ ဆုံးမခဲ့တာပဲ။ လောကကြီးဟာ ခက်ခဲတယ်။ ခါးသီးတယ်။ မိဘဆရာသမားတွေ သင်ကြားပေးခဲ့တဲ့ အမှန်အကန်နည်းတွေအတိုင်း အချိန်ပြည့်မနေနိုင်ဘူး။


ခိုးနေတဲ့ အချိန်မှာ လောဘမတက်အောင် ၊ ခိုးမှုတွေ မှာ မမွေ့လျော်သွားအောင် ၊ ကိုယ်ခိုးရတဲ့ ရည်ရွယ်ချက် ကို အမြဲသတိရနေအောင် စည်းတွေကို ပိုလေးစား လိုက်နာတယ်။ ကိုယ့်ကိုကိုယ် သွန်သင်တယ်။ ကန့်ထား တဲ့ စည်းတွေ ရှိနေတော့ လောကကြီးထဲမှာ ကိုယ်က တန်ဖိုးလေး ရှိနေသေးတယ်လို့ ခံစားရတယ်။


လူရိုး၊ လူအ ၊ လူထက် ၊ လူတော်၊ လူခိုး ၊ လူမိုက် စသည်ဖြင့် ကမ္ဘာပေါ်မှာ လူအမျိုးအစားတွေ များပါ တယ်။ အဓိကအားဖြင့် ခွဲကြတာကတော့ လူကောင်း လူဆိုး နှစ်မျိုးပေါ့။ သို့ပေမယ့် ထိုသို့ခွဲဖို့ဆိုတာလည်း လူတိုင်းဟာ မိမိဘဝမှာတော့ လူကောင်းတွေချည်းပါပဲ။

( စာလုံးပေါင်းသတ်ပုံ မှားယွင်းခဲ့သည် ဖြစ်စေ ၊ နဂို ဖတ်ခဲ့သည်နှင့်ကွဲလွဲတာမျိုး ရှိသည်ဖြစ်စေ သည်းခံပေးပါရန် တောင်းပန်ပန်ကြားအပ်ပါသည်။ သည်စာသည် မှားဖျက်မိသဖြင့် ပြန်တင်ထားရသည့် စာဖြစ်ပါသည်။ မေလ ၂၉ ၂၀၂၅)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်လေးဆယ့်ရှစ် - အနားယူခြင်းနဲ့ အလုပ်လုပ်ခြင်း နောက်ဆုံးတော့ မြည်းဟာမြည်းပါပဲစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း