Author's Profile Photo

ဟယ်ရီကို ( Harry Ko )

21/02/2025

❝ ကလေးဘဝအမှတ်တရလေးတွေ..... ❞

2 mins read
Life Style
Personal Development
18 Again
❝ ကလေးဘဝအမှတ်တရလေးတွေ..... ❞'s photo

မနက်ခင်း မနက်စာစားပြီးလို့ ကုလားထိုင်ပေါ် ထိုင်ရင်း ငယ်စဉ်ကလေးဘဝကအကြောင်းအရာလေးတွေ တချို့ပြန်တွေးမိတယ်။ အဲ့အချိန်က ကလေးမှကလေး...။ ဘာမှမသိသေးတဲ့အရွယ်ပေါ့။ ရည်မှန်းချက်ကဘာလဲဆိုတာတောင်မသိသေးဘူး။ ဆော့မယ်၊ကစားမယ်၊မုန့်စားမယ်၊အိပ်မယ် ... ဒါလောက်ပဲသိခဲ့တာ။ ‌မှတ်မှတ်ရရအနေနဲ့ မှတ်ဉာဏ်ထဲစွဲနေတဲ့တချို့အမှတ်တရအဖြစ်အပျက်လေးတွေကို ‌မှတ်တမ်းရေးထားချင်တာမို့ အခုရေးလိုက်ရပါတယ်

(( ၂၀၁၇ခုနှစ် ))
အဲ့နှစ်က ကိုယ်ဖြင့် ၉နှစ်အရွယ်ပဲရှိသေးတာ။ ၃တန်းကျောင်းသူလေးပေါ့။ အဲ့တုန်းကဆိုရင် ကျောင်းနဲ့ကျူရှင်၊ ဒီနှစ်ခုမှာပဲ အချိန်ကုန်ခဲ့တာ။ သူငယ်ချင်းတွေနဲ့ မုန့်စား၊ဆော့တယ်။ ပွဲတော်ရက်တွေဆိုရင် အဖေနဲ့အမေက လိုက်ပို့ပေးတယ်။ ပွဲတော်ရက်တွေဆို အရမ်းပျော်ရတယ်။ မုန့်တွေအများကြီးစားရတာကိုး။ အဝတ်အစားအသစ်တွေလည်းရတယ်လေ။ လိုချင်တာလည်း‌ဝယ်ပေးတယ်။ ကလေးဘဝတုန်းက ဘာပဲပူဆာပူဆာ နှစ်ခါ‌ပြောစရာမလိုအောင် ဝယ်ပေးတဲ့ အဖေ့ကိုလည်း အရမ်းကျေးဇူးတင်မိတယ်။

(( ၂၀၁၈ခုနှစ် ))
၂၀၁၈က ၄တန်းနှစ်ပေါ့။ ရင်ဘတ်ချင်းတူတဲ့သူငယ်ချင်းတွေနဲ့ဆုံခဲ့ရတဲ့နှစ်။ အခုတော့တစ်ယောက်တစ်နေရာစီမှာ ပညာသင်နေကြရတယ်။အဲ့နှစ်က အတန်းပိုင်ဆို ‌ကျွန်မအရမ်းချစ်တာ။ ဆရာမကသဘောလည်းကောင်းတယ်။ စာသင်ရင်လည်း နားလည်အောင်ရှင်းပြတယ်။သူအခန်းမှာကျွန်မတို့ကျတာ အရမ်းပျော်စရာကောင်းတာပဲ။ မူလတန်းဆိုတော့ အကုန်လုံးက ကလေးတွေပဲရှိသေးတာ။ အကုန်လုံးအတူတူဆော့တယ်။ ပုံတွေအတူတူဆွဲတယ်။ ဆရာမလစ်ရင် အခန်းထဲက သောက်ရေခွက်တွေ၊တံမြတ်စည်းတွေနဲ့ မိုးပျံနေအောင်ဆော့ကြတာ။ မှတ်မိပါသေးတယ်။ ကျွန်မစာမကျက်ခဲ့လို့အရိုက်ခံရတာ။ သူငယ်ချင်းတစ်ယောက်က စာဆိုတော့သူအရိုက်မခံရဘူး ၊ ပြီးမှ" ဟဲ့ ၊ နင်စာကျက်ခဲ့တယ်ပေါ့ "လို့ကျွန်မတို့ကမေးတော့ သူကပြောတယ် "ငါ သိပ်မရဘူး ၊ မရတဲ့နေရာတွေ‌ကျော်ခွဆို‌ပစ်တာ "တဲ့။ အဲ့အကြောင်းကြားပြီး ကျွန်မတို့ ရယ်မိကြတယ်။ အဲ့ ၄တန်းနှစ်မှာပဲ ကျွန်မအရမ်းလိုချင်တဲ့ ပညာရည်ချွန်ပထမဆုလေး ရရှိခဲ့တယ်။ ပညာရည်ချွန်ဆုအပြင် လွတ်လပ်ရေးနေ့ ပန်းချီဝင်ပြိုင်တာ ဒုတိယရခဲ့လို့ အဲ့ပန်းချီဆုပါရခဲ့တယ်။ စုစုပေါင်းနှစ်ဆုပေါ့။

(( ၂၀၁၉ခုနှစ် ))
ဒီနှစ်က ကျွန်မတို့ ၆တန်းနှစ်။ အဲ့တုန်းက လေးတန်းပြီးရင် ငါးတန်းကိုမတက်ရတော့ဘူးဆိုပြီး ကျွန်မတို့ခြောက်တန်းကို ခုန်ပြီး ရောက်လာပါရော။G - 6ပေါ့။ အဲ့နှစ်မှာ ကျွန်မလေးတန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ကျွန်မဟာ အခန်းလည်းတူတယ်ဆိုတော့ ကံကောင်းတယ်လို့ပြောရမလားမသိ။ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်စလုံးမှာ တစ်ယောက်က အထက-၁၊ တစ်ယောက်က အထက-၂၊ ကျွန်မတို့နှစ်ယောက်က အထက(မြို့မ) စသဖြင့် အလယ်တန်းအတွက် ကျောင်းပြောင်းခဲ့ကြတယ်။

ခြောက်တန်းနှစ်မှာ ကျွန်မကိုအရင်က လမ်းမှာတွေ့ရင် စနေတဲ့ ကောင်လေးနှစ်ယောက်ကိုပြန်တွေ့ရတယ်။ အခန်းလည်းအတူတူကျတယ်ဆိုပါတော့။ အစတုန်းက ကျွန်မသူတို့ကို မခေါ်ဘူး။ နောက်တော့ ကျူရှင်လည်းအတူတူ၊ ကျောင်းလည်းအတူတူပဲ ကစားနေကျသူငယ်ချင်းတွေဖြစ်သွားကြပါလေရော။ ကျွန်မတို့အတန်းမှာ ဆိုရင် သူတို့နှစ်ယောက်က ဖိုက်တာကြီးတွေပေါ့။ နောက်တော့ တစ်ယောက်ပါလာတယ်။ နာမည်ပြောင်က "ဖတ်တီး"တဲ့။ ကျွန်မတို့နဲ့ဆိုရင်သူတို့သုံးယောက်က မျက်နှာငယ်လေးတွေနဲ့ အနိုင်ကျင့်ခံ၊ အနွံတာခံလေးတွေ။ သူများနဲ့ဆိုရင် သူတို့ကဆရာကြီးတွေ။ သူတို့မုန့်ဝယ်လာရင် ကျွန်မတို့နဲ့မျှစားတယ်။ ဟာသတွေပြောတယ်။ ဆော့ကြတယ်။ အဲ့တုန်းက ကျူရှင်က ဘုန်းကြီးကျောင်းထဲဆိုတော့ ဆော့ရတာအကျယ်ကြီးပဲ။ ကျောင်းဝန်းအပြင်ဘက်မှာ မင်းရဲမြောင်းရှိတယ်‌။ မြောင်းပေါ်မှာ "မနှင်းဆီတံတား"ဆောက်ထားတော့ ကျွန်မတို့တစ်သိုက် ဆရာမလစ်ရင် အဲ့ပေါ်သွားဆော့ကြတယ်။ ပါးစပ်ရာဇဝင်အရဆိုရင် မနှင်းဆီက မကျွတ်ဘူးတဲ့။တံတားပေါ်မှာခြောက်တယ်တဲ့။ ဘာပဲပြောပြော ကျွန်မတို့က ကြောက်ရင် ဝုန်းကနဲထပြေးလိုက်၊ ပြီးရင် ပြန်လာဆော့လိုက်နဲ့သံသရာလည်နေကြတာပါပဲ။ ဒီလိုကျောင်းနဲ့ကျူရှင်မှာပဲ ပျော်ပျော်လေးဖြတ်သန်းလာပြီးလို့ ၂၀၂၀ခုနှစ်မှာ ကိုဗစ်တွေစဖြစ်တော့ ကျွန်မတို့သူငယ်ချင်းတွေလည်း ဒီနေ့အထိပြန်မတွေ့ရတော့ပါဘူး။ ပြန်တွေ့ခဲ့တဲ့သူငယ်ချင်းတချို့လည်းရှိပါတယ်။သူတို့လည်း သက်ဆိုင်ရာကျောင်းအသီးသီးကို ပြောင်းကုန်ကြတော့ အရင်ကလို အားလုံးစုံစုံလင်လင် မဟုတ်တော့ဘူးပေါ့။




တချို့အရာတွေက နောက်နှစ်အနည်းငယ်ကြာရင် အတိတ်မှတ်ဉာဏ်အဖြစ်နဲ့သာ ကျန်ခဲ့တာပါ။ ဒါ့ကြောင့် ကျွန်မပြောချင်တာက ဘယ်အရာကိုမဆို စိတ်ထဲသိပ်အစွဲမထားပါနဲ့။ ဖြစ်လာသမျှကို မျက်နှာမပျက် ရင်ဆိုင်ပစ်လိုက်ပါ။ ပျော်စရာရှိတာပျော်၊ လုပ်စရာရှိတာလုပ်၊ ငိုချင်ရင် ငိုပစ်လိုက်။ ဘာလို့ဆို ဒါတွေက နောင်တစ်ချိန်ပြန်တွေးကြည့်ရင် ဘာမှမဟုတ်တော့ပါဘူး။ "တချို့အရာတွေမှာ ငါတော်တော်ရူးခဲ့ပါလား"လို့တောင် ပြန်တွေးမိပြီး ရယ်စရာအဖြစ်နဲ့သာ ရှိနေတတ်လို့ပါ။



  • ကိုယ့်ကိုကိုယ်လည်းအချိန်ပေးပါ။ ကိုယ့်ရင်ထဲကစကားလေးတွေနားထောင်ပေးပါ။ ဒါဆိုကိုယ့်ကိုကိုယ်ပိုချစ်တတ်လာလိမ့်မယ်။ဒါဟာ ကျွန်မလက်တွေ့ကျင့်သုံးနေတဲ့နည်းပါပဲ။





- 21. 2. 2025

-ဟယ်ရီကို

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲတက်ညီလက်ညီ ပန်းတိုင်ဆီသို့