ဆွေ (မန္တလေး)
စာဖတ်ပြီး လွယ်လွယ်မေ့တတ်တာမျိုးဖြစ်နေတယ်။ ဖတ်သမျှ ဘာမှပြန်မမှတ်မိတာမျိုးလည်းဖြစ်နေတယ်။ တစ်ခါဖတ်ပြီး တစ်သက်လုံးမမေ့တော့တာမျိုး လိုချင်တယ်ဆိုရင် စာရေးသူလည်း အဲ့လိုနည်းလိုက်ရှာနေတာပါ။ တွေ့ခဲ့တဲ့ နည်းများကို ရေးသားရင်း မျှဝေပေးလိုက်ပါတယ်။
စာရေးသူ ကိုယ်တိုင်က ၂၀၂၄ မတိုင်ခင်ကာလတစ်ခုလုံး စာရေးဖို့၊ စာဖတ်ဖို့ထက် စာအုပ်စုရတာပဲကြိုက်ခဲ့သူမို့လို့ ဖတ်ပြီးသားစာအုပ်ကလက်တစ်ဖက်စာ မပြည့်ခဲ့ပါဘူး။ စာဖတ်တဲ့အလေ့ကျင့်တစ်ခု လုပ်မယ်ဆိုပြီး လုပ်ပြန်တော့လည်း ဖတ်သမျှ စာတွေကို မမှတ်မိတဲ့ ပြဿနာထပ်ပေါ်လာပါတယ်။
ဒီ ပြဿနာကို ဖြေရှင်းဖို့ research လုပ်ကြည့်ပါတယ်။
YouTube channel တစ်ခုမှာတင်ထားတဲ့ နည်းကို တွေ့ပြီး သုံးကြည့်ခဲ့တယ်။ အလေ့ကျင့်တစ်ခုတည်ဆောက်နေတုန်းပဲ ဆိုပေမဲ့ ယခင်ကထက် ပိုအဆင်ပြေခဲ့ပါတယ်။ သမ္မတလင်ကွန်းရဲ့ စာဖတ်နည်းပါ။
၁။ နေ့တိုင်းစာဖတ်ပါ။
စာဖတ်တဲ့အလေ့ကျင့်အတွက် တည်ဆောက်တာတော်တော်ခက်ပါတယ်။ အားတဲ့အချိန်မှ စာဖတ်မယ်ဆိုတာမျိုးပေါ့။ အချိန်ကို နေ့တိုင်း အတိကျမထားတဲ့အတွက် စာပုံမှန်ဖတ်ဖြစ်ဖို့ကတော်တော်ခက်ပါတယ်။ မိုးရွာတဲ့အချိန်မှ ဖတ်မယ်တို့ဆို ပိုတောင်ဆိုးသေး။ အဲ့ဒိတောင် အိပ်ရာဝင်ခါနီး တစ်နာရီအလိုမှာ စာဖတ်ချိန်သတ်မှတ်တာ ဒါမှမဟုတ် အိပ်ရာနိုး မျက်နှာသစ်ပြီး အကြမ်းရည်သောက်ရင်း တစ်နာရီစာဖတ်တာတို့ လုပ်သင့်ပါတယ်။ အချိန်အားဖြင့် မသတ်မှတ်ချင်တဲ့သူအတွက်လည်း နောက်ထပ် ပုံမှန်စာဖတ်ဖို့ ထိရောက်တဲ့နည်းက တစ်နေ့ကို စာတစ်ခန်းပြီးအောင် ဖတ်တာကပိုထိရောက်ပါတယ်။ စာအုပ်ဖတ်နေရင်း တစ်နာရီ မပြည့်သေးဘူးလား။ တစ်နာရီ မပြည့်သေးဘူးလား။နဲ့ အချိန်ခဏခဏ ကြည့်မိတာက စာကို အာရုံစိုက်မှု ပိုနည်းပါးစေပါတယ်။ အဲ့တာကြောင့်တစ်နေ့ စာတစ်ခန်းရအောင် ဖတ်မယ်လို့ စည်းကမ်းထားတာကပိုထိရောက်ပါတယ်။
၂။ ဖတ်ပြီးသား အကြောင်းရာကို output ပြန်ထုတ်ပေးပါ။
ဒီအချက်က ဒုတိယမှတ်မိစေဖို့အရေးကြီးတဲ့အချက်ပါ။ စာဖတ်တယ်ဆိုတာ ကျွန်မတို့က ခေါင်းထဲမှာပဲ သိမ်းလိုက်တာပါ။ အပြင်ကို ပြန်မထုတ်သ၍ ဘာမှမမှတ်မိပါဘူး။ ကျွန်မသိလိုက်တာ မြင်လိုက်တာကို အပြင်ပြန်ထုတ်ပေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုပြန်ထုတ်ကြမလဲ။ မှတ်စုစာအုပ်တစ်အုပ်ထားပြီး မှတ်စုရေးပါ။ မှတ်စုရေးခြင်းက ကောင်းတဲ့အလုပ်ပါ။ ကိုယ်ရေးထားတဲ့ မှတ်စုတွေကို ပြန်ဖတ်ရတာက တစ်ချိန်ကိုယ်ပြဿနာတစ်ခုခုကို ကြုံလို့ စဉ်းစားတဲ့နေရာမှာ အသုံးဝင်နိုင်ပါတယ်။ အခု ကျွန်မရေးနေတဲ့ဒီဆောင်းပါးကို မှတ်စုလို့ ခေါင်းစဉ်ပေးထားတာကလည်း ဒါကျွန်မ သိလာတဲ့အသိတစ်ခုကို မှတ်စုချရေးနေတာမျိုးပါ။ နောက်တစ်မျိုး output တစ်ခုက တခြားသူတွေကို မျှဝေပေူတာမျိုး (sharing) လုပ်ပေးတာမျိုးပါ။ သူများကို ပြန်ပြောပြတာ သင်ပေးတာမျိုးက တစ်ခုခုကို တတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ပြန်ပြောပြတာကို ကျွန်မကျင့်သုံးပါတယ်။ ဥပမာ Book Review ရေးတာမျိုးပါ။ ဖတ်သမျှ စာအုပ်တွေကို Review ရေးပြီး Sharing လုပ်ပေးခြင်းကလည်း ပြန်ပြောပြမျိုးပါပဲ။ ဒီလိုနည်းတွေနဲ့ output ပြန်ထုတ်လို့ရပါတယ်။
၃။ ကိုယ်တိုင်ကျင့်သုံးပါ။
ကိုယ်ဖတ်လိုက်တဲ့အရာကို မမေ့ချင်ရင် ကိုယ်တိုင်ကျင့်သုံးပါတဲ့ ဘယ်နေရာမှာ ပိုထိရောက်လည်းလို့မေးရင် ဘာသာစကားပြောသင်တဲ့နေရာ ဒါမှမဟုတ် လူမှုပေါင်းသင်းဆက်ဆံရေးတို့ စီးပွားရေးလုပ်ငန်းအကြောင်းတို့ဆို လက်တွေ့သုံးတဲ့နေရာမှာ ပိုအကျိုးဖြစ်ထွန်းနိုင်ပါတယ်။
research လုပ်ရင်း ကျွန်မနောက်ထပ်တွေ့တဲ့ video တစ်ပုဒ်စီက သိရတာ Bill Gates ပြောတဲ့သူ စာ ဖတ်ပုံဖတ်နည်းပါ။
၁။ အဆုံးထိဖတ်မှာ သေချာလား။
ဒီအချက်ကြောင့် ကျွန်မ ထည့်ရေးဖြစ်တာပါ။ ဒီတစ်ချက်ကြောင့်လည်း ကျွန်မစာအုပ်တွေအပေါ်မှာ လုပ်ဖြစ်နေတဲ့ အကျင့်ဆိုး ၂ခုပြင်ဖို့ဖြစ်လာတာပါ။ Bill Gates က သူ စာအုပ်တစ်အုပ်ကို အဆုံးထိ ဖတ်မှာ သေချာမှ အဲ့စာအုပ်ကို စဖတ်ပါတယ်။ အဲ့သလိုပဲ အဲ့စာအုပ်ကို ဖတ်မယ်သေချာမှ စာအုပ်ကို ဝယ်ဖြစ်ပါတယ်။ ကိုယ့်အတွက်အကျိုးရှိမှာ သေချာမှ စာအုပ်ကိုဝယ်ဖို့ မှာထားပါတယ်။ စာစဖတ်သူတွေရဲ့ အကျင့်တစ်ခု ကျွန်မမှာ ရှိပါတယ်။ စာအုပ်အဖုံးကို ကြိုက်လို့ရယ် စာအုပ်နာမည်ကို ကြိုက်လို့ ဝယ်တာရယ်ပါ။ အခုသေချာပြန်တွေးကြည့်မှ တော်တော်မှားတဲ့ အကျင့်ပါ။ စာအုပ်အလေ့ကျင့် ပြန်လုပ်နေပြီးမှ ကျွန်မမှာ မဖတ်ရသေးတဲ့စာအုပ်တွေနဲ့ ဖတ်လက်စစာအုပ်တွေ ဘယ်လောက်များလဲ သိရပါတယ်။
အဲ့တော့ ကျွန်မမှာ မေးခွန်း ၂ခုရှိလာပါတယ်။ ကျွန်မတို့ ဖတ်ချင်နေတဲ့ စာအုပ်တစ်အုပ် ကောင်းမကောင်း ကျွန်မတို့လိုချင်တာ အဲ့စာအုပ်ထဲမှာ ပါမပါ ဘယ်လိုသိရမလဲပေါ့။ လွယ်ပါတယ်။ စာအုပ် Review တွေလိုက်ဖတ်လို့ရပါတယ်။ ကိုယ့်အရှေ့မှာ ဖတ်ထားတဲ့ သူတွေရဲ့ Review ပေးထားတာတွေ ဖတ်ရင်းသိနိုင်ပါတယ်။ နောက်တစ်ခုကတော့ အဲ့စာအုပ်ကိုယ် ဝယ်သင့်လား မသင့်လား သိဖို့က အရင်က အဲ့စာအုပ်ရဲ့ ebook ကိုအရင်ဖတ်တာပါပဲ။
ebook တွေကို အားပေးတာမျိုးမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်ကလည်း စာအုပ်စုရတာ ဝါသနာပါတဲ့သူ၊ စာအုပ်ကို ကိုင်ဖတ်ရတာကိုမှ ကြိုက်တဲ့သူမို့ ကိုယ်ကြိုက်တဲ့စာအုပ် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမဲ့စာအုပ်ဆို စာအုပ်ကိုသိမ်းဆည်းထားသင့်ပါတယ်။
သူပြောတဲ့ နောက်ထပ် ၂ချက်ကတော့ လင်ကွန်းပြောတဲ့အချက်တွေထဲမှာပါပါတယ်။
တစ်ရက်ကို တစ်နာရီ အချိန်ပေးဖို့နဲ့ နောက်တစ်ချက်က မှတ်စုထုတ်ဖို့ပါ။ မှတ်စုထုတ်တဲ့နေရာမှာ ဖြည့်ပြောတဲ့အချက်က ကိုယ့်အတွက် သေချာပေါက် အကျိုးရှိမဲ့အရာဆို မှတ်စုထုတ်ဖို့ပြောတာပါပဲ။
ကျွန်မ စာဖတ်သူတွေကို နောက်ဆုံးပိတ်အနေနဲ့ အားပေးချင်ဆုံးအချက်က မှတ်စုစာအုပ် ထားဖို့ပါပဲ။ စာဖတ်ဖို့ကတော့ ဒီစာကိုအဆုံးထိဖတ်ပြီးကတည်းက တိုက်တွန်းဖို့ မလိုတော့ဘူးလို့တွေးလို့ပါ။ စာဖတ်ဖို့ အကျင့်ကောင်းတစ်ခု ရှိထားလို့ ချီးကျူးပါရစေ။ ဆက်လက်ဒီအကျင့်ကောင်းကို ထိန်းထားနိုင်ပါစေလို့ မှာပါရစေ။
Keep Reading