Author's Profile Photo

Thoon Kari

5/02/2025

ကျန်ခဲ့ပေမဲ့ မချန်ခဲ့ပါ

2 mins read
General Knowledge
ကျန်ခဲ့ပေမဲ့ မချန်ခဲ့ပါ's photo

လူတိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ ငယ်ဘဝအမှတ်တရတွေများစွာ ရှိပါတယ်။ လူတိုင်းရဲ့ ကလေးဘဝဆိုတာ ဘဝအတွက် သင်ယူစရာတွေ သင်ယူရင်း၊ အမှတ်တရများစွာဖန်တီးရင်း၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းရင်းနဲ့ နှစ်လိုဖွယ်အခိုက်အတန့်လေး ဖြစ်ပါတယ်။ ကလေးဘဝရဲ့ အမှတ်တရများစွာထဲမှာ ကျောင်းသားဘဝက အမှတ်တရလေးတွေဟာလည်း ပြန်တွေးမိလိုက်တိုင်း လွမ်းမောရတဲ့ ဘဝမှတ်တိုင်တွေ ဖြစ်ခဲ့တယ်။ ကျွန်မကလေးဘဝလေးမှာ ကြုံဖူးခဲ့တဲ့ ဒွိဟလေးတစ်ခုမှာ မတူညီတဲ့ အခြေအနေနှစ်ရပ် ရှိခဲ့ဖူးတာလေးကနေ သင်ခန်းစာယူစရာလေးကို တင်ပြလိုပါတယ်။

ကလေးတိုင်းဟာ ဘဝအတွက် ပညာကို သင်ယူလေ့လာကြရတယ်။ ပညာရှာရာမှာလည်း စိတ်ဝင်စားမှုနဲ့ လိုချင်တောင့်တတဲ့စိတ်လည်း ရှိကြပါတယ်။ ကလေးတိုင်းကတော့ ကျောင်းစာမှာ အမြဲတမ်း စိတ်ဝင်စားမှုရှိမနေနိုင်ပါဘူး။ ကျောင်းစာမှာလည်း စိတ်ဝင်စားမှုရှိပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် အကြောင်းအမျိုးမျိုးကြောင့်လည်း အခက်အခဲတွေ ရှိတတ်ကြပါတယ်။

ကျွန်မကျောင်းသူဘဝမှာ ကျောင်းစာမလိုက်နိုင်ခဲ့လို့ အတော်လေးအခက်အခဲဖြစ်ခဲ့တဲ့အချိန် ရှိခဲ့ဖူးပါတယ်။ ကျွန်မတတ်နိုင်သလောက် ကြိုးစားလေ့လာခဲ့ပေမဲ့ စာကိုနားမလည်လို့ အားလုံးရဲ့နောက်မှာ ကျန်ခဲ့ရတာမျိုးလည်း ကြုံဖူးပါတယ်။ ကျွန်မစာမလိုက်နိုင်လို့ ကျန်ခဲ့တဲ့ အခြေအနေတွေမှာ စာမလိုက်နိုင်တာချင်း တူပေမဲ့ ရလဒ်တွေကွာခြားခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။

ပထမတစ်မျိုးကတော့ သင်ကြားပေးတဲ့ဆရာက သင်ခန်းစာများတာကတစ်ကြောင်း ကျောင်းသားများစွာရှိတာတစ်ကြောင်းကြောင့် ကျောင်းသားအားလုံးလိုက်နိုင်တဲ့အထိ မစောင့်ဘဲ ရှေ့ဆက်သင်ခဲ့ပါတယ်။ ကျွန်မတို့လို မလိုက်နိုင်တဲ့ကျောင်းသားတွေဟာ နောက်ကျကျန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ နောက်ကျကျန်ရင်း ကျန်ရင်းကနေ စာတွေကပိုလို့ နားမလည်လေဖြစ်လာပြီး စာသင်ရာမှာ အရင်ကလောက် မပျော်ကြတော့ပါဘူး။ ဆရာ့ဘက်ကကြည့်ရင်လည်း ကျောင်းသားအားလုံး ဉာဏ်ရည်မတူတာသိပေမဲ့ လိုက်နိုင်မယ်အထင်နဲ့ အမြန်သင်ကြတယ်။ ကျောင်းသားတွေဘက်ကလည်း နားမလည်ကြ။ ဆရာနဲ့တပည့်များကြားက ဒီဒွိဟလေးတစ်ခုဟာ နေရာတော်တော်များများမှာ ဖြစ်နေကြဆဲပါ။ ဒီဒွိဟလေးသာ ပြေလည်ခဲ့ရင် ကျောင်းသားဘဝလေးဟာ ပိုလှလာပါလိမ့်မယ်။

ဒုတိယတစ်မျိုးကတော့ ပထမအခြေအနေလိုပါပဲ။ ကျွန်မတို့လို စာမလိုက်နိုင်တဲ့ကျောင်းသားတွေဟာ နောက်ကျကျန်ခဲ့ရပါတယ်။ ဒီတစ်ခါမှာတော့ သင်ကြားပေးတဲ့ဆရာက ကျောင်းသားတစ်ယောက်ချင်းစီတိုင်းကို မကျန်ခဲ့အောင် စောင့်ဆိုင်းတာမျိုးပါ။ နားမလည်တဲ့စာတွေကို ထပ်ခါထပ်ခါပြန်ရှင်းပြပါတယ်။ စာမလိုက်နိုင်တဲ့ကျောင်းသားတွေကို အထူးဂရုစိုက်ပြီး သင်ကြားပေးခြင်းပါ။ ကျန်ခဲ့ပေမဲ့ မချန်ခဲ့တဲ့ဆရာကြောင့် နောက်ပိုင်းမှာ စာတွေလည်းနားလည်လာပြီး စာသင်ရာမှာလည်း အဆင်ပြေခဲ့ရပါတယ်။

အခြေအနေနှစ်ရပ်မှာ စာမလိုက်နိုင်တဲ့ကျောင်းသားတွေရဲ့ နောက်ကျကျန်ခဲ့ရခြင်းဟာ တူပါတယ်။ ဒါပေမဲ့ ဆရာတွေရဲ့ ဖြေရှင်းချက်ပေါ်မူတည်ပြီး ရလဒ်တွေဟာ ပြောင်းလဲသွားပါတယ်။ ဒီကိစ္စလိုပါပဲ။ လောကကြီးမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတူတွေ များစွာရှိကြပါတယ်။ လူတွေရဲ့ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး ရလဒ်တွေပြောင်းလဲသွားတတ်ပါတယ်။ ဒါ့အပြင် ကလေးဆိုတာ နောင်တစ်ချိန်မှာ လူကြီးဘဝကိုပိုင်ဆိုင်လာရပြီး လူ့လောကကို အလှဆင်ကြမဲ့ လူငယ်လေးတွေပါ။ ဒါကြောင့် ကလေးတွေကို ပိုဂရုတစိုက်ပြုစုပျိုးထောင်ရပါမယ်။ မိဘဆရာ လူကြီးများက ကလေးတိုင်းရဲ့ အခက်အခဲတွေကို နားလည်စိတ်ရှည်ပြီး ကူညီပေးသင့်ပါတယ်။

နိဂုံးချုပ်ပြောရမယ်ဆိုရင် ကလေးတွေရဲ့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ကလေးတွေရဲ့ အခက်အခဲလေးတွေကို လူကြီးတွေက ပိုနားလည်ပေးသင့်ကြောင်းနဲ့ တူညီတဲ့အခြေအနေတစ်ခုမှာ ဆုံးဖြတ်ချက်တွေမတူခဲ့ရင် ရလဒ်တွေမတူညီကြောင်းကို ပြောကြားရင်းပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကျန်ခဲ့တဲ့ကလေးတွေတွေ့ခဲ့ရင် မချန်ခဲ့ပါနဲ့လို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။ ။

#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်💖


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...







Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း