Author's Profile Photo

သိုက်စိုးထွန်း(နတ်ရွာ)

25/01/2025

ကျေးဇူးတော် အနန္တ

7 mins read
General Knowledge
Culture


“(သံယောဇဉ်တည် ကြည်လင်တဲ့အရေး
ဪ၊ ကိုယ့်ရင်သွေး ထွေးပိုက်လို့ချီ)၂

(အရွယ်မတိုင်မီ {မိဘများ} ပိုးမွေးသလိုမွေးကြရပြန်သည်
အနန္တဂုဏ်ရည် ပျိုကြည်အောင် ကျေးဇူးတွေတင်သည်)၂

(ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် လူဖြစ်အောင်မွေး လုပ်ကျွေးခဲ့သည်)၂

လူလားမြောက်၍လာပြန်ရင် အဆင်ခြင်မထားမှားကြသည်
ဥပမာပုံခင်းစရာပါ့ အဇာတသတ်မင်းသား ယွင်းမှားပုံကိုရည်”

ဆရာရွှေတိုင်ညွန့်ရဲ့ မိဘမေတ္တာသီချင်းထဲက ဒီအပိုဒ်လေးက နည်းနည်းပဲသွန်းလောင်းဖူးတဲ့ ဘိသိက်မင်္ဂလာအခမ်းအနားတွေမှာ ကိုယ်ဆိုနေကျပေါ့။ ဆိုင်းတော်မင်္ဂလာရဲ့ပံ့ပိုးမှုနဲ့ဆိုတော့ ဒီသီချင်းက မိဘကန်တော့ခန်းကို ပိုပြီးရုပ်လုံးကြွလာစေတယ်။ နားထောင်ရသူတွေဘယ်လိုရှိမယ်မပြောနိုင်ပေမယ့် ဆိုရတဲ့သူကတော့ ဆိုင်းသံဗုံသံပုလွေသံတွေကြားမှာ ဒီသီချင်းဆိုရင် တော်တော်ကိုထိထိခိုက်ခိုက် ခံစားရတာပါ။

မိဘကန်တော့ခန်းမှာ မောင်ရှင်လောင်း၊ နားထွင်းတွေ၊ ပရိတ်သတ်တွေကို မိဘမေတ္တာအကြောင်း ဟောရပြောရတယ်။ ဆီဆိုင်ရာသီချင်းတွေဆိုရတယ်။ ဒါတွေ ပြောဖို့ဆိုဖို့စဉ်းစားတဲ့အခါတိုင်း၊ ပြောမိတဲ့ အခါတိုင်းမှာ သူများကို ကိုယ်ကပြောနေပေမယ့် ကိုယ်ကကော မိဘမေတ္တာကို ဘယ်လောက်နားလည်သလဲ၊ ဘယ်လောက်တန်ဖိုးထားသလဲ၊ ဘယ်လောက်များ ကျေးဇူးတုံ့ပြန် နေမိလို့လဲဆိုတာကို ပြန်တွေးရပြန်ရော။

အဖေတို့အမေတို့က သမီးလေးယောက်၊ သားနှစ်ယောက်မွေးခဲ့တာ။ သမီးလေးတစ်ယောက်ကတော့ မွေးပြီး သိပ်မကြာခင်ဆုံးပါးသွားလို့ အခု မောင်နှမငါးယောက်ရှိတာပေါ့။ ကိုယ်ကအငယ်ဆုံး။ ကိုယ့်ကို မွေးတော့ အဖေကအသက်သုံးဆယ်၊ အမေကနှစ်ဆယ့်ကိုး။ ကိုယ့်အသက်သုံးဆယ်ကျော်မှာ ပြန်တွေးကြည့် လိုက်တော့ အဖေတို့အမေတို့ ဒီအရွယ်လေးတွေနဲ့ ကလေးငါးယောက်ရဲ့တာဝန်ကိုယူခဲ့ကြရတာပါလားဆိုပြီး ကရုဏာပွားမိတယ်။

​“ယောက်ျားဖောင်စီး၊ မိန်းမမီးနေ”တဲ့။ ဒီစကားက လွန်ခဲ့တဲ့နှစ်ပေါင်းသုံးလေးဆယ်ကဆို ပိုမှန်တာ ပေါ့လေ။ အထူးသဖြင့် ကျေးလက်တောရွာတွေမှာပေါ့။ ကိုယ်ဝန်ဆောင်လွယ်ထားရသူက တစ်နေ့ သင်္ချိုင်း မျက်စောင်းသုံးခါထိုးတယ်တဲ့။ အန္တရာယ်များလွန်းတဲ့ ရှေးခေတ်မိခင်ဘဝကို ညွှန်းခဲ့ကြတဲ့စကား ဖြစ်မှာပါပဲ။ ဟုတ်လည်းဟုတ်ပါရဲ့။ ကိုယ့်ရွာမှာက OG ဆိုတာမရှိ၊ အထူးကုဆိုတာ နတ္ထိ၊ ပြောရရင်တော့ ဆရာဝန် ဆိုတာကို မရှိပါဘူး။ ကိုယ့်ရွာမှမဟုတ်ဘူး၊ ရွာနီးချုပ်စပ်မှာလည်း သိပ်ရှိကြတာမဟုတ်ပါဘူး။ မလှမ်းမကမ်း က ရွာမှာတော့ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုရှိလို့ သားဖွားဆရာမတစ်ယောက်ရှိတယ်။ ကပ်လျက် ရွာမှာလည်း သင်တန်းလေးဘာလေးတက်ပြီး အပ်ကိုင်တဲ့ဆရာတစ်ယောက်ရှိတယ်။ ဒါပါပဲ၊ ဒီနားပတ်လည် ရွာတွေရဲ့ ကျန်းမာရေးလွှမ်းခြုံမှုက ဒီလောက်ပါပဲ။

​သားဖွားဆရာမရှိတာတောင်မှပဲ တကယ်လိုပြီဆိုမှသာ အိမ်ပင့်ကြတာပါ။ အများအားဖြင့်တော့ နေမကောင်းဘူးဆိုရင် ဘိနွယ်ခေါက်ကလေးသွေးသောက်၊ ဆေးနီကျော်လေးသောက်၊ အခိုးပွင့်ဆေးလေး သောက်၊ မြေအိုးကင်းလေးထဲ မီးကျီးခဲထည့်၊ နနွင်းမှုန့်လေးတွေပစ်ထည့်၊ နနွင်းမှိုင်းရှူ၊ စောင်ခြုံ၊ ရေနွေးပူပူ မှုတ်သောက်၊ ဒါလေးတွေက ရွာရဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုနည်းစနစ်လို့ပဲဆိုကြပါစို့။ ကိုယ်ဝန်ဆောင် ကာလဆိုတော့ “ဟဲ့၊ လှည်းကြမ်းမစီးနဲ့၊ အထိုင်အထမလောနဲ့၊ လျှပ်ပြာလျှပ်ပြာမလုပ်နဲ့၊ အပူအစပ်တွေ ရှောင်၊ အလေးအပင်တွေမမနဲ့” ဆိုတာမျိုးလောက်နဲ့ ပြီးကြရတာ။ မွေးဖို့ဖွားဖို့ ဗိုက်နာလာပြီဆိုတော့ ကိုယ့်အိမ်ထဲမှာပဲ ရွာထဲရပ်ထဲက လက်သည်နဲ့ နှစ်ပါးသွားကြရတာပါ။ အဲ့ဒီလိုကာလတွေမှာတော့ “မိန်းမမီးနေ” ဆိုတဲ့ အန္တရာယ်က တကယ်ကိုကြီးခဲ့ကြတာပါ။ မီးဖွားရင်းဆုံးပါးသွားကြတဲ့သူတွေလည်း ရှိကြတာပါပဲ။ အဲ့ဒီအချိန်တွေတုန်းက သားသမီးမွေးတယ်ဆိုတာ တကယ်ကို သက်စွန့်ဆံဖျားကိစ္စပါ။

​အမေက ခက်ခက်ခဲခဲမွေးမြူခဲ့ရလို့ အဖေကရော လွယ်ခဲ့သလားဆိုတော့ မလွယ်ခဲ့ပါဘူး။ “ယောက်ျား ဖောင်စီး”တဲ့။ ဘဝမှာ ဖောင်မစီးဖူးခဲ့ပေမယ့် မြစ်နားကမ်းနားမှာ သုံးနှစ်ကျော်ကျော်နေခဲ့ဖူးလို့ ဖောင်တွေပေါ်လည်း ရောက်ခဲ့ဖူးပါတယ်။ စက်တပ်၊ လက်ခတ်လှေတွေ အမျိုးမျိုးလည်း စီးခဲ့ဖူးပါတယ်။ လှိုင်းကြားလှေကြား ဝဲတွေကြားမှာ ဖောင်သမားတွေ ဘယ်လောက်ဒုက္ခရောက်ကြမယ်ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကိုယ်စီးနေတဲ့လှေလည်း လှိုင်းလေကြားမှာ မြုပ်ခဲ့ဖူးပါတယ်။ ကမ်းစပ်ရောက်မှ ရေမြုပ်တာမို့ ဒုက္ခမရောက်ခဲ့တာပါ။ ဒါပေမဲ့ ဒီဒုက္ခတွေက အမြဲတမ်းကြုံရတာမျိုးမဟုတ်ပါဘူး။ လှိုင်းတွေ လေတွေက အမြဲကျမနေတဲ့အပြင် ဝဲဇလုတ်တွေကလည်း နေရာတိုင်းမှာရှိနေတာမဟုတ်ပါဘူး။ ကောင်းကင်ကောင်းဖျား တက်ရတဲ့ ထန်းသမားဘဝကတော့ အန္တရာယ်တွေကအမြဲရှိနေကြတာ။

​ထန်းပင်ကြီးတွေက တစ်ပင်တစ်ပင်ကို အတောင်သုံးလေးဆယ်လောက်မြင့်ကြတာလေ။ ဖလံသား လေးတွေနဲ့လုပ်ထားတဲ့ လှေကားဆံလေးတွေကို ဝါးလုံးလေးပေါ်တင်၊ အပေါ်ကနေ ဝါးခြမ်းပြားလေးတွေနဲ့ ဖိညှပ်၊ ထန်းလျှော်ကလေးတွေနဲ့တုပ်၊ ဒီလိုလုပ်လိုက်တော့ လှေကားဖြစ်ရော။ “နွေးဉီးကာလ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ”ဆိုတဲ့ ဝန်ကြီးပဒေသရာဇာရဲ့အလိုအရဆိုရင်တော့ လှေကားက ရင်းထောင်ပေါ့လေ။ ထန်းပင်ထိပ်မှာအမြဲချိတ်ဆွဲထားရတဲ့ လှေကားအတိုလေးကတော့ ရင်းဆွဲပေါ့။ ဒီလောက် မြင့်တဲ့အပင်ကြီးတွေကို အပင်သုံးလေးဆယ်၊ မနက်ရော၊ ညနေရော တစ်နေ့နှစ်ခေါက်စီတက်ကြ၊ ဆင်းကြရတာ။ ထန်းနွှေးတဲ့ကိစ္စ၊ ထန်းမခတ်တဲ့ကိစ္စတွေ၊ ယာထွန်၊ ပြောင်းကြဲကိစ္စတွေလည်း ရှိသေးတယ်။

​ထန်းပင်တစ်ပင်ပေါ်တက်ဖို့ လှေကားတစ်စင်းသယ်သွားရတာကိုက လွယ်တာမဟုတ်ဘူးရယ်။ ဝါးတွေ၊ သစ်တွေနဲ့လုပ်ထားတဲ့ လှေကားအရှည်ကြီးကို ထောင်လျက်အနေအထားအတိုင်း သယ်သွားကြ ရတာ။ ဘာဖြစ်လို့ အလွယ်တကူလှဲပြီးထမ်းမသွားသလဲလို့ မေးချင်မေးမှာပေါ့။ လှဲပြီးသယ်နေရင် တစ်ပင်နဲ့ တစ်ပင် လှေကားလှဲလိုက်၊ ပြန်ထောင်လိုက်လုပ်နေရတာနဲ့တင် အချိန်ကုန်သွားမှာလေ။ ဒီတော့ လက်နှစ်ဘက်ကို အထက်အောက် အကျဲကြီးထားပြီး လှေကားကို တစ်ပင်နဲ့တစ်ပင်ကူးဖို့ မသယ်သွား ရတယ်။ လုပ်နေကျမဟုတ်တဲ့သူကတော့ လှေကားရွှေ့ကြည့်ရင်ကို တဖုံးဖုံးလဲနေတာ။ လေလေးဘာလေး ဝှေ့လိုက်ရင်တော့ ဘာပြောကောင်းမတုန်းပေါ့လေ။
​ထန်းပင်ပေါ်တက်ရပြန်တော့လည်း ပေါ့ပေါ့ပါးပါးတက်ရတာမဟုတ်ဘူး။ အတက်မှာမြူအိုးသုံးလုံး လောက် ခါးမှာပတ်ထားတဲ့ ဓားနှီးအိမ်သံချိတ်မှာ ချိတ်ပြီးမှ တက်ရသလို အဆင်းကျပြန်တော့လည်း ထန်းရေတွေအလေးကြီးနဲ့ ပြန်ဆင်းကြရတာ။ တစ်ခါတစ်ခါ လေနီကြမ်းတွေက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ရုတ်တရက် ဝုန်းခနဲထတိုက်လိုက်တဲ့အချိန်မျိုးဆို အပင်ပေါ်ကလူက ဆင်းချိန်မရလိုက်ဘူး။ တကျွိကျွိနဲ့ ယိမ်းထိုးနေတဲ့ထန်းပင်ပေါ်မှာတင် ခြေရောလက်ရောမြဲနေအောင် မနဲကုပ်ကပ်ဆုပ်ဖက်ထားရတာ။

​မနက်နေမထွက်ခင် ထန်းစတက်လိုက်တာက နေ့လည်မွန်းတည့်ပြီးနောက်ပိုင်းမှ မနက်ခင်းကိစ္စ ပြီးတာ။ နေ့လည်စာ ထမင်းလေးဘာလေးစား၊ ရေလေးဘာလေးချိုး၊ တရေးတမှေး တကယ့်ခဏလေး အိပ်ပြီး ညနေ သုံးနာရီခွဲလောက်ကနေ ညနေထန်းပြန်တက်ရပြန်ရော။ အဲ့ဒါကဘယ်အချိန်ထိတုန်းဆိုတော့ နေဝင်စုပ်စုပ်ကန်းလို့ ဘာမှမမြင်ရတော့တာနဲ့ ထန်းပင်အောက်ကနေ ထန်းရွက်ခြောက်တွေ မီးရှို့ပြီး အပေါ်ကလူကို အလင်းရောင်ပေးရတဲ့အထိပဲ။

​အမေလည်း မလွယ်ဘူးရယ်။ မိုးမလင်းခင်မနက်လေးနာရီခွဲလောက်ကထပြီး ထန်းလျက်ဖိုကို မီးစထိုးရတော့တာ။ တဝုန်းဝုန်းတောက်နေတဲ့ ထန်းလျက်ဖိုနဲ့ တစ်နေကုန်တစ်နေကန်း နပန်းလုံးရတာ။ အရည်ကျဲကျဲထန်းရည်ချိုကနေ ထန်းလျက်လုံးဖြစ်လာဖို့အထိက နောက်တန်းက မိသားစုရဲ့တာဝန်ပေါ့။ ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးကို ထန်းလက်ပြားယောက်မ အရှည်ကြီးနဲ့ တဗွက်ဗွက်မွှေ၊ ထန်းလျက်အိပ်ပြီ ဆိုတော့ အပူတလောင်ကြီးမှာ တက်နဲ့ထိုးယူပြီး လက်ထဲထည့်၊ အလုံးလုံးပြီး နှီးဗန်းပေါ်တင်။ လေသလပ်လို့ခြောက်ပြီဆိုမှ ထန်းခေါက်တောင်းထဲထည့်သိမ်း။ ပူလှပါတယ်ဆိုတဲ့ အညာနွေ၊ မြေကြီးနား ကနေကပ်ကြည့်လိုက်ရင် ရေလှိုင်းတွေတွန့်နေသလို တံလျှပ်တွေ တရိပ်ရိပ်ထနေတဲ့ အပူချိန်ရှိတဲ့ရာသီမျိုးမှာ ထန်းလျက်ဖိုနား တစ်နေကုန်ထိုင်လိုက်ထလိုက် မီးခိုးတလုံးလုံး၊ ချွေးတလုံးလုံးနဲ့ ဝမ်းရေးအတွက် ရုန်းကြရတာ။ မှတ်ပုံတင်မှာအလုပ်အကိုင်နေရာကိုဖြည့်တော့ “မှီခို”တဲ့။ တကယ်တော့ ကျေးလက်တောရွာ တွေမှာ အိမ်ထောင်ဉီးစီးရဲ့လုပ်စာကိုင်စာသက်သက်ကို မှီခိုနေနိုင်တဲ့အိမ်ရှင်မဆိုတာ မရှိသလောက်ပါပဲ။ အမေမှမဟုတ်ဘူး၊ အစ်ကိုတွေအစ်မတွေလည်း မနားကြရဘူးရယ်။ အဖေ၊ အမေရဲ့ ကျေးဇူးတင်မကဘူး၊ အစ်ကိုအစ်မတွေရဲ့ကျေးဇူးကလည်း အတော်များပါတယ်။

​တစ်နှစ်တစ်နှစ် ဆယ့်နှစ်လရှိတဲ့အထဲက တောထဲတောင်ထဲမှာ ခုနစ်လရှစ်လလောက်နေပြီး အလုပ်တွေလုပ်ကြရတာ။ ကျန်တဲ့လေးငါးလကလည်း အငြိမ်နေရတာမဟုတ်ပါဘူး။ ယာထွန်၊ မြက်ကောက်၊ သီးနှံကြဲ၊ ပေါင်းပေါက်၊ ဆေးဖျန်း၊ ပဲကောက်၊ ပဲနုတ်၊ ပဲဆွတ်၊ မျှစ်ချိုး၊ ပျိုးနုတ်၊ ကောက်စိုက်၊ စပါးရိတ်၊ ကောက်လှိုင်းပုတ်၊ အလုပ်တွေစုံနေအောင်လုပ်ကြရတာပါ။ အလုပ်နဲ့လက် ဇယ်ဆက်သလို မနားတမ်း လုပ်နေကြရတာတောင်မှ ချမ်းချမ်းသာသာနေနိုင်သလားဆိုတော့ မနေနိုင်ပါဘူး။ ကိုယ့်အိမ်မှမဟုတ်ဘူး၊ အညာကျေးလက်ရဲ့တောင်သူလယ်သမားအတော်များများက ဒီနည်းနဲ့ပဲ နှစ်ပါးသွားနေကြရတာ။ “ရရစားစား ပြောင်းမှုန်းနွား”တဲ့။ ကိုယ်ကြဲထားတဲ့ပြောင်းခင်းကလေး အပင်တွေတအားထူနေမှာစိုးတော့ အိမ်က နွားလေးတွေ ထွန်တပ်ပြီးမှုန်းရတာ။ ထွန်သွားနဲ့ထိုးမိတဲ့ပြောင်းပင်တွေသေလို့ အပင်ချဲပြီးသားလည်း ဖြစ်၊ ကျန်တဲ့အပင်ကို ခါးဆွ၊ မြေတောင်မြှောက်ပြီးသားလည်းဖြစ်တာပေါ့လေ။ ပြောင်းမှုန်းတဲ့အချိန်ဆို နွားလေးတွေက ရှေ့ကပြောင်းပင်လေးဆွဲစားလိုက်၊ နောက်က တဟဲ့ဟဲ့မောင်းတော့ ထွန်ကိုရုန်းလိုက်နဲ့။ ကိုယ့်တောင်သူလယ်သမားဘဝဆိုတာလည်း ဒီလိုပါပဲတဲ့။ ပြောင်းမှုန်းနွားလေးတွေလို စားရင်းသွားရင်းပဲ နှစ်ပါးသွားနေရတာပါပဲတဲ့။

​ကိုယ်ကအိမ်မှာအငယ်ဆုံးဆိုတော့ တောကတဲမှာအဖေအမေနဲ့ ညအိပ်ညနေ နေရစ်တာပေါ့။ အစ်ကိုတွေအစ်မတွေကတော့ ရွာထဲအိမ်မှာပြန်အိပ်ကြတာ။ မိုးလင်းမိုးချုပ် ဒီတောဒီတောင်မှာ နေရပေမယ့် ပျင်းလှတယ်ရယ်လို့တော့မရှိပါဘူး။ တကယ်တော့ ပျင်းချိန်မရတာလို့ပြောရရင် ပိုမှန်မှာပါ။ မိုးလင်းမိုးချုပ် အလုပ်နဲ့လူနဲ့စာချုပ်ချုပ်ထားရတာလေ။ ထန်းတောရဲ့တဲက ယာခင်းထဲက ညောင်ကြတ်ပင်ကြီးရဲ့ အောက်မှာဆောက်ထားတာ။ ညောင်ပင်ကြီးက တကယ့်ကိုအကြီးကြီး။ သူ့ပင်စည်က လူလေးယောက် လောက် လက်ချင်းဆက်ကြည့်မှ မီမယ့်အရွယ်အစားမျိုးပေါ့။ ရှိတဲ့သစ်ပင်လေးတွေချိုင်၊ တိုင်ကလေး ခြောက်တိုင်စိုက်၊ ထုပ်လျောက်ကလေးတွေတင်၊ အချင်ကလေးတွေယှက်၊ ထန်းရွက်ကလေးတွေ မိုးလိုက်တော့ ခုနစ်လရှစ်လကွန်းခိုစရာ ဂေဟာလေးတစ်ခုရပြီပေါ့။ လူနေတဲလေးနဲ့ ထန်းလျက်တဲလေးနဲ့၊ နှစ်လုံးဆောက်ရတာ။ ညောင်ရွက်ကိုလေတိုးသံကတဖျပ်ဖျပ်၊ တဲပေါ်မှာကြက်ကလေးကတွန်လို့။ ညောင်သီး သီးချိန်ဆိုရင်တော့ ငူတွေကအသီးကိုလာစားကြတယ်။ ဆက်ရက်တွေဘာတွေလည်း တစ်ခါတစ်ခါ ရောက်လာတတ်တယ်။ ဆက်ရက်သံငှက်သံတွေကိုအဖော်ပြုပြီး နေရတာပေါ့လေ။ လေကလေးအဝှေ့မှာ ညောင်ရွက်ခတ်သံတဖျပ်ဖျပ်ကလည်း တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က စည်းချက်တစ်ခုဆိုပါတော့။

​ဆောင်းအကုန်၊ နွေအကူး လက်ပံတွေဖူးတဲ့ပွင့်တဲ့အချိန်ဆို ပင်လုံးကျွတ်ရဲနေအောင်ပွင့်ကြတာမို့ တောရဲ့ဝန်းကျင်က သက်ဝင်ပန်းချီကားတစ်ချပ်လို ရင်သပ်ရှုမောဖွယ်ပါ။ လက်ပံတွေတစ်တောလုံးပွင့်ကြရင် လူကဘယ်ကို လွမ်းလို့လွမ်းမှန်းမသိ။ ဆက်ရက်သံငှက်သံတွေကလည်း တညံညံနဲ့။ ရေချိုးရေခပ်အတွက်က တောရဲ့ မြောက်နားမှာ ရေကန်တစ်ကန်၊ တောင်နားမှာ ရေတွင်းရှိတဲ့ တောရကျောင်းတစ်ကျောင်း။
​ထန်းတက်တာက လူနဲ့ထန်းတောချည်းရှိရုံနဲ့မရသေးဘူး။ ထန်းပင်ကထွက်လာတဲ့ထန်းရေတွေ ချဉ်မသွားအောင် အဖန်ဓာတ်လေးနဲ့ထိန်းထားဖို့အတွက် သစ်ရာခေါက်တွေ၊ အင်ကြင်းခေါက်တွေ နုပ်နုပ်စင်းပြီး ခပ်ရသေးတာ။ သစ်ရာခေါက်ရဖို့အတွက် ဆယ်တိုင်ကျော်ကျော်လောက်ဝေးတဲ့ နှောအထိ သွားပြီး အဖေသွားရတာ။ ရွာထဲကလှည်းတွေစုပြီးသွားကြတာ၊ အသွားအပြန် လေးငါးရက် တစ်ပတ်လောက် ကြာတယ်။ ကိုယ်တောင်တစ်ခေါက်မှမလိုက်ခဲ့ဖူးဘူး။ အရာတော်နယ်၊ ရွာသစ်က အဖေတို့မိတ်ဆွေတွေက အင်ကြင်းခေါက်ပေးလို့ လှည်းနဲ့သွားတိုက်တဲ့အခါတွေမှာတော့ အဖေနဲ့ကိုယ်နဲ့နှစ်ယောက်သွားကြတယ်။ ဒါလည်း အတော်ဝေးလို့ ညအိပ်ညနေသွားရတာပါ။ သစ်တောဝါးတောတွေကိုဖြတ်သွားရတာမို့ တောကြက်၊ တောငှက်တွေဆိုတာ အဲ့ဒီတောလမ်းကလေးမှာစမြင်ဖူးခဲ့တာပေါ့။

​ထန်းတက်ပေမယ့် ထန်းတက်ရာမှာသုံးတဲ့မြူအိုးလေးတွေက ကိုယ်မလုပ်တတ်တော့ ရွာနဲ့ သုံးလေးမိုင်သာသာလောက်လှမ်းတဲ့ ဆင်ရံတို့၊ ရဲထွက်တို့သွားပြီး အိုးဝယ်ရတာကတော့ အမေ့တာဝန်။ အမေသွားတဲ့လှည်းပေါ်မှာလည်း ကိုယ်ကပါသွားပြန်တာပေါ့လေ။ ကိုယ့်အိမ်ကထွက်တဲ့ ထန်းမြစ်လေးတွေ လှည်းပေါ်တင်၊ ဟိုရောက်တော့ ထန်းမြစ်နဲ့အိုးနဲ့လဲ၊ လိုတာကို ထပ်ဝယ်ပြီး အိုးလှည်ကလေး တဂလုတ်လုတ် ကို မကွဲအောင်ထိန်းမောင်းပြီး သားအမိနှစ်ယောက် ဖြည်းဖြည်းပြန်ကြရတာပေါ့။ အိုးလှည်းက အမောင်း မတတ်ရင် လှည်းကကျင်းထဲချိုင့်ထဲကျတဲ့အခါ ပါလာတဲ့အိုးတွေကွဲတတ်သေးတယ်လေ။

​အဖေတို့အမေတို့က ဘယ်လောက်ဆင်းရဲတယ်ဆိုပေမယ့် ကိုယ့်ကိုထိုက်သင့်တဲ့အနေအထားတစ်ခု အထိရောက်အောင်တော့ ပျိုးထောင်ပေးခဲ့ကြတယ်။ သူငယ်တန်းလေးကနေ လေးတန်းအထိကတော့ တောကနေ ရွာကျောင်းအထိ ခြေလျင်သွားရတာပေါ့။ လူသူရှားတဲ့တောလမ်းခရီးမဟုတ်ပေမယ့် ငါးနှစ် ခြောက်နှစ် ကလေးတစ်ယောက်အနေနဲ့တော့ တောနဲ့ကျောင်းခရီးက စွန့်စားခန်းလေးတစ်ခုလို့ ဆိုရမှာ ပေါ့လေ။ အရေးထဲ လမ်းတွေ့တဲ့ခပ်နောက်နောက်လူကြီးတစ်ယောက်က “ကောင်လေး၊ ဟိုအပင်က သရဲ ခြောက်တယ်နော်။ ငါတောင် ခေါင်းပြတ်ကြီးတွေ့ခဲ့သေးတယ်”ဆိုပြီး နောက်လိုက်တော့ ပိုလန့်တာပေါ့။ သရက်တန်းကိုဖြတ်တဲ့အခါဆို အပေါ်ကသရက်ပင်အုပ်အုပ်ကြီးတွေက ညို့ညို့ဆိုင်းဆိုင်း၊ မည်းမည်း မှောင်မှောင်၊ အောက်က အရွက်ခြောက်တွေကိုနင်းလိုက်ရင် တဂျွတ်ဂျွတ်နဲ့မြည်တာမို့ အသံအမြည် နည်းအောင် ဖိနပ်လက်ကကိုင်ပြီး အသာလေးခြေဖော့နင်းရတာ။ အပင်တွေအောက်ကလွတ်ပြီဆိုရင်တော့ လွယ်အိတ်စလွယ်သိုင်းပြီး ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ပြေးတော့တာပဲ။

​လေးတန်းကနေ ငါးတန်းကူးတော့ တစ်ရွာကိုပြောင်းရပြီ။ တဲနဲ့ကျောင်း ဘီးကလေးနဲ့ သွားချည် ပြန်လှည့်ပေါ့။ ရှစ်တန်းအောင်လို့ ကိုးတန်းတက်တော့ ထပ်ပြောင်းရပြန်ရော။ တက္ကသိုလ်ထားဖို့ ငွေကြေး အခက်အခဲရှိပေမယ့်လည်း ချေးတန်ချေး၊ ငှားတန်ငှားပြီး ကျောင်းပြီးအောင်ထားပေးခဲ့ကြတယ်။ တစ်ရပ်တစ်ရွာကကျောင်းတွေကိုပို့တဲ့အခါတိုင်း “မင်းကိုပညာသင်ပေးထားတယ်၊ စိတ်မချစရာမရှိဘူး၊ အကောင်းအဆိုး ကိုယ့်ဘာသာစဉ်းစား”တဲ့။ ဒီလိုပြောလေ့ရှိပေမယ့် အသက်သုံးဆယ်ကျော်မှကိုယ်ကျောင်း ထပ်တက်ပြန်ဉီးမယ်ဆိုတော့ နှုတ်ဆက်ခွဲခွာချိန်မှာ အမေက မျက်ရည်စမ်းစမ်းဖြစ်နေပြန်တယ်။ ဒီအရွယ် အထိ စိတ်မချနိုင်သေးဘူးဖြစ်နေတယ်ထင်ပါရဲ့။ ဪ၊ ကြားယောင်မိပါရဲ့၊ စုန်ရေစီးသံတွေ။

​သာလိကေဒါရဇာတ်တော်လာစကားနဲ့ပြောရရင်တော့ ကိုယ့်အခြေအနေက ကျွေးဟောင်းလည်း သေသေချာချာမဆပ်ဖြစ်၊ ကျွေးသစ်လည်း တာဝန်ကျေအောင်မချနိုင်သေးတဲ့အနေအထားလို့ ပြောရမယ် ထင်တာပါပဲ။ ကျေးဇူးတော်အနန္တကိုတော့ နေထွက်နေဝင် ရှိခိုဉီးတင်နေမိပါရဲ့လေ။​

“အမေနဲ့ရွာကို သားမောင်လွမ်းသမျှ တမ်းတစိတ်တွေဖြေသော်မပြေတယ်
နွေရယ်မိုးရယ်ဆောင်းရယ်၊ မိုးရယ်ဆောင်းရယ်နွေရယ် တစ်မျိုးစီကြွေကာပြောင်းရင်
နှစ်ပေါင်းများစွာကြာခဲ့ပြီကွယ်
သားရည်ရွယ်ချက်တွေအောင်မြင်ခဲ့သမျှ မွေးမေအားရစေဖို့ အပြေးသော့လို့အရောက်လာမယ်
အမေ့ရင်မှာချမ်းမြေ့စေမယ်ကွယ်”


သိုက်စိုးထွန်း(နတ်ရွာ)

၂၅.၁.၂၀၂၂ ရက်နေ့ထုတ်
The Daily Eleven သတင်းစာ

Keep Reading

Ernest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the Parlourအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝHaruki Murakami ဘာကြောင့်ဆုမရသေးတာလဲ