Author's Profile Photo

PoMoNyeiAye

27/12/2024

မိုးရွာတဲ့နေ့ နေသာတဲ့နေ့

1 min read
Life Style
Personal Development
Psychology

" ငါ့ဘဝက ဘာလို့ အမြဲ ဒီလိုဖြစ်နေရတာလဲ "

" ဘာလို့ ငါမှ အမြဲကံဆိုးနေရသလဲ "

လူတွေက ‌ဒုက္ခနဲ့ အဆိုးကို ကြုံလာရတဲ့အခါ အဲ့ဒီလို တွေးကြတယ်။ ပြောကြတယ်။

ဒါဆို...
" ကံကောင်းလိုက်တာ "

" တော်သေးတာပေါ့ "

လို့ တွေးမိတဲ့ အချိန်တွေလည်း ရှိခဲ့ကြဖူးမှာ‌ပါ။ ဘဝမှာ ကောင်းတာတွေလည်း ဖြစ်ခဲ့ဖူးတာကို သတိရပါဦး။

ဘဝဟာ အမြဲတမ်း အဆင်ပြေ မနေပါဘူး။ နောက်ပြီး ဘဝဟာ အမြဲတမ်း အဆင်မပြေနေတာလည်း မဟုတ်ပါဘူး။ လူတစ်ယောက်က ဒီလိုပြောခဲ့ဖူးတယ်။

" အမြဲတမ်းကောင်းတာပဲ ဖြစ်နေရင် လူတွေက ဘဝကို နေချင်သလို နေနေကြတော့မှာပေါ့။ အဆိုးလောကဓံဆိုတာကိုကြုံဖူးမှ စိတ်ကောင်းထားဖို့ သတိရကြမယ်။ ကိုယ်ချင်းစာတတ်ကြမယ်။ ကောင်းတာတွေလုပ်ဖို့လည်း မမေ့ကြမှာ" တဲ့။ အမြဲမှတ်မိနေမယ့် စကားလေးပါပဲ။

လူတိုင်းကတော့ ကိုယ်ချစ်တဲ့လူတွေကို အမြဲ ကောင်းတာတွေပဲ ကြုံစေချင်ကြတယ်။ ကောင်းတာတွေပဲ ဖြစ်လာစေချင်ကြတယ်။ ကိုယ်ကိုယ်တိုင်လည်း ကောင်းတာတွေပဲ လိုချင်ကြတယ်။ ဒါပေမဲ့ ဘဝကတော့ ဆိုးတစ်လှည့် ကောင်းတစ်လှည့်ပါပဲ။ ကောင်းနေချိန်မှာ အောက်ခြေမလွတ်သွားမှ ဆိုးလာချိန်မှာ အကျ မနာမှာပါ။

အရာအားလုံးဟာ ကမ္ဘာလောကကြီး ဟန်ချက်ညီဖို့ ‌ဖြစ်တည်နေတာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ ကံ‌ကိုယုံပြီး ဆူးပုံနင်းဖို့ ပြောတာလည်း မဟုတ်သလို ကံကို‌ပုံချ အပြစ်တင်ဖို့လည်း မဟုတ်ပါဘူး။ ဆိုးဝါးတဲ့နေ့တွေမှာပဲ ဘဝကို ပိတ်မိမသွားစေဖို့ သတိရမိရင် ရပါပြီ။ ကောင်းတဲ့နေ့တွေ ထပ်ရောက်လာဦးမှာကို ယုံကြည်သွားရင် ရပါပြီ။

နေသာတဲ့တစ်နေ့မှာ မိုးရွာတုန်းက သိမ်းဆည်းထားတဲ့ စိတ်လက်မကြည်သာ ထိုင်းမှိုင်းသမျှအရာရာကို ထုတ်လှန်းကြတာပေါ့။ နောက်ပြီး နေရောင်အောက်မှာ နောက်တစ်ခေါက် ထပ်ပြီး တောက်ပကြတာပေါ့။

PoMoNyeinAye
221224

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞