Author's Profile Photo

Whisper of Words

26/12/2024

ထားကျွန်မလင်

1 min read
Book Review
Novel
ထားကျွန်မလင်'s photo

ထားမှာ ကြင်နာတဲ့နှလုံးသားရှိတယ်လို့ အစ်ကိုမျိုး ထင်ခဲ့တာ မှားတာပဲ။ တကယ်တော့ ထားတို့ မိန်းမတွေရဲ့ အသည်းနှလုံးဆိုတာမျိုးဟာ ကိုယ်က ရှုံးတော့မှ မျက်ရည်ကျတတ်တဲ့ အသည်းနှလုံးမျိုးပါ။
ကိုယ်က နိုင်တဲ့အလှည့်ကျတော့ မိန်းမ တွေရဲ့ အသည်းနှလုံးဟာ ကျောက်ခဲလို မာတတ်ကြတာပဲ။ ဒီလို ကျောက်ခဲလို မာတတ်တဲ့ အသည်းနှလုံးမျိုးကို ထားတို့က ဣန္ဒြေဆိုတဲ့ ကတ္တီပါအိတ်ထဲ ထည့်ဖုံးထားပြီး နူးညံ့ဟန် ဆောင်ကြတယ်။
သူတို့ကြည့်တော့ လင်နဲ့သားနဲ့ ဖြစ်သွားလို့ ဒီစကားမျိုး တွေ မပြောသင့်လေဟန်၊ အသည်းထဲ နှလုံးထဲမှာတော့ အချစ်မပြယ်သေးဟန် ဆောင်ကြတယ်။ တော်တော်တတ်နိုင်တဲ့ မိန်းမတွေပဲ”။

-ထားကျွန်မလင်
-မြသန်းတင့်

ဒီစာအုပ်ကတော့ (နုနုအတွက်) Bad review ပေးရမဲ့စာအုပ်ပါပဲ။ Bad review ဆိုပေမဲ့ စာအုပ်ကမကောင်းလို့မဟုတ်ရပါဘူး။ နုနုရဲ့ သဘောထားတွေ အတွေးအခေါ်တွေ အမြင်တွေနဲ့ လုံးဝကွဲလွဲနေလို့ Bad review ရေးရတာဖြစ်ကြောင်းကိုလည်း ကနဦးသတိ‌ပေးချင်ပါတယ်။

တစ်ခါက ထားခင်မူ၊ ထားခင်အိဆိုတဲ့ညီအစ်မနှစ်ယောက်ဟာ မိခင်မုဆိုးမကြီးသေဆုံးပြီးနောက်ပိုင်း ကြီးတော်တစ်ယောက်နဲ့အတူ ဘဝကိုငြိုငြိုငြင်ငြင်ဖြတ်သန်းရရှာသတဲ့။ ဒါပေမဲ့ သူတို့မှာ သူတို့အိမ်စီးပွားရေးကို ဦးစီးလုပ်ကိုင်ပေးနေတဲ့ အမေ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ ဦးဇင်မောင်ဆိုသူတစ်ဦးလည်း (အားကိုးရသူတစ်ဦးအဖြစ်) ရှိပြန်သတဲ့။

ထိုဦးဇင်မောင်ဟာ ထားတို့ညီအစ်မနှစ်ယောက်ရဲ့ ဖခင်ဖြစ်သူထက် အသက်ငါးနှစ်လောက်သာငယ်တယ်။ ထားတို့နှစ်ယောက်ရဲ့အဖေကွယ်လွန်ပြီးတဲ့နောက် အမေဖြစ်သူဟာလည်း အသေခင် အိမ်ရဲ့အမွေအားလုံးကို ဦးဇင်မောင်ထံ သေတမ်းစာ၊ စာချုပ်စာတမ်းနှင့်တကွ အပ်နှံခဲ့တယ်။ သေတမ်းစာဟာလည်း သမီးကြီး ၂၅နှစ်ပြည့်တဲ့အချိန် သို့မဟုတ် သမီးငယ် အသက်၂၀ပြည့်တဲ့အချိန်မှ ဖွင့်ကြည့်ရမယ်လို့ ဆိုခဲ့ပြန်တယ်။

မိခင်သေဆုံးပြီးတဲ့နောက်မှ သမီးကြီးထားခင်မူဟာလည်း အရွယ်ရောက်လို့ တက္ကသိုလ်ပြီးစ လူငယ်ပီပီ ဒေါက်တာအောင်မျိုးဆိုသူနဲ့ မေတ္တာမျှခဲ့ကြတယ်။ ဒီမှာတင် ဦးဇင်မောင်က ဒေါက်တာအောင်မျိုးနဲ့ ထားတို့ကို မရမကခွဲတော့တာပါပဲ။

အကြောင်းအရင်းကတော့ သူဟာသူ့တူမ/သမီးအရွယ်လောက်သာရှိတဲ့ ထားခင်မူကို မေတ္တာရှိလို့ပါတဲ့....။

နောက် ခွဲလွန်းမက ခွဲမရတော့ဘဲ ထားနဲ့‌ေဒါက်တာအောင်မျိုးဟာ လက်ထပ်ခါနီးအထိ စီစဉ်လိုက်ကြသတဲ့။ ဒီအခါမှာ ထားဟာ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးဖြစ်လို့ ဦးဇင်မောင်ဟာလည်း အရင်က ဖွင့်မကြည့်စေချင်တဲ့ ထားမိခင်ရဲ့သေတမ်းစာကို ဖွင့်ကြည့်စေချင်ပြန်တယ်။

သေတမ်းစာကိုဖွင့်ကြည့်တဲ့အခါ ထားရဲ့အမေဟာ ထားကို ဦးဇင်မောင်နဲ့ သဘောတူထားပါတယ်တဲ့....

ဒီစာအုပ်ထဲမှာတော့ ဘယ်ဇာတ်ကောင် အကောင်းဆုံးလဲလို့မေးရင် ဘယ်ဇာတ်ကောင်မှမကောင်းဘူးလို့ပဲ ပြန်ဖြေချင်ပါတယ်။

သမီးဖြစ်သူကို ငယ်ချစ်ဦးနဲ့သဘောတူစေ့စပ်ဖို့ သေတမ်းစာရေးခဲ့တဲ့အမေရယ်၊ ကိုယ့်တူမအရင်းကို မတရားကျင့်ဖို့ကြံခဲ့တာတောင် ကြည်ကြည်ဖြူဖြူသဘောတူပေးတဲ့ကြီးဒေါ်ရယ်၊ ဘိလပ်မှာပညာသင်ခဲ့တုံး နိုင်ငံခြားသူတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တဲ့ ထားရဲ့ချစ်သူ ဒေါက်တာအောင်မျိုးရယ်၊ အမေကိုမရလို့ သမီးကိုချိန်တဲ့ (ထားရဲ့ခင်ပွန်းဖြစ်လာမဲ့) ဦးဇင်မောင်ရယ်၊ အမရဲ့ရည်းစားဟောင်းနဲ့ လက်ထပ်ရမှာကို သဘောတူလက်ခံတဲ့ ညီမဖြစ်သူရယ်၊ နောက်ဆုံး အဓိကဇာတ်ကောင် ထားရဲ့တုံးအမှုတွေရယ်ကို စဉ်းစားမိရင် အတော်တောက်တခေါက်ခေါက်နဲ့ ဖတ်ရမဲ့စာအုပ်ပဲလို့ ဆိုလိုက်ချင်ပါတယ်ရှင်။

#Review_by_NuNu

Keep Reading

မီးလောင်မြေရေကန်သာကြာတိုင်းအေးVictor Hugo ဘဝအမောပြေအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးစွဲလမ်းဆိပ် book reviewအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်း