Author's Profile Photo

ကိုလေး ( Black_sheep )

21/12/2024

❝အိမ်ထောင်စောစောကျလျှင်❞

1 min read
18 Again

ယခုခေတ်တွင် ရည်းစားထားခြင်းကို ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူစွာ သဘောထားနေကြပါသည်။ ချစ်သူရည်းစားမှတစ်ဆင့် အိမ်ထောင်ပြုမည့်အရေးကို အသက်အရွယ်နှင့်မစာ စိတ်အားထက်သန်နေသူများကို ပိုမိုတွေ့မြင်လာခဲ့လေပြီ။လှတာမြင်ခုံမင် ရင်ခုန်ချင်သည့်လူ့သဘောသဘာဝကိုမသိဘဲ အိမ်ထောင်ကျပြီးခါမှ စရိုက်အခြေအနေနှင့်စိတ်သဘောထားချင်းမတူညီနိုင်၍ ကွဲကြ ၊ ပြဲကြ ၊ နောင်တရကြသူများကို ကျွန်တော့်၏ ပတ်ဝန်းကျင်မှ မကြာခဏတွေ့မြင်ကြားနာရပါသည်။လေ့လာကြည့်သော်  အရွယ်ငယ်သူလူငယ်များ ၊ အသက်မပြည့်သေးသောသူများ အဓိကဖြစ်ပွားသော အိမ်ထောင်စောစောကျသည့် ပြဿနာပင်ဖြစ်သည်။ထို့ကြောင့် အိမ်ထောင်စောစောကျခြင်း၏အပြစ်အဖြစ်များကို ကျွန်တော်မြင်ရကြုံရခဲ့သော ဖြစ်ရပ်မှန်အကြောင်းလေးများဖြင့် ရေးသားမျှဝေပါမည်။

        ချစ်သည်ဆိုတိုင်း အပြင်ပိုင်း၌ ပြောတိုင်းယုံစား မုသားများကို ယောက်ျားမိန်းမ မတွေးကြမိ လျှာရိုးမရှိ ပြောကြလေ၏။ထိုစဥ်ချစ်ခြင်း အသက်ပြင်းလာ ၊ ကာမဂုဏ်စိတ် ယိုဖိတ်ကြည်သာ ၊ ကြင်နာဇာတ်လမ်း ဖြတ်သန်းကြပြီ ။ထို့ကြောင့်အမှား ကျူးလွန်ငြားသည့် အဖြစ်အားဆိုသော် လွန်ခဲ့သည့် လအနည်းငယ်ခန့်က သေဆုံးသွားသော သူငယ်ချင်းတစ်ယောက်အကြောင်းမှ စရမည်။

ထိုကောင်မလေးသည် အသက်၁၅နှစ်တွင် Onlineပေါ်မှ ကောင်လေးတစ်ယောက်နှင့် ချစ်ကြိုက်ခဲ့လေသည်။ မိဘများတားမြစ်သည့်ကြားမှ ဖြတ်ဆိုမဖြတ် ၊ အရပ်ကိုစွန့်ထွက် ၊ ချစ်သူထံ ခိုးရာလိုက်လေသော် မိဘနှစ်ပါးရင်ကျိုး၍ ကျန်ရစ်ခဲ့ရလေသည်။လများစွာမကြာခဲ့ပါ။ကိုယ်ဝန်၂လရစဥ် လင်တော်မောင်နှင့် အဆင်မပြေဖြစ်၍ မပေါင်းနိုင်ကြောင်း ပြဿနာအကြောင်းဖန်လာပြီး ယောက္ခမဒဏ်လည်းမခံနိုင်၍ မွန်းကျပ်ကာ လူ့လောကမှ မကြောက်မရွံ့ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လေသည်။

            ဒါ့အပြင်ရှိပါသေးသည်။လွန်ခဲ့သောလအနည်းငယ်ခန့်က ကျွန်တော်တို့အိမ်ဘေးတွင် ညားခါစဇနီးမောင်နှံနှစ်ယောက် အိမ်အငှားပြောင်းနေကြသည်။ ကြည့်ရပုံထောက် ဤနှစ်ယောက်မှာ ခိုးပြေးကြဟန်ရှိသည်။မိန်းမပျိုမှာ ကျွန်တော့်ထက်ငယ်ပါသည်။အသက်၁၇နှစ်သာရှိ၏။အိမ်ထောင်ရပ်သားကျသော် အိမ်မှမိဘများနှင့် အိမ်ခွဲမှုစတင်သည်ဟုဆိုလေသည်။ယောက်ျားဖြစ်သူမှာလည်း ဟန်ရွယ်၍ ကိုယ့်ထူးကိုယ်ချွန် ၊ တစ်အိုးတစ်အိမ်ထူထောင်ဖို့ရာ ခက်ခဲလှပါသည်။နောက်ဆုံးငွေပြတ်၍ ကြံရာမရကာ ရပ်ကွက်အတွင်းမှ ဆိုင်ကယ်တစ်စီးကို ခိုးယူဖို့ ကြံရွယ်လေတော့သည်။ကံဆိုးမှသွားရာ မိုးလိုက်လို့ရွာဟုသာဆိုရမလို။ခိုးရာပါပစ္စည်းနှင့် လက်ပူးလက်ကြပ်မိသွား၍ လူအများရိုက်နှက်သော ဒဏ် အလူးအလဲခံရကာ ရပ်ကွက်အတွင်း နာမည်ပျက်တစ်ခုနှင့် ထင်ရှားနေလေတော့သည်။

          စာဖတ်သူလေးများ ၊ ဤအဖြစ်အပျက်၂ခုအားကြည့်ပါ။ငယ်ရွယ်ချိန်အိမ်ထောင်ပြုခြင်း၏ ဆိုးကျိုးများဖြစ်ပါသည်။ ချစ်သော်လည်း ခက် ၊ မချစ်သော်လည်းခက် ၊ အိမ်ထောင်ရပ်ကွဲဖြစ်သော်လည်းခက်ချေ၏။ပြောင်းလဲတတ်ကြသော လူ့စိတ်ကြောင့် တွေးတောဆင်ခြင်၍ အိမ်ထောင်ပြုချင်လျှင်လည်း ယူသင့် ၊ မယူသင့် သေချာချင့်ချိန်ကြပါလေ။နှလုံးသားလေးနုနယ်စဥ် အချစ်ဆေးမိပါက ဖြေဆေးရှာရခက်ချေ၏ ။ ထို့ကြောင့် ချစ်တိုင်းလည်း မဖြစ် ၊ ဖြစ်တိုင်းမချစ်နိုင်ကြ၍ သက်ဆုံးတိုင်ရည်ရွယ်ပြီး အရွယ်ရောက်ခါမှသာ အိမ်ထောင်ပြုဖို့စဥ်းစားရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

#ကိုလေး ( Black_sheep )
၂၁ ၊ ၁၂ ၊ ၂၀၂၄ ( စနေနေ့ )

Keep Reading

ထွက်ပေါက်(Exit)တကယ်ပြီးသွားမှာလား? Really End?မဖြစ်မ‌နေဖတ်ကိုဖတ်သင့်တဲ့ စာအုပ် (၅) အုပ်UWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?လူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အချိန်ဆွဲတတ်တဲ့ သူတွေအတွက် 2 Minutes Ruleဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲအလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။