စာကြမ်းပိုး
သျှောင်ပေစူး ၀တ္ထုတိုများ
စာမျက်နှာ ၃၄၀ ၊ပထမအကြိမ် ၊ဓူဝံစာအုပ်တိုက် ၊မျက်နှာဖုံးနှင့် အတွင်းသရုပ်ဖော် - မုတ်သုန်
ပန်းစည်းကြိုး မဂ္ဂဇင်း ၀တ္ထုရှည်များ
စာမျက်နှာ ၂၈၂ ၊ ပထမအကြိမ် ၊ ပုဂံစာအုပ်တိုက် ၊ မျက်နှာဖုံး - ကျော်ဖြူစံ
၀တ္ထုတိုနှင့် မဂ္ဂဇင်း၀တ္ထုရှည်များ စုစည်းမှု စာအုပ်နှစ်အုပ်ပါ။သျှောင်ပေစူး ၀တ္ထုတိုများမှာတော့ ၀တ္ထုတိုပေါင်း ၁၅ ပုဒ်ပါ၀င်ပါတယ်။ တယ်လီဖုန်း ကို "သာလီဖောင်း" ၊ ဆိုင်ကယ်ကို "လောက်ကျား" လို့ ခေါ်တာကိုတော်တော်လေး ပြုံးမိခဲ့တယ်။ ဆရာမရဲ့ အမေက အကြောင်းအရာတွေကိုသေသေချာချာ ပြောပြနိုင်တာကို "ငရုတ်ကောင်းစေ့နဲ့ သင်္ဘောစေ့ ခွဲပြနိုင်" လို့ တင်စားထားတာလေးကို သဘောကျမိခဲ့ပါတယ်။ " ပျိုလေးတို့အိမ်ခေါင်မိုး ထိုးလာပါတဲ့ ပေဖူးလွှာ " နဲ့ "ကိုသော်တာနှင့် သူ၏သစ်ပင်များ" ဆိုတဲ့နှစ်ပုဒ်ကတော့ ကျွန်မဖတ်ပြီးသားပါ။ နောက်တစ်ခေါက်ပြန်ဖတ်ဖြစ်သွားလည်း ဖတ်လို့ ကောင်းလှပါတယ်။ "ကု..ကူး" နဲ့ "ဒက်ကာရာနီ" ဆိုတဲ့နှစ်ပုဒ်ကတော့ အညာကျေးလက်ဒေသအကြောင်း မဟုတ်ပဲ အခြားဒေသနောက်ခံအကြောင်းအရာဖြစ်လို့ ဖတ်ရတာ တမူထူးခြားခဲ့တဲ့နှစ်ပုဒ်ပါ။
ပန်းစည်းကြိုး မဂ္ဂဇင်း၀တ္ထုရှည်များမှာတော့ ၀တ္ထုရှည် ၉ ပုဒ်ပါ၀င်ပါတယ်။ အခုလို အလှူအတန်းရာသီမှာ "အဝေးကမှန်း ဟိုရွာလမ်း ထီးတန်းကြီးလှပါဘိ" ဆိုတဲ့ ၀တ္ထုထဲက စာချိုးတွေနဲ့ အလှူဖိတ်စာအကြောင်းဖတ်ရတာ အချိန်ကာလနဲ့ကိုက်ညီတာမို့ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းလှပါတယ်။ အဲ့ဒီထဲက ကျောက်ဖရုံသီးနဲ့ငါးချဉ်ရောထားတဲ့ ဟင်းစပ်အကြောင်းဖတ်ပြီး တော်တော်လေး သွားရည်ကျမိခဲ့ပါတယ်။ "ချွေးနဲစာလေးပဲလှူချင်လို့ ထီတောင်မထိုးခဲ့ဘူး" ဆိုတဲ့ ဖြူစင်တဲ့စေတနာသဒ္ဓါတရားတွေကို ကြည်ကြည်နူးနူးခံစားခဲ့ရပါတယ်။ ဒီတစ်အုပ်က ဟာသလေးတွေလည်း ပါတယ်။ "နတ်အိုးကွဲ" ၀တ္ထုထဲက နံပြား၀ယ်ခိုင်းတာကို နံပြားကြီးချိုင်းကြားညှပ်ပြီးပြန်လာတဲ့" ရာပိုက်" နဲ့ သူ့ရဲ့ပြုံးချင်ဖွယ်ရာ အဖြစ်အပျက်များစွာကိုလည်း ရယ်ရွှင်ဖွယ် သနားဖွယ် ဖတ်ရှုခဲ့ရပါတယ်။ "မြိုင်နဲ့ရဂုံ " ဆိုတဲ့ ၀တ္ထုရှည်ကိုလည်း ကျေးလက်အဖြစ်အပျက်နဲ့ ကွဲထွက်ပြီး တမူထူးခြားတဲ့ ၀တ္ထုလေးတစ်ပုဒ်အဖြစ် မှတ်မိခဲ့ပါတယ်။
ခေါင်းစဉ်မှာသာမက အကြောင်းအရာ တွေမှာပါ မြန်မာ့ ရနံ့တွေနဲ့ ထုံမွှမ်းနေတဲ့ ၀တ္ထုတို ပေါင်းချုပ်စာအုပ်နှစ်အုပ်ပါပဲရှင်။
၀တ်မှုံလေး (စာကြမ်းပိုး)
https://youtube.com/@wuthmonelay-sarjapoe
Keep Reading