ကိုလေး ( Black_sheep )
လူငယ်တွေတင်မက လူကြီးတွေပါ စာဖွဲ့လို့မကုန် ၊ မှန်းဆ၍မရနိုင်တဲ့ အချစ်ဒဿနအကြောင်းကို အမျိုးမျိုးဖွဲ့ကြတယ်။ အမျိုးမျိုးပြောကြတယ်။ "အချစ်ဆိုတာ " ရယူခြင်း ၊ ပေးဆပ်ခြင်း ၊ ပူလောင်ခြင်း ၊ ပျော်ရွှင်စေခြင်း ၊ စွဲလမ်းစေခြင်း ၊ သံသရာအတွက်အမှောင်သဖွယ်နှောင်ကြိုးဖွဲ့သည့်အရာဖြစ်ခြင်း ၊ ကိလေသာတဏှာတစ်ခုသာဖြစ်ခြင်း ၊ အ၍ချစ်ခြင်း ၊ အရှုံးပေးခြင်း ၊ ရင်ဆိုင်ခြင်း စတဲ့အမည်အမျိုးမျိုးနှင့် ခေါင်းစဥ်တပ်လို့ အချစ်အကြောင်းကို ဖွဲ့နွဲ့ကြတယ်။ တကယ်တော့ အချစ်ဆိုတာ ...
ပူလောင်မှုတစ်ခုသာဖြစ်တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာ အသေးစိတ်ပြောပြရမယ်ဆိုရင်...
လူတွေဟာ အချစ်ကြောင့် အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ကြီးကို ပထမဆုံး ခံစားဖူးကြပါတယ်။ အသည်းကွဲတယ်ဆိုတာလည်း ပူလောင်မှုတစ်ခုမဟုတ်လားကွယ်။ထပ်မံသုံးသပ်ရမယ်ဆိုရင် ကျွန်တော်တို့ဟာ ယောက်ျားလေးတစ်ယောက်ကို ချစ်ခဲ့သည်ဖြစ်စေ ၊ မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့သည်ဖြစ်စေ ၊ တစ်ဖက်သက်အချစ်မှာ ဖြစ်နေသည်ဆိုပါစို့ ။ ကိုယ်မေတ္တာသက်ဝင်နေသူဆီက အဖြေရချင်ကြတာ မေတ္တာပြန်ရချင်ကြတာ သဘာဝပဲ မဟုတ်လားကွယ်။ ဒီတော့ " သူ့ဆီက အဖြေရပါ့မလား ၊ သူငါ့ကို ချစ်မှချစ်မလား ၊ သူငြင်းခဲ့မယ်ဆိုရင်ရော " စတဲ့ အတွေးတွေနှင့် သင့်ကို စတင်ပူလောင်စေနေပြီဖြစ်ပါတယ်။ သင်တို့တွေးကြည့်ပါ ။ ဒီခံစားချက်ကလည်း တစ်မျိုးပူလောင်ရပြီမဟုတ်လား ။
ချစ်သူဖြစ်သွားခဲ့ပြီဆိုပါစို့။
ကိုယ့်ချစ်သူ သူများနောက်ပါသွားမှာ ၊ သူကိုယ့်ကို ချစ်မှချစ်သေးရဲ့လား ၊ သူနောက်ကွယ်မှာ ဖောက်ပြန်ခဲ့ရင်ရော? ၊ သူ့ကို ငါ့အပြင်တခြားသူတွေများ ချစ်နေပြီလား စတဲ့ စိတ်မချမှုတွေက အတွေးတွေထဲ ဝင်ခဲ့ဖူးကြတယ်မဟုတ်လား။ ဒီမှာလည်း ထပ်ပြီးတော့ ပူလောင်ရပြန်ပါတယ်။
ဒါ့အပြင် သဝန်တိုမှု ၊ အူတိုတွေကလည်း စိတ်ကို ပူပန်စရာ တစ်ခုဖြစ်စေပါတယ်။ ဥပမာ သင်ဟာ ယောက်ျားလေးတစ်ယောက်ဆိုခဲ့ရင် သင့်ကောင်မလေးကို တခြားကောင်တွေ ဟိုနေရာငေး ဒီနေရာငေးမှာတွေကို တစ်ဖန် ပူလောင်ရပါတယ်။မိန်းကလေးဖြစ်ခဲ့ရင်လည်း ကိုယ့်ကောင်လေး တခြားမိန်းကလေးတွေကိုများ စိတ်ဝင်စားနေမလား ၊ ယောက်ျားဆိုတဲ့အမျိုးက လှတာမြင်ရချင်ကြတာဆိုတော့ ငါစိတ်ချရမလားဆိုပြီး မိန်းကလေးများလည်း စိတ်ဒုက္ခရောက်ကြရပါတယ်။
နောက်ဆုံးတစ်ခုကတော့ တကယ်လို့များ မေတ္တာပျက်လို့ အချစ်တွေပြယ်ပြီးနောက် လမ်းခွဲခြင်းမှတ်တိုင်မှာ မတတ်နိုင်တဲ့အဆုံး သင်ရောက်သွားခဲ့ရင် ဝေဒနာမီး ရင်မှာသီးလို့ ဒုက္ခပင်လယ် အသွယ်သွယ်မှာ အသည်းတွေကွဲလို့များ ကျန်ရစ်ခဲ့ရင် အပူတကာ့အပူဆုံး သောကဝေဒနာမီးကြီး လောင်ကျွမ်းလေပြီမဟုတ်လားကွယ်။
ဒါကြောင့် အချစ်ဆိုတာ ပျော်ရွှင်ခဲ့ရင်လည်း တခဏတာအတွက်ပဲ ဖြစ်နိုင်ပါတယ်။လူတစ်ယောက်ကိုစတင်နှစ်သက်ချိန် ၊ ချစ်သူဖြစ်ပြီးချိန် ၊ မပေါင်းဖက်ရချိန် စလယ်ဆုံးဟာ ပူလောင်စရာတွေသာ များပြားပါတယ်။
ဒါကတော့ ကျွန်တော်ရဲ့ထင်မြင်မှုကို ရေးသားခြင်းဖြစ်ပါတယ်။
တကယ်လို့များချစ်ခြင်းဟာ ခိုင်မြဲလို့ အိမ်ထောင်ရပ်သားကျခဲ့ရင်တောင် အိမ်ထောင်တစ်ခုရဲ့ပူလောင်စရာတွေဟာ ပြောပြလို့မကုန်နိုင်လောက်ပါဘူး။
ဒါကြောင့် အချစ်ဟာ အများအားဖြင့် ပူလောင်သောကနှင့်အဆင်မပြေမှုသာ ပိုများပါတယ်။လူတိုင်းဟာ သောကတွေ ၊ အဆင်မပြေမှုတွေကြားထဲကနေ ပျော်ရွှင်နိုင်အောင် နေထိုင်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေပေါ်မူတည်ပြီး အချစ်ရဲ့ ဖွဲ့ဆိုပုံဟာအမျိုးမျိုး ပြောင်းလဲနေကြတာပဲဖြစ်ပါတယ်။
#ကိုလေး ( Black_sheep )
Keep Reading