Author's Profile Photo

မောရိသျှ

10/12/2024

ကိုယ်ရည်ကိုယ်သွေးဖြင့် မရှိသေးဘဲ လူတတ်ကြီးမလုပ်ချင်စမ်းပါနဲ့။

3 mins read
Book Review
ကိုယ်ရည်ကိုယ်သွေးဖြင့် မရှိသေးဘဲ လူတတ်ကြီးမလုပ်ချင်စမ်းပါနဲ့။'s photo

အစဉ်တစိုက် လေ့ကျင့်ထားပြီး၊ ကိုယ်လေ့ကျင့်နေတဲ့ အရည်အချင်းနဲ့ ရင်းနှီးကျွမ်းဝင်လာပြီ၊ သဘောတရား အထာကိုလည်း နားလည်နေပြီဆိုရင်၊ လက်တွေ့စမ်းသပ်မှုတွေနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ရပါမယ်။ ကိုယ်လေ့ကျင့်နေတဲ့ အရည်အချင်းကို တကယ်ပဲ ကျွမ်းကျင်နေပြီလား၊ လေ့ကျင့်မှုတွေ လိုနေသေးလား ကွဲကွဲပြားပြား သိသွားအောင် လက်တွေ့စမ်းသပ်ရပါမယ်။ 

ကိုယ်ရွေးချယ်ထားခဲ့တဲ့ အရည်အချင်းကို လက်တွေ့ကျကျ စမ်းသပ်လို့ရမယ့် အလုပ်အကိုင်နဲ့ ပေါင်းဖက်ပြီး ရလဒ်ကောင်းထွက်မထွက် လုပ်ကြည့်ပါ။ စိတ်ထဲ မှန်းထားတာထက် ပိုကောင်းအောင် လုပ်နိုင်ပြီဆိုတာ သေချာသွားတော့မှ ကိုယ့်ကြိုးစားမှု အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ထင်ထားသလောက် မဖြစ်မြောက်သေးဘူးဆိုရင်တော့၊ ဒုတိယအဆင့် ပြန်သွားပြီး စိတ်ကျေနပ် အားရမှု ရှိအောင် လုပ်နိုင်တဲ့ အထိ ပြန်ကြိုးစားပါ။ ပြန်လေ့ကျင့်ပါ။ ပြန်ဆန်းစစ်ပါ။ မနားပါနဲ့။ စိတ်အားရမှု မရှိနိုင်မချင်း မနားပါနဲ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တကိုယ်တည်း ဆန်းစစ်ပြီး အဆင့်ခွဲသလို၊ သူများကို လုပ်ပြီပြီး တဖက်သားအမြင်ကိုလည်း တောင်းခံပါ။ 

ဝေဖန်မှု၊ အပြစ်ဆိုမှု၊ အပြစ်ထောက်ပြမှု၊ အားနည်းချက်၊ အားသာချက် စသဖြင့် အပြုသဘောဆောင်တဲ့ သုံးသပ်မှုတွေကို သဘောထားကြီးစွာထားပြီး နားထောင်ပါ။ ပြုပြင်ပါ။ ပြောင်းလဲပါ။ မငြင်းပါနဲ့။ မကောင်းပြောလေလေ အခဲမကျေနိုင်လေလေ မဖြစ်စေဘဲ၊ မခံချင်စိတ်နဲ့ ကိုယ့်အားနည်းချက်ကို ပြုပြင်ပါ။ ဝေဖန်မှုတိုင်းကို နားထောင်ပါ။ မတုန့်ပြန်ပါနဲ့။ ပြီးတော့မှ ပြုပြင်ပါ။ ပြောင်းလဲကြောင်း သက်သေမပြပါနဲ့။ ဘယ်အရည်အချင်းမဆို လိုအပ်ချက်တွေ ရှိနေမှာပါ။ အပြီးပြည့်စုံဆုံးသော ကျွမ်းကျင်ပိုင်နိုင်သူ ဆရာ့ဆရာဆိုတာ မရှိပါဘူး။ အားနည်းချက်၊ အားသာချက် စသဖြင့် ရှိပါတယ်။ 

လက်သက် အလုပ်သင် တပည့်အနေနဲ့ ဆရာ့ထက် သာဖို့ လွန်ဖို့ ဆိုတာ တော်ရုံ လေ့ကျင့်နိုင်စွမ်း ရှိရုံနဲ့ မရပါဘူး။ သူမတူ ထူးကဲစွာ ကြိုးစားအားထုတ်ထားမှသာ ဖြစ်ဖို့ အလားအလာ ရှိတာပါ။ ဒါကြောင့် ဆရာဖြစ်သူရဲ့ အပြစ်ဆိုမှု၊ အပြစ်တင်မှု၊ အမှားထောက်မှုတွေကြောင့် စိတ်အားငယ်တာမျိုးလည်း မဖြစ်ပါစေနဲ့။ စိတ်အလိုမကျလည်း မဖြစ်ပါစေနဲ့။ စိတ်ခံစားချက်ကို ချုပ်တည်းထားပါ။ အပြုသဘောဆောင်ပြီးပြောတာမျိုးပဲ ဖြစ်စေ၊ တမင်တကာ ရွဲ့စောင်းမြောင်းပြီး ပြောတာမျိုးပဲ ဖြစ်စေ၊ အကြောင်းအချက်တွေကို သိရအောင် နားထောင်ပါ။ အမှားကို သိခြင်းက အမှန်ကို မြင်ချင်းထက် ပိုအရေးကြီးပါတယ်။ အမှားမရှိဘဲ၊ အမှန်မသိနိုင်ပါဘူး။ အမှားထောက်ပြခံရရင်၊ မှန်တာကို ပိုလုပ်နိုင်မယ့်အ ခွင့်အလမ်း ရှိပါတယ်။ အဆိုးထဲက အကောင်း၊ အကောင်းထဲက အဆိုး ကွဲအောင် ကြည့်ပါ။

သင်ယူတတ်သူ ဖြစ်ပါစေ။ အမှားကြောင့် စိတ်ပျက်၊ စိတ်ကွက်လွယ်နေသေးသရွေ့ သင်ယူနိုင်သူ မဖြစ်သေးသလို၊ ကျွမ်းကျင်နိုင်သူ ဖြစ်ဖို့ ခရီး အလှမ်း ဝေးနေပါသေးတယ်။ အရည်အချင်း တခုတည်းကိုပဲ အရင်ဆုံး ကျွမ်းကျင်အောင် လေ့ကျင့်ကြည့်ပါ။ ကိုယ်ရွေးချယ်ထားတဲ့ အရည်အချင်း ကို ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်ထားနိုင်ခဲ့ပြီဆိုရင်၊ ဒုတိယ အရည်အချင်းက ပထမ အရည်အချင်းလောက် ခက်ခဲတော့မှာ မဟုတ်ပါဘူး။ အမှားကို တန်ဖိုးထားပြီး၊ အမှန်ကို မြတ်နိုးတတ်သူ ဖြစ်ပါစေ။ ကောင်းဖို့အတွက် ပြောင်းလဲတာမျိုး ဖြစ်ပါစေ။ 

အပင်ပန်းခံ လေ့ကျင့်ထားခဲ့ပြီးမှ လက်တွေ့ စမ်းသပ်ဖို့အရေး မဝံ့ဖြစ်နေခဲ့ရင်၊ ကိုယ့်လောက် ရူးမိုက်သူ ရှိတော့မှာ မဟုတ်ပါဘူး။ လုပ်ရဲမှတော့ စမ်းသပ်ခံရဲရမယ်။ စွန့်ရဲသူသာ စားနိုင်ပါတယ်။ အမှားကို သိအောင် ကြိုးစားသူသာ အမှန်ကို တန်ဖိုးထားနိုင်တာပါ။ အမှားကို ဝန်ခံရဲသူဟာ တိုးတက်သူဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ထားရင် ဆန်းစစ်လို့ရအောင် လက်တွေ့ စမ်းသပ်ကြည့်ပါ။ စိတ်အားရကျေနပ်လောက်တဲ့အထိ ရလဒ်ကောင်း မထွက်သေးသရွေ့ နဂိုထက် ပိုပြီး ကြိုးစားလေ့ကျင့်ပါ။ အရည်အချင်းဆိုတာ ကြိမ်ဖန်များစွာ လေ့ကျင့်ထားနိုင်မှုအပေါ် မူတည်ပါတယ်။ သူမတူ ထူးကဲတဲ့ အရည်အချင်း ရှိချင်မှတော့၊ သူမတူ ပြောင်မြောက်တဲ့ လေ့ကျင့်မှုမျိုးနဲ့ အားထုတ်နိုင်မှ တော်ရာကျပါမယ်။ 

အရည်အချင်းဆိုတာက အစဉ်တစိုက် အရှိန်မပြတ် လေ့ကျင့်ထားမှ ရနိုင်တဲ့ အရာဖြစ်တယ်။ တချို့ အရည်အချင်းတွေက အချိန်အပိုင်းအခြား အနည်းငယ်လောက်နဲ့ တက်မြောက် ကျွမ်းကျင်လွယ်ပေမဲ့၊ တချို့ အရည်အချင်းတွေကျတော့ အချိန်တွေ အများကြီး ပေးဆပ်ပြီး တမျိုးတည်းကိုပဲ ဦးစားပေး လေ့ကျင့်ထားမှ ကျွမ်းကျင်နိုင်တာမျိုးတွေ ရှိတယ်။ အမြင့်ဆုံးသော ပိုင်နိုင်မှု၊ အထာကျနိုင်မှုတွေ ရချင်ရင်တော့၊ ထပ်ခါတလဲ လုပ်ရမှာကို မပျင်းပါနဲ့။ နည်းပေါင်းတထောင် တတ်ထားတိုင်း ဆရာမကျနိုင်ပါဘူး။ တနည်းတည်းကိုပဲ အကြိမ်ရေပေါင်း တထောင် ကျင့်ထားသူလောက် ဘယ်သူမှ သာလွန်ထူးကဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နည်းပေါင်းတထောင် ဗြောက်သောက်ကျင့်နေမယ့်အစား၊ အလုပ်သင်တပည့်ကောင်း ပီသသွားအောင် အရေးကြီးဆုံး တနည်းတည်းကိုပဲ ဦးစားပေး အလေးထား လေ့ကျင့်ပါ။ အရှိန်မပြတ် အစဉ်တစိုက် တဖြည်းဖြည်းချင်း အသားကျသွားအောင် အားထုတ်ပါ။ 

အရည်အချင်းဆိုတာက လက်တွေ့ အားထုတ်မှုနဲ့ပဲ ဆိုင်ပါတယ်။ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ နိယာမတွေနဲ့ မဆိုင်ပါဘူး။ အရည်အချင်း ရှိဖို့ တကယ်လုပ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လအရှိန် မှန်နေခဲ့ရင် ဘယ်လောက်ပဲ ပင်ပန်းပါစေ၊ စိတ်ကျေနပ်မှု ရနိုင်ပါတယ်။ ဒါကြောင့် အရည်အချင်းရှိအောင် ကြိုးစားလေ့ကျင့်တဲ့နေရာမှာ အရာထင်မထင်၊ အကျိုးဖြစ်မဖြစ် သိချင်ရင်၊ လေ့ကျင့်နေချိန်အတွင်း ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှု ဖြစ်မဖြစ် သုံးသပ်ပါ။ စိတ်အားရမှုထက်၊ စိတ်ကျေနပ်မှု ရှိစေပြီး၊ အသုံးကျ၊ အကျိုးရှိမှန်း မြော်မြင်နိုင်ရင် ကိုယ့်အတွက် အကျိုးဖြစ်မယ့် အရည်အချင်းစစ်၊ အရည်အချင်းမှန်ကို လေ့ကျင့်နေတာ သေချာသွားပါပြီ။ လေ့ကျင့်မှုအတွင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှု၊ ပြဿနာ၊ အခက်အခဲတွေ အားလုံးကိုလည်း ကျေနပ်စွာ လက်သင့်ခံပြီး ဖြေရှင်းလိုစိတ် ရှိလာပါလိမ့်မယ်။ ခက်တာကိုမှ လိုချင်တဲ့ စိတ်ဖြစ်လာပြီး၊ ရှုပ်တာကိုမှ ရှင်းချင်တဲ့ စိတ်မျိုး ပေါက်လာရင်တော့၊ ကြိုးစား အားထုတ်မှုဟူသမျှ အရာထင်ပါတယ်။ အချိန်တန်ရင် လေ့ကျင့်မှုရဲ့ အကျိုးကျေးဇူးကို လက်တွေ့ ခံစားရပါလိ့မ်မယ်။ ခက်ခဲမှုဆိုတာ နားလည်မှု အားနည်းသူတွေမှာ ဖြစ်လေ့ရှိတဲ့ အတားအဆီးတခုပါ။ နားလည်လွယ်သူနဲ့ လေ့ကျင့်လိုသူတွေအတွက်တော့ စိန်ခေါ်မှုဆိုတာ ကျွမ်းကျင်မှုရဖို့အတွက် ခုတုံးတခုသာသာပါပဲ။ 

#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်

Keep Reading

စာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများပီကင်း