Author's Profile Photo

SarPhat Author

29/03/2024

မိဘတွေရှိနေစဥ်တန်ဖိုးထားပါ။

1 min read
Life Style
Personal Development
General Knowledge
မိဘတွေရှိနေစဥ်တန်ဖိုးထားပါ။'s photo

လူ့ဘဝကြီးဟာ ဝင်လာပြီးရင် အကုန်ပြန်ထွက်သွားကြရတဲ့သူတွေပါ။ ဒီအမှန်တရားကို သိနေပါရက်နဲ့ လူတွေကမေ့ချင်ယောင်ဆောင်နေခဲ့ကြပါတယ်။ ကျွန်မတို့ မိသားစုကလူတွေနဲ့ ကျွန်မတို့ကိုယ်တိုင်ဟာ တစ်ချိန်မှာ ဒီလောကထဲက ခေါင်းစဥ်တစ်မျိုးမျိုးနဲ့ ပြန်လည်ထွက်ခွါသွားကြရမှာပါ။

လူ့လောကမှာအဆင်မပြေတဲ့အရာတွေ၊ အခက်အခဲတွေ၊ ပြသနာတွေအများကြီး ရှိပါတယ်။ လူတိုင်းကြုံတွေ့ရတဲ့အရာတွေပါ။ အခြားသူမပြောနဲ့ အချို့အရာတွေမှာ မိဘနဲ့သားသမီးစိတ်သဘောချင်းမတိုက်ဆိုင်တာ၊ အဆင်မပြေပဋိပက္ခဖြစ်တာတွေ ရှိကြပါတယ်။ အခုတလော Facebook မှာ စာလေးတစ်ကြောင်းတက်လာတာတွေ့ပါတယ်။ အိမ်မှာမိဘရဲ့အသံကိုကြားနေရခြင်းဟာ ကုသိုလ်ကံထူးတစ်ခုပါတဲ့။ သိပ်မှန်ပါတယ်။ ကျွန်မဆိုရင် ဖေဖေ့အသံကြားချင်တာတောင် ကြားဖ်ု့မရှိတော့ပါဘူး။ ကျွန်မဖေဖေက ဓာတ်ပုံကလဲ သိပ်ရိုက်တတ်တဲ့သူမဟုတ်တာရယ်၊ သူရှိစဥ်က အလုပ်ကိစ္စနဲ့ခရီးသွားရတာများတာရယ်ကြောင့် မိသားစုဓာတ်ပုံဆိုတာတောင် မရှိသလောက်ရှားခဲ့ပါတယ်။ နောက်ပြီးတော့ ဖေဖေနဲ့က ဘွဲ့ဓာတ်ပုံတစ်ပုံမှ ရိုက်ရလိုက်အောင် မမှီလိုက်ပါဘူး? ပထမဆုံးဘွဲ့ယူတုန်းက မေမေကမျက်ရည်ကျပါတယ်။ နောက်တော့လဲ သူ ဟိုကျောင်းပွဲလိုက်ရ ဒီဘွဲ့ယူလိုက်ရနဲ့မို့ ခဏခဏလိုက်ရတာပြင်ဆင်ရတာနဲ့ များတာနဲ့ မကျအားတော့ပါဘူး။ သူများတွေမိသားစုဘွဲ့ဓာတ်ပုံလေးမြင်ရင်တော့ အားကျစိတ်လေးတစ်ချက်ဝင်ပါတယ်။ ဒါပေမယ့်လဲ လူ့ဘဝမှာ အရှိကိုအရှိအတိုင်းလက်ခံရမယ်မလား။ မရှိတော့တာတွေအတွက် သတိတွေရပူဆွေးနေတာထက် ရှိနေသေးတာတွေအတွက် အကောင်းဆုံးပဲ ကြိုးစားပါတယ်။ ဖေဖေ့ကို သတိမရဘူးလားမေးရင် ရတာပေါ့။ သတိရပြီးတွေးလိုက်တာနဲ့ အခုသူမရှိတော့တာ (၁၀)နှစ်ကျော်တာတောင် မျက်ရည်ကအော်တိုကျလာသေးတာမို့ အမှန်အတိုင်းပြောရရင် သတိမရမိအောင်နေတယ်။ ကြိုးစားပြီးပိုက်ဆံရှာတယ်။ ရတဲ့ငွေနဲ့အလှူလုပ်ပေးတယ်။ ဘေးမှာရှိနေတဲ့ မေမေ့ကိုနှစ်ယောက်စာပိုလုပ်ပေးနိုင်အောင်ကြိုးစားတယ်။

မိစုံဖစုံမရှိတဲ့သူအနေနဲ့ ပထမအချက်အနေနဲ့ကတော့ ဒါဟာသဘာဝတရားတစ်ခုမို့ အချိန်ကြာလာတာနဲ့အမျှလက်သင့်ခံလိုက်ရတာပါပဲ။ ဒါပေမယ့် ကျန်နေသေးတဲ့မိဘအတွက် အကောင်းဆုံးလုပ်ပေးနိုင်တဲ့သူတစ်ဦး ဖြစ်အောင်ကြိုးစားပါ။ ကိုယ့်ဘဝနဲ့ကိုယ့်ကုသိုလ်ကံနဲ့မို့ ဒါကိုလက်ခံရင်းရှေ့ဆက်ဖြတ်သန်းကြရပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်လဲ ကြိုးစားဆဲပါ။ အခုချိန်မှာဆို ကျွန်မမှာတစ်ယောက်ပဲရှိတဲ့ မေမေ့အတွက် အစစအရာရာဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားတယ်။ သူစိတ်ထိခိုက်စေမယ့်အရာ၊ သူမကြိုက်တဲ့အရာမလုပ်မိအောင် ကြိုးစားတယ်။ ပြသနာတက်အောင်မနေဘူး။ ဘာပဲပြောပြောနားထောင်တယ်။ တချို့အရာတွေကို သူ့ကိုနားလည်လက်ခံအောင်ကြိုးစားပြောပြပေးတယ်။ တချို့တွေ ကိုယ့်မိဘတွေကို ပြန်အော်တာပြောတာတွေ တွေ့ရတယ်။ အတတ်နိုင်ဆုံးစိတ်ထိန်းပြီး ပြန်မအော်ပါနဲ့ ပြန်မပြောပါနဲ့နော်။ မိဘတွေမွေးပေးလို့ ကိုယ်လူဖြစ်လာတာမို့ သူတို့ရဲ့ကျေးဇူးက ကိုယ့်မှာရှိပါတယ်။ ဘယ်လိုအခြေအနေဖြစ်နေနေ မိဘဟာမိဘပဲမို့ ရှိနေတဲ့အချိန်မှာတော့ ရှိနေတဲ့သူတွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ။ မရှိတော့တဲ့အခါမှာလဲ သတိတရအချိန်ပြည့်ပူဆွေးမနေဘဲ လုပ်သင့်လုပ်ထိုက်တာ လှူသင့်လှူထိုက်တာ စတဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးပါ။

အချို့တွေမှာ Family problem တွေကြောင့် မိဘတွေနဲ့ သားသမီးတွေ စိတ်အဆင်မပြေတာမျိုးရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ကသားသမီးမို့ အတတ်နိုင်ဆုံးအကုသိုလ်မယူမိအောင်တော့ ကြိုးစားစေချင်ပါတယ်။ ကိုယ့်မိဘကိုသိတတ်နားလည်တဲ့သူ၊ ပဋိပက္ခမဖြစ်အောင်နေထိုင်သူတွေဟာ ဒုက္ခကြီးကြီးမားမားမရောက်တတ်ပါဘူး။ အားလုံးအဆင်ပြေအေးချမ်းကြပါစေ။

#TheNoteBySD

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်းသူဟာလည်း ဖခင်ဘဝမှာလိုအပ်တာ တစ်ခုပဲတက်ညီလက်ညီ ပန်းတိုင်ဆီသို့