မောရိသျှ
သက်မွေးမှုလုပ်ငန်း (သို့) ဝန်းကျင်အသစ်ထဲကို ချင်းနင်းဝင်ရောက်လိုက်တာနဲ့၊ သူ့နည်းသူ့ဟန် သူ့စံအတိုင်း ရှိနေပြီးဖြစ်တဲ့ စည်းမျဉ်းတွေ၊ လုပ်ရိုးလုပ်စဉ်တွေ၊လူမှုဖိအားတွေနဲ့လည်ပတ်နေတဲ့ သီးခြားလောကထဲကို ပြောင်းလဲဝင်ဆန့်လိုက်ပြီးဖြစ်တယ်။ ဆယ်စုနှစ် (သို့) ရာစုနှစ်နဲ့ချီအောင် သက်ဆိုင်ရာ နယ်ပယ်အတွက် လုပ်ငန်းဆိုင်ရာ အသိပညာများနဲ့ အတူ၊ အလုပ်ဖြစ်နည်းများစွာကို ရှာဖွေစုဆောင်းဖော်ဆောင် ခဲ့ပြီးသားတွေပါပဲ၊လုပ်ခန်းခွင်တိုင်းမှာကိုယ်ပိုင် လုပ်ထုံးလုပ်နည်းတွေ၊ လုပ်နည်းကိုင်နည်းတွေနဲ့ အလုပ်စံနှုန်းတွေလည်း သတ်မှတ်ပြီးသားဖြစ်ပါတယ်။ အဲဒီအပြင် လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာ လုပ်သားထုအကြား လုပ်ပိုင်ခွင့် အာဏာကွဲပြားမှုတွေ ရှိနေမယ့်အပြင်၊ လုပ်ငန်းတာဝန်ခံမှု အတိုင်းအတာတွေလည်း ဝတ္တရား အဆင့်အလိုက် ခံယူထားကြရမှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး မတူကွဲပြားစွာ တည်ရှိနေတဲ့ လုပ်ငန်းနယ်ပယ် အသီးသီးအတွင်း ချင်းနင်းဝင်ရောက် ရမယ့် “လက်သစ် လက်သင်” အနေနဲ့ လုပ်ငန်းဆိုင်ရာ သဘောသဘာဝတွေကို အရှိအတိုင်း မြင်အောင် ကြည့်တတ်ရမှာဖြစ်သလို၊ တာဝန်ဝတ္တရားတိုင်းကိုလည်း လေးလေးနက်နက် ခံယူလိုတဲ့စိတ်ခံဝသီကောင်း မွေးနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းနယ်ပယ်ရဲ့ လွှမ်းမိုးမှုကိုလိုလားစွာခံယူနိုင်မှသာလုပ်ငန်းဆိုင်ရာ သဘောသဘာဝတွေနဲ့အတူ၊ တာဝန်ခံနိုင်မှုအလိုက် အဆိုပါ အလုပ်အကိုင်တွေကို ကျွမ်းကျင်နိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တခုမှာလက်သစ် လက်သင်အဖြစ် စလုပ်သူတိုင်း မှားလေ့ရှိကြတဲ့ အမှားကြီးက – ထူးချွန်ကြောင်း ပြဖို့လိုတယ်လို့ တွေးတာမျိုး၊ လူထင်ကြီးအောင် လုပ်ပြနိုင်ရမယ်လို့ ထင်ထားမိတာမျိုးနဲ့ လူတွေရဲ့ ဂရုစိုက်မှုရမှ ကြိုးစားအားထုတ်မှု ဟူသမျှ အရာထင်မယ်လို့ တွေးထားတာတွေပါ။
အဲဒီအတွေးအခေါ်တွေက ကိုယ့်အနေနဲ့ သင်ယူသွားရမယ့် လုပ်ငန်းဆိုင်ရာ အရည်အသွေးတွေကို တိုးမြင့်စေနိုင်စွမ်း မရှိတဲ့ အပြင်၊ တာဝန်ဝတ္တရား ခံယူနိုင်မှုကို အတားအဆီး ဖြစ်စေပြီး၊ စိတ်ကူးယဉ်မှုတွေကြောင့် အမှန်တရားပျောက်ဆုံးသလို ဖြစ်သွားမှာပါ။ ဘာပဲလုပ်လုပ် အကောင်းပြောခံရတယ်၊ အပြစ်ပြောခံရတာမျိုးမရှိဘူး၊ဘာပဲလုပ်လုပ် ရလဒ်ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ တုန့်ပြန်ဝေဖန်သံ မကြားဘူးဆိုရင်၊ကိုယ့်ရဲ့အားထုတ်မှု၊စွမ်းဆောင်ရည်တွေအား လုံးဟာ ဘယ်လောက်ပဲ ကြိုးစားထားပါစေ၊အမှန်တရားကိုဖုံးကွယ်ထားခံရသလိုဖြစ်နေပြီး၊အရည်အချင်း အစစ်ရဲ့ အဆင့်အတန်းကို ဖျောက်ထားသလို ဖြစ်နေတာပါ။ဆိုလိုတာကဘာပဲလုပ်လုပ် အပြောခံရတာမျိုး မရှိ၊ ဝေဖန်ခံရတာမျိုး မဖြစ်ဘဲ၊ လုပ်သမျှ ကောင်းတယ်လို့လည်း မပြော၊ ဆိုးတယ်လို့လည်း မဆိုဘူးဆိုရင်တော့၊ ကိုယ့်ကြိုးစားအားထုတ်မှုကို ဘယ်သူမှ အဖတ်မလုပ်သေးလို့ပါ။
အဖတ်မလုပ်တာက ကိစ္စမရှိပေမယ့်၊ အမှားအမှန်ထောက်ပြမယ့်သူလည်း မရှိဘဲ၊ ကြိုးစားအားထုတ်မှုတွေကိုလျစ်လျူရှုခံရသလို ဖြစ်သွားရင်တော့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ အရည်အချင်း တိုးတက်နိုင်ခွင့် ရှိမှာ မဟုတ်တော့ပါဘူး။ အရှိကို အရှိတိုင်း အားမနာတမ်း ဝေဖန်လာတာမျိုး၊ သုံးသပ်ခံရတာမျိုးတွေ ရှိမှသာ အားသာအားနည်းချက်၊ လိုအပ်ချက်စသဖြင့် ကွဲပြားနိုင်မှာ ဖြစ်တာကြောင့်၊ ဘာပဲလုပ်လုပ် မလုပ်တတ်လို့လုပ်တတ်သလို လုပ်ထားတာကို ဘယ်ဟာက မှားပြီး၊ ဘယ်ဟာက လွဲနေသလဲ စသဖြင့် ဝေဖန်ခံရမှသာ၊ လုပ်နည်းကိုင်နည်း အစစ်အမှန်ကို သိနိုင်မှာဖြစ်ပါတယ်။ အဲဒီလို အမှားအမှန် ကွဲသွားမှ နည်း စစ်နည်းမှန်အတိုင်း လေ့ကျင့်လို့ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်ထားသမျှကို ဝေဖန်လာတာမျိုး ရှိနေပါစေ၊ အကြောင်းပြချက်ပေးပြီး အပြစ်ရှာခံရတာမျိုးတွေကကိုယ့်အားနည်းချက်တွေကို ပေါ်လွင်စေပြီး၊အားနည်းချက်တွေ သိထားမှသာ နည်းမှန်အတိုင်း လုပ်တတ်ကိုင်တတ်မှာ ဖြစ်ပါတယ်။ အပြုခံ၊ အဆိုခံ၊ အပြစ်တင်ခံရတဲ့ အနေအထားကို ကျေနပ်စွာ ခံယူပါ။
လက်သင် အဆင့်ဖြစ်တဲ့အတွက် လုပ်နည်းကိုင်နည်းတွေကို လေ့လာနေဆဲ ဖြစ်ပါတယ်။ လုပ်တတ်ကိုင်တတ်သလို မပျင်းမရိ လုပ်ပါ။ လုပ်တတ်ကိုင်တတ်သူတွေရဲ့လုပ်နည်းကိုင်နည်းတွေကိုစနည်းနာပါ။ သူများလုပ်နည်းကို အတုခိုးတာမျိုး မလုပ်ဘဲ၊ အတုယူပြီး ကြိုးစားအားထုတ်ကြည့်တာမျိုးသာ ဖြစ်နေပါစေ။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နည်းစနစ်အတိုင်း တသွေမတိမ်း လုပ်ပါ။ မှန်မှန်ကန်ကန် လုပ်တတ်ခြင်းက ရလဒ်ကောင်း အမြန်ထွက်စေနိုင်ပေမဲ့၊ အရည်အချင်း တိုးမြင့်ပေးနိုင်စွမ်းမရှိပါဘူး။အမှားများစွာ လုပ်မိပြီး၊နည်းမှန်လမ်းမှန်ကိုပေးဆပ်မှုများစွာနဲ့ သင်ယူထားသူရဲ့ အားထုတ်မှု ရလဒ်တွေက တန်ဖိုး ပိုရှိပါတယ်။ လူသိလူတတ်ကြီးလုပ်ပြီး အထင်ကြီးစေချင်ဇောနဲ့ အတုခိုး လုပ်ခြင်းက အလုပ်ပြီးမြောက်မှုကို ဖြစ်စေနိုင်ပေငြား၊ နည်းစဉ်အတိုင်း နည်းခံပြီး ရလဒ်ကောင်း ထွက်အောင် အချိန်ယူ ကြိုးစားနေခြင်းက လူထင်ကြီးမှုကို လုပ်ယူနေတာမျိုး မဟုတ်တဲ့အတွက်၊ လူလေးစားမှုကို ထိုက်တန်စွာ ခံယူနိုင်မှာပါ။ လူထင်ကြီးအောင် မလုပ်ပါနဲ့၊ လူလေးစားခံရသူသာ ဖြစ်ပါစေ။
အသစ်အဆန်းတွေနဲ့ စတင်ထိတွေ့ရတော့မယ်ဆိုရင်၊ (တစ်) လုပ်ထုံးလုပ်နည်း၊ အသွားအလာ၊ အလုပ်အထာတွေနဲ့ ရင်းနှီးသွားအောင် အရင် လေ့လာပါ၊ “ဒါကို ဒီလို လုပ်တာပါလား” “ဒါကို ဒီလို လုပ်မှ ဒီနေရာမှာ လက်ခံတာပါလား” စသဖြင့် နယ်ပယ်အလိုက် ကွဲပြားတဲ့ နည်းစဉ်တွေကို မြင်အောင် အရင် ကြည့်ထားပါ။
တချို့သော နည်းစဉ်တွေက ကိုယ်နဲ့ ထပ်တူကျနိုင်ပေမဲ့၊ တချို့ နည်းစဉ်တွေကျတော့ ကိုယ့် ခံယူချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်ကောင်း ဖြစ်နေတတ်ပါတယ်။
အထာကို မသိသေးသရွှေ့ လျှာရှည်ပြီး လုပ်ကြည့်ဖို့ မကြိုးစားပါနဲ့။ သဘာရှိသူတွေရဲ့ အထာတကျ လုပ်နည်းကိုင်နည်းတွေကို အရင်ဆုံး ချဉ်းကပ် လေ့လာပါ။ အလုပ်အထာကို မြင်အောင် ကြည့်ထားမှ၊ စွမ်းဆောင်ရည်ကောင်းစွာ လုပ်တတ် ကိုင်တတ်မှာ ဖြစ်ပါတယ်။အောက်ခြေ ပိတ်ဆုံးအဆင့်ကစပြီး၊ အထက် အမြင့်ဆုံး အဆင့်အထိ လုပ်နည်းကိုင်နည်း၊ လုပ်ရိုးလုပ်စဉ်၊ လုပ်ပုံလုပ်ဟန် စသဖြင့် အားလုံးကို အဆင့်အလိုက် မြင်အောင် အရင် လေ့လာပါ။ အထာကို သိအောင်လုပ်ပါ။ အမှားအမှန်၊ အလွဲအချော်၊ လုပ်ဟန်ရဲ့ ယူဆပုံ၊ လုပ်နည်းအတိုင်း ဖော်ဆောင်ပုံ စသဖြင့် လုပ်ငန်းခွင်အထာကို မြင်အောင်အရင်ကြည့်ပါ။ လုပ်ငန်းဆိုင်ရာ အဆင့်ကွဲပြားပုံအလိုက် ကိုယ့်နေရာကို သိတဲ့စိတ်နဲ့ အရာအားလုံးကို အဝေးကနေ ဆင်ခြင်လေ့လာနေလိုက်ပါ။
(နှစ်) လုပ်ငန်းခွင်အတွင်း လည်ပတ်နေတဲ့ လုပ်ပိုင်ခွင့် အာဏာသဘောသဘာဝကို မြင်အောင်ကြည့်ပါ။ ဘယ်သူက ဘယ်အဆင့်ရောက်သွားခဲ့ရင် ဘယ်လို ထိန်းချုပ်နိုင်ကြပြီး၊ ဘယ်သူက ဘယ်အဆင့်မှာပဲ ရှိနေသေးတဲ့အတွက်၊ ဘာကိုပဲ လုပ်ရတယ်စသဖြင့် လုပ်ပိုင်ခွင့် အာဏာအလိုက် ကွဲပြားတဲ့ တာဝန်ယူပုံတွေကို အမြင်ကျယ်စွာ လေ့လာထားရပါမယ်။
လုပ်ငန်းခွင်အတွင်း ကြားရသမျှ၊ မြင်ရသမျှ အားလုံးကို အဖြေထုတ်ပါ။ သဲလွန်စရှာပါ။ ဆိုလိုရင်းကို စနည်းခံပါ။ တာဝန်ကွဲပြားမှုကို မြင်အောင် ကြည့်ပါ။ အပေါ်ယံ လေ့လာမှုတွေ လုပ်ပြီးသွားတော့မှ၊ ထဲထဲဝင်ဝင် သဘောပေါက်သွားအောင်၊ လေ့လာထားမှု အပိုင်းကဏ္ဍအလျောက် သက်ဆိုင်ရာ အကြောင်းအချက်တွေကို ဖော်ထုတ်မှတ်သားပါ။
အဲဒီလိုလေးလေးနက်နက်လေ့လာတဲ့နေရာမှာ အထူးမှတ်ထားရမယ့် အချက်တွေ ရှိပါတယ်။ အဲတာက ကိုယ့်တယောက်တည်း အမြင်သက်သက်နဲ့ အရာအားလုံးကို ကြည့်နိုင်စွမ်း မရှိတာပါပဲ။ လုပ်ငန်းခွင် နယ်ပယ်အလိုက် ဘယ်ဟာတွေကို ကြည့်ပြီး၊ ဘယ်အရာတွေကို မှတ်ထားရမယ်ဆိုတာ သိအောင် နည်းခံဖို့ “ဆရာ” လိုပါတယ်။
အလွဲ အမှားနဲ့ အမှန်တရားတွေကို ကွဲသွားအောင် ခွဲပြဖို့ ‘နည်းပြ’ လိုပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် အလုပ်သဘောကျယ်ပြောမှုကို မုဆိုးကောင်း ပီသစွာ သိလိုတဲ့ အငကြောင်းအချက်တွေ ရနိုင်အောင် သဲလွန်စ ရှာတတ်ရမယ်။ ကိုယ့်အတွက် အကျိုးရှိစေနိုင်မယ့် အချက်အလက်တွေ မြင်နိုင်အောင် အားကိုးတကြီး မှီခိုရမယ့် ဆရာရင်းဆီကနေ နည်းခံပါ။ ငါသိငါတတ်စိတ်ကို ချိုးနှိမ်ထားပြီး၊ ခယရိုကျိုးစိတ်နဲ့ မသိရင် မသိကြောင်း ဝန်ခံပါ။ မတတ်ရင် မတတ်ကြောင်း ပြောရဲပါစေ။
မသိဘဲ အသိလုပ်၊ မတတ်ဘဲ အတတ်လုပ်တာမျိုးက ဘယ်တော့မှ ကောင်းတာမဖြစ်စေနိုင်ပါဘူး။ ပွင့်လင်းစွာ ဝန်ခံရဲခြင်းက သတ္တိရှိခြင်း ဖြစ်သလို၊ ဉာဏ်ကြီးရာကျပါတယ်။ ကိုယ်နဲ့ အကျင့်အကြံ မတူတဲ့သူတွေအကြား လက်သင်တပြည့်အဖြစ် လေ့ကျင့်ဖို့ အကြောင်းဖန်လာရင်၊ အကျင့်အကြံမတူလို့စိတ်ပင်ပန်းဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့၊သူတို့စိတ်ကို ပြောင်းလို့ မရရင်၊ပြောင်းလဲလွယ်တဲ့ ကိုယ့်စိတ်ကို ပြုပြင်ပြီး သည်းခံပေါင်းသင်းပါ။လူတွေရဲ့ အထာ၊ အလုပ်ရဲ့ အထာ၊အလုပ်အကိုင်အပေါ် တုန့်ပြန်တတ်ကြတဲ့ အားထုတ်ပုံ၊ ကြိုးစားပုံ၊ ရင်ဆိုင်ပုံ၊ ဖြေရှင်းပုံ အားလုံးကို လေးနက်စွာ လေ့လာပါ။
စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု၊ စသဖြင့် အချက်အလက် သေးသေးမွှားမွှားလေးတွေက စပြီး၊ အလုပ်အပေါ် ထားရှိကြတဲ့ စေတ နာစိတ်ခံအဆုံး အားလုံးကိုမြင်အောင်ကြည့်ပါ။ တာဝန် ဝတ္တရားအလိုက် ကြိုးစားအားထုတ်ကြပုံတွေကို မတူညီတဲ့ ရှုထောင့်မျိုးစုံကနေ မြင်အောင်ကြည့်ပြီး၊ သူထ့က်သာအောင် ကြိုးစားလိုတဲ့ စိတ်ကောင်းစိတ်မြတ်မျိုး မွေးမြူပါ။ ဘယ်အရာကိုမဆိုလေးလေးနက်နက် လေ့လာလိုသူနဲ့ လေ့လာတတ်သူဟာ၊ ဘဝအခြေအနေတွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ သူများထက် ခံနိုင်ရည်ရှိပြီး၊ သူများထက် အထာကျနိုင်ပါလိမ့်မယ်။ အဲဒီလို ခံနိုင်ရည်မျိုးနဲ့ အထာကျနိုင်မှုမျိုးတွေက လူတော်လူကောင်းတယောက်ရဲ့ အခြေခံ ကိုယ်ရည်ကိုယ်သွေးကောင်းတွေပဲ ဖြစ်ပါတယ်။
အလုပ် သဘောအရ တာဝန်အလိုက် ကိုယ့်အပေါ် သက်ရောက်လာသမျှ ဝန်တွေကို ခံနိုင်ရည်ရှိရှိ ရင်ဆိုင်ပြီး၊ စိတ်ရှည်သည်းခံစွာ လေ့လာဆည်းပူးနိုင်ခဲ့ရင် ဘဝအပေါ် ကြီးလေးစွာ သက်ရောက်မှု ရှိလာမယ့် အရည်းအချင်းကောင်းတွေကို ဖြည့်ကျင့်နိုင်မှာ သေချာပါတယ်။
#မောရိသျှ
⸻ပလ္လင်ပေါ်အလွယ်တက်နည်း- အနှစ်ချုပ်
Keep Reading