ရွှေဥဒေါင်း
ယနေ့ကမ္ဘာ့ပြဿနာကြီး
ဘာသာစကား တစ်ခု၌ အဓိပ္ပာယ် (Idea) တစ်ခုကိုတိုက်ရိုက်ဖော်ပြနိုင်သောစကားလုံးမရှိသည့်အခါအခြားသော ဘာသာမှ စကားလုံးကို ယူသုံးရခြင်းသည် ထုံးစံဖြစ်၏။ ထို့ကြောင့် အင်္ဂလိပ် ဘာသာစကား၌ လက်တင်ဘာသာ စကားလုံး အမြောက်အမြား ပါရှိသည့်နည်းတူကျွန်ုပ်တို့မြန်မာစကားတွင်လည်းပါဠိဘာသာစကားလုံးများ ပူးတွဲပါရှိသည်ကို တွေ့ရပေသည်။ တစ်ခါတစ်ရံ စကားလုံးကိုတိုက်ရိုက်မယူဘဲအဓိပ္ပာယ်ကိုဘာသာပြန်၍ယူသုံးရခြင်းများလည်းရှိတတ်၏။ ထိုကဲ့သို့ ဘာသာပြန်၍ယူသုံးရသောစကားလုံးများအနက်တွင်“ရှုထောင့်”ဟူသောစကားလုံးမှာ(မည်သူကစတင်၍ဘာသာပြန်ခဲ့သည်မသိ)လွန်စွာအသုံးဝင်သော စကားလုံး ဖြစ်ချေသည်။ “ရှုထောင့်” ဟူသောစကားလုံးသည် အင်္ဂလိပ်ဘာသာAngle of Vision သို့မဟုတ် Stand-point ဟူသောစကားလုံးမှ ပြန်ဆိုထားဟန်ရှိပေရာ မြန်မာဘာသာ၌ ၎င်းအဓိ
ပ္ပာယ်နှင့် တူညီသော စကားလုံးမရှိနှင့် သည့်အတွက်ကြောင့် ချေးငှားပြန်ဆို၍ ယူသုံးခဲ့သောပုဂ္ဂိုလ်အား ကျွန်ုပ်ချီးကျူးလိုပေသည်။
သူ့ "ရှုထောင့်" နှင့် သူ့အမြင်
“ရှုထောင့်”ဟူသော စကားလုံးပေါ်လာခြင်း အတွက်ကြောင့် အခြေအနေတစ်ခုခုကို အမျိုးမျိုးသော “ရှုထောင့်”မှ ကြည့်နိုင်ခြင်းတည်း ဟူသော “စိတ်ကူး(Idea) ပေါ်လာတော့သည်။ တစ်ခုတည်းသော အခြေအနေကို အမျိုးမျိုးသော“ရှုထောင့်မှကြည့်သည့်အခါ သူ့ ရှုထောင့်နှင့်သူ အဓိပ္ပာယ်အမျိုးမျိုး ပေါ်ထွက်လာခြင်းကိုဆိုလိုသည်။တစ်ခုသော “ရှုထောင့်” မှကြည့်သော “အမြင်” သည်အခြားသော"ရှုထောင့်"မှ ကြည့်သော"အမြင်"နှင့်မတူတတ်ခြင်းမှာဓမ္မတာသဘောတရားပင် ဖြစ်ရာ ဤအတွက်ကြောင့် “အမြင်” တစ်ခုကိုမှားသည်၊ မှန်သည်ဟုဆုံးဖြတ်ချက်ချမည်ဆိုပါကသဘာဝကျလိမ့်မည်မဟုတ်ချေ။ဤအခြင်းအရာကိုထင်ရှားစေခြင်းငှာ ဥဒါဟရုဏ်ဆောင်၍ ဖော်ပြပါဦးအံ့။
"ရှုထောင့်"ကွဲလွဲပုံ
အင်္ဂလိပ် ပုံပြင်ဝတ္ထုတစ်ခု၌ တစ်ခြမ်းတွင် ရွှေချ၍ အခြားဘက် တစ်ခြမ်းတွင် ငွေချထားသည့် ရုပ်ထု(Statue) ကြီး တစ်ခုရှိရာသူရဲကောင်းနှစ်ယောက်တို့သည် ရုပ်ထုကြီးကို တစ်ခြမ်းစီမျှသာ မြင်ခဲ့ကြရဖူးသည်နှင့် တစ်ယောက်က ရွှေရုပ်ကြီး ဟူ၍ လည်းကောင်း၊ အခြားတစ်ယောက်ကငွေရုပ်ကြီးဟူ၍လည်းကောင်းငြင်းခုံကြရာမှ တစ်ယောက်နှင့် တစ်ယောက်သတ်ပုတ်ကြသော အခြေသို့ရောက်သွားကြသည်ဆို၏။နောက်ဆုံးတွင်မောဟိုက်လာကြ၍နှစ်ယောက်သဘော တူရုပ်ထုကြီးကို သွားရောက် ကြည့်ရှုကြသည်တွင်မှ သူ့ရှုထောင့်”နှင့် သူမှန်ကန်ကြောင်းတွေ့ရ၍ လက်ဆွဲနှုတ်ဆက်ကြသည်ဟု ဆိုလေသည်။
ထပ်ဆင့်၍ ဖော်ပြခြင်း
ဒုတိယဥဒါဟရုဏ် တစ်ခုမှာ သူငယ်၂ - ယောက်တို့သည်ပုစွန်ထုပ်ကို‘နီသည်’‘ပြာသည်’ဟုငြင်းခုံကြရာမှ ထွေးလုံးသတ်ပုတ်ကြသည်တွင်အဘိုးဖြစ်သူသည်ခေါ်ပြီး စစ်ဆေးသည် ဆို၏။ သူငယ် ၂- ယောက် တို့သည်မိမိတို့ငြင်းခုံကြခြင်း၏အကြောင်းရင်းကို အဘိုးကြီးအားပြောပြသည့်အခါ အဘိုးဖြစ်သူသည် ဖြစ်စဉ်ကို နားလည်ခဲ့လေပြီ။ ဤတွင် အဘိုးဖြစ်သူက ပုစွန်ထုပ် “နီသည်” ဟု ပြောမိသော မြေးအားအနီရောင်ရှိသော ပုစွန်ထုပ်ကောင် အရှင်လတ် လတ်ကို ပြနိုင်ခဲ့လျှင် ငွေငါးကျပ်ပေးမည် ဟု ပြော၍ ပြာသည်ပြောမိသော မြေးအားလည်း ထမင်းပွဲထဲတွင် အပြာရောင်ရှိသောပုစွန်ထုပ်ကောင်ကိုပြနိုင်ခဲ့လျှင်ငွေငါးကျပ်ပေးမည်ဟု ပြောရဖူးသည် ဆို၏။ သူငယ် နှစ်ယောက်တို့ကားထမင်းပွဲထဲက ပုစွန်ထုပ်ကိုသာ မြင်ဖူးသူက မြင်ဖူး၍အရှင်လတ်လတ်ကိုသာ မြင်ဖူးသူက မြင်ဖူးခြင်းဖြစ်လေသည်။
စီးပွားရေး "ရှုထောင့်"
အထက်ပါဥဒါဟရုဏ်များမှာ ‘ရှုထောင့်’ ရိုးရိုး မျှသာဖြစ်ပေရာ အကျိုးခံစားခွင့် နှင့် ပတ်သက်သော ရှုထောင့်မျိုးလည်း ရှိသေး၏။ အကျိုးခံစားခွင့်နှင့် ပတ်သက်သော “ရှုထောင့်”မျိုး၌မူသတ္တဝါဟူသမျှသည် မိမိ၌ အကျိုးခံစားခွင့်ရှိမည့် “ရှုထောင့်” မှသာ ကြည့်တတ်ခြင်းမှာဥဒါဟရုဏ်ဆောင်၍ဖော်ပြပါဦးမည်။ရွာတစ်ရွာအနီး၌ ချိုင့်ဝှမ်းသောကွင်းပြင်ကြီးတစ်ခုရှိရာကွင်းပြင်ကြီးအဆုံး၌ ချောင်းကြီး တစ်ချောင်းလည်း ရှိ၏။၎င်းရွာတွင် တောင်သူလယ်သမားများလည်းရှိ၍ တံငါသည်များလည်းရှိ၏။ တောင်သူလယ်သမားများကမူကွင်းပြင်ကြီးအတိုင်းထား၍ ကောက်ပဲသီးနှံ များ စိုက်ပျိုးချင်ကြ၏။ တံငါသည်များကမူကား ချောင်းထဲမှ ရေကို ကွင်းကြီးထဲသို့ ဖောက်ချပြီး အင်းကြီး ဖြစ်အောင်လုပ်ကာ တံငါလုပ်ချင်ကြ၏။ဤကိစ္စကို ငြင်းခုံကြရာတွင်တောင်သူလယ်သမားများက၎င်းရွာထဲတွင်တောင်သူအိမ်ထောင်ပေါင်းနှစ်ရာရှိ၍ တံငါသည်အိမ်ထောင်ပေါင်းတစ်ရာမျှသာရှိသောကြောင့် လူများစု၏ အကျိုးကို ထောက်ထားကာ ကွင်းပြင်အတိုင်းထားပြီး လယ်ယာစိုက်ပျိုးခြင်း လုပ်ထိုက်သည်ဟု အကြောင်းပြပြောဆို၏။ တံငါသည်များကလည်း မိမိတို့အရေအတွက်သည် တောင်သူ အရေအတွက်၏ ထက်ဝက်မျှသာရှိသည် မှန်သော်လည်း လယ်လုပ်၍ ငွေတစ်သောင်း ရနိုင်လျှင် တံငါလုပ်ခြင်းဖြင့် ငွေနှစ်သောင်းရမည်ဖြစ်ကြောင်း ထို့ကြောင့်တစ်ရွာလုံး၏အကျိုးကိုကြည့်ခြင်းအားဖြင့် ဝင်ငွေနှစ်ဆရနိုင်မည့် တံငါလုပ်ရန်အတွက် ရေဖောက်ပြီး အင်းကြီးလုပ်လိုက်မည်ဟု အကြောင်းပြပြောဆိုကြလေသည်။
ရွာသူရွာသား အနည်းအများကို ကြည့်ထိုက်သလော။ရွာ၏ ဝင်ငွေ အနည်းအများကို ကြည့်ထိုက်သလော။ဆုံးဖြတ်ရန်ခက်ကောင်း ခက်ခဲပေမည်။
အကယ်၍ တံငါလုပ်ခြင်းအားဖြင့် ရရှိသော ဝင်ငွေကို တစ်ရွာလုံး ဝေငှသုံးစွဲမည်ဆိုပါလျှင် ဤ ပြဿနာမှာ အခက်အခဲ ရှိမည်မဟုတ်။ သို့သော် ထိုကဲ့သို့ ပြုလုပ်ရန်မှာလူသတ္တဝါတို့သည်ဘယ်တော့မှစိတ်ကူးထည့်မည် မဟုတ်သောကြောင့်အခက်အခဲ တွေ့ရခြင်းဖြစ်ပေရာ လူ့လောက၌ ဖြစ်ပေါ်လျက်ရှိသော စီးပွား ရေးပြဿနာ ဟူသမျှတို့မှာလည်း ဤအတိုင်းပင် ခပ်ဆင်ဆင်ဖြစ်၍ဤနည်း နှင်နှင်အကျပ်အတည်းတွေ့ရခြင်းဖြစ်လေသည်။
မျက်နှာလိုက်တတ်ခြင်း
ကိစ္စတစ်ခုကို ဆုံးဖြတ်ရန်လိုသည့်အခါ တရားမျှတခြင်း ရှိမရှိ၊ သဘာဝကျ မကျ ဟူသည်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုဘဲ ဤသို့ဆုံးဖြတ်ပါက မိမိ၌ အကျိုးရှိလိမ့်မည်။ ထိုသို့ဆုံးဖြတ်ပါကမိမိ၌နစ်နာလိမ့်မည် စသည်ဖြင့် မြင်ရသော “ရှုထောင့်”မှ ကြည့်ရှုဆုံးဖြတ်ကြသည့်အတွက်ကြောင့်လူတို့ပြုလုပ်လေသမျှသောစီမံကိန်းများမှာရည်ရွယ်ရာသို့မရောက်ဘဲအလွဲလွဲအချော်ချော် ဖြစ်ကြရလေသည်။ ပမာဆိုသော်အမေရိကန်သမ္မတဟောင်း မစ္စတာဝီလဆင် တီထွင်ခဲ့သော “လိဂေါ့ဖ်နေရှင်း” (Leag-e of Nations) ခေါ် အဖွဲ့ကြီး၏ရည်ရွယ်ချက်မှာ စင်စစ် မြင့်မြတ်ကောင်းမွန်လှ၏။ သို့ရာတွင် အီတလီက အဘီဆီနီးယားပြည်ကိုစစ်တိုက်ရာတွင်အဖွဲ့ကြီး၏စည်းမျဉ်းအတိုင်းအီတလီအပေါ်၌ တိကျစွာအရေးမယူဘဲ (နယ်ချဲ့သမားအချင်းချင်းမျက်နှာလိုက်ကာ)တော်အိရော်အိလုပ်ခဲ့ကြခြင်းကြောင့် ပျက်ပြယ်ပြယ်ဖြစ်ပြီး၎င်းအဖွဲ့ကြီးပျက်စီးခြင်းတိုင်ခဲ့ရဖူးလေသည်။
အစိုးရများ၏ရှုထောင့်
ယခုတစ်ဖန် ၎င်းအဖွဲ့ကြီးနေရာ၌ ကမ္ဘာ့ကုလသမဂ္ဂခေါ်(ယူအင်)အဖွဲ့ကြီးပေါ်ပေါက်လာခဲ့ပြန်လေပြီ။မည်ကဲ့သို့ရှိလေသနည်း။ အီဂျစ်ပြည်ကိုတိုက်သောပြဿ နာတွင်အမေရိကန်အစိုးရသည် အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ လူတွင်ကျယ်လုပ်ခြင်းကို အမြင်ကတ်ဟန်ရှိ၍ မထောက်ခံသည့်အတွက်ကြောင့် မှန်ကန် သယောင်ယောင်ရှိသော ဆုံးဖြတ်ချက်ပေါ်ထွက်ခဲ့ဖူးခြင်းကား ဟုတ်ပါပေသည်။ သို့ရာတွင် ကုလသမဂ္ဂအဖွဲ့ကြီး၌ လူဦးရေသန်းပေါင်း၆၀၀-ခန့်ရှိသောတရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား တရုတ်လူမျိုးတို့၏ ကိုယ်စားလှယ်ဟူ၍အသိအမှတ်မပြုကြဘဲတရုတ်ပြည်လူများစုကမောင်းထုတ်လိုက်သဖြင့်ဖော်မိုဆာကျွန်းသို့ဆင်းပြေးခဲ့ရသောချန်ကေရှိတ်အစိုးရအား တရုတ်လူမျိုးတို့၏ ကိုယ်စားလှယ်အဖြစ်နှင့် အသိအမှတ်ပြုထားကြခြင်းမှာလူသိနတ်ကြားမတရားသောအပြုအမူကြီးဖြစ်၏။(ဤကိစ္စ၌ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကတရုတ်ပြည်မအစိုးရသည်သာလျှင်ကုလသမဂ္ဂ၌ တရုတ်လူမျိုးတို့၏ ကိုယ်စားလှယ်ဖြစ်ထိုက်သည်ဟု မဲဆန္ဒပေးသော်ရပါပေသည်။) ဤကိစ္စတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုသည်အဘယ်ကြောင့်အမေရိကန်အစိုးရ၏အလိုသို့လိုက်၍မဲဆန္ဒပေးလျက်ရှိကြပါသနည်းဟူမူကားအမေရိကန်အစိုးရသည်တောင်အမေရိကတိုက်ရှိ“ဗုစုခရု” အစိုးရကလေးများကို ကြိုးကိုင်ထားနိုင်သော သတ္တိရှိပေသောကြောင့်တည်း။ဆိုလိုရင်းမှာတောင်အမေရိကတိုက်၌အမေရိကန်အစိုးရသည်မိမိမကြိုက်သည့် ဂွာတီမာလာကဲ့သို့သော အစိုးရမျိုးကို ဖြုတ်ချနိုင်ခဲ့သည် ဖြစ်ရာအဆိုပါ “ဗုစုခရု” တိုင်းပြည်အစိုးရကလေးများသည်မိမိတို့တည်မြဲရေးအတွက်အမေရိကန်အကြိုက်လိုက်ပြီးမဲဆန္ဒပေးကြရတော့သည်ဟူလို။ တရားမျှတခြင်း၊ မှန်ကန်ခြင်း၊ သဘာဝကျခြင်းတို့ကို မကြည့်နိုင်ဘဲ မိမိတို့ရာထူးတည်မြဲရေးအတွက်ကြည့်ကာမဲဆန္ဒပေးကြသောအစိုးရများကြောင့်ကုလသမဂ္ဂအဖွဲ့ကြီးမှာလည်းဩဇာကြီးသင့်သလောက်မကြီး၊သတင်းမွှေးသင့်သလောက်မမွှေးဘဲရှိနေရာနောက်ဆုံးတွင်ပျက်ပြယ်ပြယ်ဖြစ်ပြီးလိဂေါ့ဖ်နေရှင်း၏သွားရာလမ်းသို့လိုက်ခဲ့လျှင်အံ့သြဖွယ်ရာမဟုတ်ချေ။ဤအခြင်းအရာမှာနိုင်ငံရေးထက် အပြည်ပြည်ဆိုင်ရာနိုင်ငံရေးသမားများ၏“ရှုထောင့်” ကိုထင်ရှားအောင် ပြောပြလိုခြင်းမျှသာ ဖြစ်ပေသည်။
ရှုထောင့်အရေးကြီးခြင်း
ကမ္ဘာတွင် အနက်နဲဆုံးဟူ၍ နာမည်ကြီးလျက်ရှိသော အဘိဓမ္မာဆရာကြီးများ(Philosopher)နှင့်ပတ်သက်သည့် “ရှုထောင့်” လည်းရှိသေး၏။အနောက်တိုင်းအဘိဓမ္မာဆရာကြီးများကို အကြမ်းအားဖြင့် ပိုင်းခြားလိုက်သော်ရုပ်ဝါဒသမားများ(Materialists) တစ်ခုတည်းသော “ဝိညာဉ်တော်” သမားများ(Idealists) ဟူ၍ရှိကြပေရာ တစ်ခုနှင့်တစ်ခု ခပ်ဆင်ဆင်မျှသာတူ၍ လုံးဝတူသည်ဟု မဆိုနိုင်သဖြင့် တစ်ဂိုဏ်းစီမှည့်ခေါ်ထားသည့် အဘိဓမ္မာဂိုဏ်းများဆိုပါလျှင်သုံးလေးဆယ်မျှ ရှိကြမည်ဟု ဖတ်ရဖူးလေသည်။ ကျွန်ုပ်သည်ဗဟုသုတအလို့ငှာကားလ်မာ့က်စ် (Karl Marx) ရှိပင်ဟောဝါး(Schopenhauer)ဟီဂဲလ် (Hegel၊ ကင့်တ် (Kant) အစရှိသော အဘိဓမ္မာဆရာကြီးများ၏ စာအုပ်များကို မြဲစမ်းဖူးရာ ၎င်းဆရာကြီးအသီးသီးတို့သည် သူ့ရှုထောင့်’နှင့်သူ့အမြင်ဖြူးဖြောင့်လျက်ရှိ၍ ‘ရေပက်မဝင်’အောင်စေ့စပ်ညက်ညောကြသည်ကိုတွေ့ရ၏။ ထိုဆရာကြီးများသည် စဉ်းစားဉာဏ်အရာ၌ ဗိုလ်စွဲသူများဖြစ်ကြသည့်အလျောက် သူ့ “ရှုထောင့်”မှ ကြည့်မည်ဆိုလျှင် မည်သူကမျှ မှားသည်ဟုမဆိုနိုင်။ သူတို့ရေးသမျှဝန်ခံကြရမည်ကဲ့သို့ ရှိကြသည်ချည်းတွေ့ရ၏။ထို့ကြောင့်လည်း တစ်ဂိုဏ်းတစ်ဖွဲ့ထောင်ကာ စဉ်းစားဉာဏ်အရာ၌ ဆရာကြီးလုပ်နိုင်ကြခြင်းဖြစ်၏။ မည်သူကမည်သူ့ထက် မှန်ကန်သည်ဟု ကျွန်ုပ်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်ချေ။
နောက်ဆုံး၌ ဗုဒ္ဓ၏ အဘိဓမ္မာကို လက်ခံထားပြီးဖြစ်သော ကျွန်ုပ်မှာ ဝင်္ကပါထဲသို့ ဝင်လျှောက်သူ ကဲ့သို့ မျက်စိလည်ပြီး ဦးခေါင်းရှုပ်ချေတော့မည်ဆိုကာ သူတို့၏ အဘိဓမ္မာ အားလုံးကို လွှတ်ချခဲ့ရ လေတော့သည်။ ဤသည်လည်း “ရှုထောင့်” ၏အရေးကြီးပုံကိုထင်ရှားစေသော ဥဒါဟရုဏ်တစ်ခုဖြစ်သည်ဟု ယုံကြည်သည်။
အရင်းရှင်နှင့် အလုပ်သမား
ကိစ္စအရပ်ရပ်၌“ရှုထောင့်”အမျိုးမျိုးရှိသည့်အနက်ယနေ့ကမ္ဘာ့အဖို့ရာ၌ အလွန် အရေးကြီးလျက်ရှိသော ပြ
ဿနာမှာ အရင်းရှင်ကြီးများ၏ “ရှုထောင့်”နှင့်အလုပ်သမားများ၏ရှုထောင့်” တို့ပဋိပက္ခဖြစ်နေကြခြင်းပင်ဖြစ်လေသည်။ရှေးခေတ်ကမူအရင်းရှင်ကြီးများသည် အလုပ်ရုံကြီးတစ်ခုတည်ထောင်၍ ဖြစ်မြောက်အောင် အလုပ်လုပ်နိုင်သည့်အခါ “ငါက လူဘယ်နှစ်ယောက် ထမင်းကျွေးနိုင်သည်စသည်ဖြင့်ကြွားဝါပြောဆိုတတ်ကြ၏။အဓိပ္ပာယ်မှာအလုပ်သမားမည်၍မည်မျှငှားရမ်းပြီးအလုပ်ပေးထားနိုင်သည်ဟုဆိုလိုခြင်းဖြစ်၏။ဤခေတ်တွင်မူကားအလုပ်သမားများက“ငါတို့ လုပ်ပေးသည့်အတွက်ကြောင့် သူကြီးပွားပြီး သူဌေးကြီးဖြစ်လာနိုင်သည်”ဟု ပြောစမှတ်ပြုလေသည်။ မည်သူက မှန်သည်ဟု ဆုံးဖြတ်ချက်ချပါမည်နည်း။ သို့ရာတွင် ဤ အခြင်းအရာမှာ.တင်ပြချက်သက်သက်များဖြစ်၍ အရေးမကြီးလှ ဟုဆိုနိုင်သေးပေရာ၎င်းထက်အရေးကြီးသောပဋိပက္ခကြီးများလည်း ရှိပေသေးသည်။
အရင်းရှင်၏ "ရှုထောင့်"
အရင်းရှင်စီးပွားရေးစနစ်ကျင့်သုံးသောတိုင်းပြည်ကြီးများ၌အရင်းရှင်သူဌေးကြီးများကလူသတ္တဝါသည်လွတ်လပ်စွာစီးပွားရှာခွင့်ရှိထိုက်သည်။အရင်းအနှီးရှိခဲ့လျှင်အလုပ်ရုံဘယ်နှစ်ရုံတည်ဆောက်၍ အလုပ်သမားဘယ်နှစ်ယောက်ငှားရမ်းလုပ်ကိုင်သည်ဖြစ်စေ၊ ဘယ်သူကမျှ ဘာမှမပြောထိုက်၊ အလုပ်သမားများအပေါ်မှခေါင်းပုံဖြတ်ပြီး အမြတ်ထုတ်သည်ဟု မဆိုနိုင်၊ သူတို့လုပ်ခသူတို့ပေးပြီးပိုလျှံသောအမြတ်ကိုသာမိမိယူခြင်းဖြစ်သည်။မည်သည့်အလုပ်သမားကိုမျှ အတင်းအဓမ္မအလုပ်ခိုင်းခြင်း မဟုတ်၊ လုပ်ခလိုချင်၍ ဝင်လုပ်ကြခြင်းဖြစ်သည်။ အလုပ်ကိုမကြိုက်လျှင် ချက်ချင်းထွက်သွားနိုင်သည်ဟု ဆိုကြ၏။ ငွေရင်းအမြောက်အမြားနှင့်ကုန်သည်တွေ သိမ်းကျုံးဝယ်ပြီး (ကျွန်ုပ်တို့မြန်မာပြည်မှာကဲ့သို့) သိုလှောင်ကာကြိုက်ဈေးရမှ ရောင်းချသောကုန်လှောင်သမားကြီးများနှင့်ကုန်ထုတ်လုပ်အရင်းရှင်ကြီးတွေစုပေါင်းပြီး(အမေရိကန်ပြည်ရေနံကုမ္ပဏီကြီးများကဲ့သို့) ဈေးနှုန်းမြှင့်တင်ကာအမြတ်များများကြီးယူကြသော ကုမ္ပ
ဏီကြီးများကလည်း “ကိုယ့်ပစ္စည်းကိုကိုယ် ရောင်းချင်မှ ရောင်းပိုင်ခွင့်ရှိသင့်သည်။ ကိုယ့်ငွေနှင့် ကိုယ်လုပ်ချင်ရာ လုပ်နိုင်ခွင့်ရှိရမည်။ မည်သူ့အားမျှ အတင်းအဓမ္မအဝယ်မခိုင်း ဈေးနှုန်းကြီးမြင့်လွန်းသည်ထင်လျှင် ဝယ်မသုံးဘဲ နေနိုင်ကြသည်။ ဝယ်သူမှာလည်း လွတ်လပ်ခြင်းရှိ၍ ရောင်းသူလည်း လွတ်လပ်ခြင်း ရှိသည်။ ဤစနစ်သည်သာလျှင် တရားမျှတဆုံးဖြစ်၍ “နှောင်ကြိုးမဲ့ကမ္ဘာ”ဟုခေါ်သင့်သည်” စသည်များဖြင့် အကြောင်းပြပြောဆိုတတ်ကြလေသည်။ဤသည်ကားအရင်းရှင်ကြီးများ၏“ရှုထောင့်”မှကြည့်သောအမြင်ပင်ဖြစ်လေသည်။
Keep Reading