သန်းမြင့်အောင်
“တိတ်..ညည်းပါးစပ်ကိုပိတ်ထားလိုက်စမ်း၊ဘာလဲငါတို့ကို အယုံသွင်းပြီး အရှက်ခွဲသွားဖို့ ကြံဦးမလို့လား၊ညည်းကို ဘယ်တော့မှ မယုံတော့ဘူး မှတ်” အမှန်တော့ မမအိထံမှ တွေ့သွားသည့် ရည်းစားစာပိုင်ရှင်ကို မမအိပင်သေ သေချာချာ မမြင်ဖူးသေးပေ။
အရွယ်ရောက်ပြီး စိတ်လှုပ်ရှားတတ်လာသော မိန်း ကလေး တစ်ယောက်အတွက် စိတ်ကူးယဉ်စရာ အ တွေ့အကြုံတစ်ခုအဖြစ်မှ ပို၍ဘာမှလွန်လွန်ကဲကဲမတုံ့ပြန်ရသေးသောတစ်ဖက်သတ်ဒုတိယမြောက်ရည်း စားစာသာဖြစ်သည်။ မြို့ဦးကျောင်းစုပေါင်းဒုလ္လဘ ရ ဟန်းခံရှင်ပြုမှာ ကွမ်းတောင်ကိုင် ထည့်လိုက်ရင်းကနောက်ဆက်တွဲ ရလဒ်တစ်ခုဖြစ်သော ထိုအသေးအဖွဲကိစ္စက ခုတော့ မိုးမီးလောင်လေပြီ။
နောက်ပိုင်းတွင် မမအိက ကြောက်ပြီး ငြိမ်သွားပေမယ့် ကြီးတော်တွေက ပူလောင်ပြင်းထန်နေကြဆဲ။ ကြီးတော်ကြီးက ရန်ကုန်ကို ခဏ သွားပြီး ပြန်လာသည်။အဒေါ်ငယ်နှင့်အမေကနေ့ရှိသရွေ့ကျိတ်ကျိတ် ကျိတ်ကျိတ်နှင့် ခေါင်းချင်းဆိုင်နေကြပြီးမဆီမဆိုင်ကျွန်မကိုပါလိုက်အကဲခတ်နေကြသေးသည်။မကြာမီဒေါ်ကြီးက မမအိကို ရန်ကုန်က သူ့သူငယ်ချင်းတစ်ယောက်၏ သားနှင့် အိမ်ထောင်ချဖို့ စီစဉ်တော့သည်။ထိုကိစ္စကို မမအိကငြင်းလည်းမငြင်း၊လက်ခံကြောင်းလည်း မပြ။
“စိတ်ညစ်တယ်၊ ဘာတွေ လျှောက်လုပ်နေကြမှန်းလည်းမသိဘူး” ဟုသာညည်းနေသည်။ တကယ်တော့ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ သူအိမ်ထောင်ပြုရတော့မှာတော့အသေအချာဖြစ်သည်။
သတို့သား၏အမေကြီးကြီးလှိုင်ကိုတော့ ကျွန်မတို့ သိကြသည်။ ကြီးကြီးလှိုင်က ကျွန်မတို့ အရပ်မှာ ဘုရား ဖူးလာရင်းနှင့် ဒေါ်ကြီးနှင့် ချစ်ခင်ရင်းနှီးသွားကာ နှစ် စဉ် ဘုရားစုံလည်ဖူးကြ၊တစ်ယောက်ထံတစ်ယောက်လည်ပတ်ဝင်ထွက်စားသောက်ကြနှင့်ညီအစ်မအရင်းမကချစ်ခင်နေကြသူများဖြစ်သည်။ ကြီးကြီးလှိုင်မှာ ဘွဲ့ရပညာတတ် သဘောကောင်းသော သားတစ်ယောက်ရှိကြောင်း၊ ပုဂ္ဂလိက စက်ရုံတစ်ခု၏ ဝန်ထမ်းဖြစ်ကြောင်းတော့ကြားဖူးသည်။ လူကို မမြင်ဖူးသော် လည်း အမည်က မောင်မြင့်ဦး ဆိုသည်ကိုတော့ အခုရက်ပိုင်းကလေးကျမှ သိလိုက်သည်။
အောက်ထပ်မှာ ရန်ကုန်က ဧည့်သည်တွေ ကားနှစ်စီးနှင့် ရောက်လာကြသံတွေကြားရသည်။ ကြီးကြီးလှိုင်နှင့် ဒေါ်ကြီးတို့ အပြန်အလှန် နှုတ်ဆက်သံတွေ၊ ရယ်ဘမောနေကြသံတွေလည်း ကြားရသည်။ သည်ကနေ့ည မမအိတို့ စေ့စပ်ပွဲရှိသည်။ မမအိကိုကြီးကြီးလှိုင်တို့ဘက်မှ လာတောင်းကြခြင်းဖြစ်သည်။ ကျွန်မတို့ဘက်မှ ဆွေမျိုးသားချင်းတွေ၊ မြို့မိမြို့ဖတွေနှင့် တစ် ခါတည်း အစီအစဉ်ဆွဲပြီး မင်္ဂလာပွဲကို ရက်သတ်မှတ်လက်ထပ်ပြီး မမအိကို ရန်ကုန်ထည့်လိုက်ရန် ဖြစ် သည်။
ကြီးတော်ကြီးတွေကမမအိကိုမနေ့ကတည်းက အပေါ် ထပ်မှ မဆင်းခိုင်းတော့။ ကျွန်မကိုလည်း မနက်စော စောကတည်းက မမအိအနားမှာသာနေခိုင်းပြီး ဘယ် လိုအကြောင်းနှင့်မျှ အောက်ထပ်ကို မဆင်းရ။ ည စေ့ စပ်ပွဲအချိန်ရောက်မှ ဆင်းလာရမည်ဟု အမိန့်ထုတ် ထားသည်။ သူတို့ကို ဆန့်ကျင်၍ သူတို့အစီအစဉ် မအောင်မြင်မှာစိုးရိမ်ပြီး ကြိုတင်ကာကွယ်နေကြဟန်တူသည်။ တကယ်တော့ထိုအချိန်၌ မမအိတွင် လိုက် ပြေးစရာရည်းစားရယ်လို့ပင်သတ်သတ်မှတ်မှတ်မရှိသဖြင့် သူ့မှာပူလည်းမပူ၊ ပျော်လည်းမပျော်၊ တစ်ခုတော့ရှိသည်၊ သူယူရမည့် သတို့သားလောင်းအတွက်တော့သူတွေးပြီး ရင်ခုန်ချင် ခုန်နေပေလိမ့်မည်။
ရေနံရောင်ဝနေသောအိမ်မည်းမည်းကြီး၏အပေါ်ထပ်အိပ်ခန်း တစ်ခန်းထဲတွင် ကျွန်မတို့ ညီအစ်မနှစ်ယောက်စကားမပြောမိကြဘဲငြိမ်သက်စွာအတွေးအိမ်ကိုယ်စီဖွဲ့နေကြသည်။အောက်ထပ်မှာရောက်နေကြသောယောက်ျားများထဲမှတစ်ယောက်သောဧည့်သည်ယောက်ျားသည်ကျွန်မ၏ခဲအိုလောင်းဖြစ်သည်။အဲဒီသတို့သားလောင်း၏ ပုံစံကို ကျွန်မအလွန်သိချင်မြင်ချင်နေပြီဖြစ်သည်။ သူ့အနေအထားသည် မမအိနှင့်လိုက်ဖက်ပါမည်လား။ ယောက်ျားရော ပီသပါမည်လား၊ ကြင်နာစွာ ချစ်ခင်ယုယတတ်သူဖြစ်ပါသလား။ ဖော်ရွေပြုံးရွှင်၍ ချစ်ခင် နှစ်လိုဖွယ် မျက်နှာပိုင်ရှင် ဖြစ်ပါသလား၊ချောမောလှပ၍ တောင့်တင်းကြံ့ခိုင်သူ ဖြစ်ပါသလား၊ မြင့်မားသွယ်လျ၍ ဆံနွယ်ပျော့ပျော့များ နဖူးတွင် ဝဲနေသော မိန်းမချောချော သူတစ်ယောက်များလား။ မြို့ကြီးသားဆိုတော့မှန်းရခက်ပါဘိ။ ဘယ်လိုပုံစံဖြစ်ဖြစ် အဲဒီလူဟာ ကျွန်မရဲ့ အစ်ကိုကြီးတစ်ယောက်ပါ။
တစ်မိသားနှင့် တစ်မိသား လက်ထပ်ပေါင်းသင်း ချစ်ခြင်းဖွဲ့သီကြမည့် ကာလအဝန်းအဝိုင်းလေးအတွင်းတွင် နှစ်ဖက်သော မိတ်သင်္ဂဟဆွေမျိုးသားချင်းများအလယ်တွင်စိတ်ဝင်စားခံရဆုံးမှာ သတို့သားနှင့် သ တို့သမီးပင်မဟုတ်ပါလား။သူတို့ဘက်ကလည်းကျွန်မတို့လိုပဲဖြစ်မည်ထင်သည်။မကြာမီ ကြီးကြီးလှိုင်နှင့်အတူ အမျိုးသမီး နှစ်ယောက်ကို ကြီးတော်က ခေါ်လာသည်။ ကြီးကြီးလှိုင်က မမအိကိုနှုတ်ဆက်ပြီး သူနှင့် ပါလာသူများကို...
“ဒါ မမလှိုင် တော်ရမယ့်သမီးလေးပေါ့၊ မလှဘူးလား၊ သမီးတို့...ဒါကြီးကြီးလှိုင်ရဲ့မိတ်ဆွေတွေပေါ့၊ ငါ့သမီးကိုမြင်ချင်လွန်းလို့လေ၊ညနေအထိတောင်မစောင့်နိုင်တော့ဘူး၊လိုက်ပြပါဆိုလို့လိုက်ပြရတာ၊ကြီးကြီးလှိုင်ကလည်းကိုယ့်သမီးကိုကြွားချင်လှပြီလေ”
မမအိကတော့ ဘာမျှမပြောဘဲ ပြုံး၍ သာနေသည်။ ဧည့်သည်တွေက…“ဟယ်လှလိုက်တာအရမ်းပဲ၊ ကျက် သရေလည်း ရှိလိုက်ပါဘိ၊ မောင်မြင့်ဦးကတော့ ကံ ကောင်းတာပဲ”
“ အေးလေ မမလှိုင်ကြီးနှယ် ရှာရှာဖွေဖွေ ဒီနေရာအ ထိတောင် ချွေးမ လာရွေးတတ်တယ်၊ ကျွန်မတောင် မနာလို ဖြစ်လာပြီ”
“ကျွန်မအစ်မအတွက် ကျွန်မကျေနပ်ဂုဏ်ယူမိသည်။ သတို့သားလောင်း ကိုယ်တိုင်လည်း မမကိုမြင်လျှင် ထိုအတိုင်းပဲ ဖြစ်မည်ဟု ကျွန်မ ယုံကြည်လိုက်သည်။
ညနေ၅နာရီလောက်ကျတော့အောက်ထပ်တွင်ကျွန်မတို့မြို့မှ ဆွေမျိုးသားချင်းများနှင့် ရပ်မိရပ်ဖများရောက်လာကြသည့် အသံကြားရပြီး မကြာခင် ဒေါ် လေးကကျွန်မတို့ကိုလာခေါ်သည်။ဒေါ်လေး၏ နောက် မှနေ၍ မျက်လွှာကို ချကာ ရှက်ရွံ့ရွံ့ပုံစံနှင့် လှေကား ထစ်တွေပေါ်မှနေ၍တစ်ထစ်ချင်းဆင်းနေသောမမအိကို စောင့်ရင်းက ကျွန်မအောက်ထပ်မြင်ကွင်းကို ဆီးပြီးအကဲခတ်လိုက်မိသည်။
အနားကွပ်ထားသည့် သင်ဖြူးဖျာချောများ ခန်းလုံးပြည့်ခင်းထားသည့် အောက်ထပ်ဧည့်ခန်းတွင် ကန် တော့ပွဲတစ်ပွဲအလယ်တွင် ချထားပြီး တစ်ဖက် တစ်ချက်စီတွင်တော့နှစ်ဖက်သောမိဘမောင်ဖွားဆွေမျိုးမိတ်သင်္ဂဟများတစ်ဦးနှင့်တစ်ဦးကွမ်းဆေးလက်ဖက်နှင့် ဧည့်ဝတ်ပြု နေကြသည်။ ကျွန်မအကြည့်၏ ပစ် မှတ်ဖြစ်သည့်ဘယ်ဘက်ခြမ်းမှလူစိမ်းဧည့်သည်တစ်သိုက်တွင်တော့ အမျိုးသားချည်းဆယ်ယောက်ခန့်ရှိသည့်အနက် အားလုံးနီးပါးသက်ကြီးရွယ်အိုများဖြစ်နေပြီးလူလတ်ပိုင်းနှစ်ယောက်လောက်ကိုပဲ လှမ်းမြင်လိုက်ရသည်။ အောက်ထပ်ကို ရောက်ပြီး ဒေါ်လေးတို့ဘေးတွင် ဝင်ထိုင်လိုက်သည်အထိ ထိုလူနှစ်ဦးကို ကျွန်မ မသိမသာ အကဲခတ်ကြည့်နေမိသည်။
ထိုလူနှစ်ဦးအနက်မှ တစ်ယောက်သောသူသည် ကျွန် မ၏ ခဲအိုလောင်းဖြစ်ရန် သေချာနေပြီ။ တစ်ယောက်က အသားညိုညို၊ နှာတံပေါ်ပေါ်၊ ဥပဓိ ရုပ်ကောင်း ကောင်းနှင့် ပင်နီတိုက်ပုံ ဝတ်ထားသည်။ ကျန်တစ်ယောက်က အသားဖြူဖြူ မျက်နှာထားပြုံးပြုံး၊ မျက် မှန်ထူထူနှင့် ခေတ်လူငယ်တစ်ယောက်လို စပို့ရှပ်အ ဖြူကို ဝတ်ထားသော်လည်း ပညာတတ် လူကြီး လူ ကောင်းရုပ်ပေါက်နေသည်။ အဲဒီနှစ်ယောက်ကို ကျွန် မ အာရုံဝင်စားပြီး စိတ်ထဲက ရွေးချယ်နေမိတုန်းမှာပဲ သူတို့ဘက်က လူကြီးတွေက စပြီး သမီးတောင်း မင်္ဂ လာစကားပြောကြသည်။ ကျွန်မတို့ဘက်မှလည်း အ ပြန်အလှန် ယဉ်ကျေးသိမ်မွေ့စွာ လက်ခံကြပြီးသည့် နောက်ဦးဆောင်ဦးရွက်ပြုသူလူကြီးတစ်ဦးက "ဒါဆို အားလုံး မိသားဖသားပီပီ ရိုးရာဓလေ့ထုံးစံနဲ့ အညီ တောင်းရမ်း စေ့စပ်ပွဲ အောင်မြင်သွားပြီပေါ့၊ ဒီတော့ လက်ထပ်ကြမယ့် ရက်မြတ်ကိုရွေးချယ်ပြီးမင်္ဂလာပွဲစီစဉ်ကြရအောင်၊ မင်္ဂလာသတို့သားနဲ့ မင်္ဂလာသတို့ သမီးလောင်းတို့ရှေ့ထွက်ခဲ့ကြပါဦးကွယ်"
ဒီဘက်ကနေမမကိုရှေ့ကိုသွားဖို့ အသာအယာ တွန်း ပို့လိုက်တဲ့အချိန်မှာပဲဟိုဘက်အခြမ်းကနေ ရှေ့တက်လာမယ့်သတို့သားလောင်းကိုကျန်မစိတ်စောစွာလှမ်း ကြည့်မိလိုက်သည်။ မမအိလည်း မဝံ့မရဲနှင့် ခိုးကြည့်မိမှာတော့ သေချာသည်။
“အလို ဘုရားရေ”ရင်ထဲကဘုရားတမိလောက်အောင်ကျွန်မ အံ့သြနာကျင်သွားသည်။ သည်အဖြစ်သနစ်တွေကို သည်မှာတင်မြှုပ်နှံသင်္ဂြိုဟ်ပြီးမမအိကိုလက်ဆွဲပြီး ကျွန်မ သည်နေရာမှ ပြေးထွက်သွားချင် လှသည်။ မမအိလိုပင်မဝံ့မရဲနှင့်ရိုကျိုးသိမ်မွေ့စွာ ရှေ့ကို အသာအယာတိုးထွက်လာသူမှာ ကျွန်မ ဘယ်လိုမှ မျှော်လင့်မထားသော အသက်ကြီးကြီး၊ ဆံပင်ဖြူဖြူ၊ မျက်နှာမှာ ကျောက်ပေါက်ရာသဲ့သဲ့နှင့် ခပ်ဝဝ ဂင်တိုတို လူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ရှေ့က မမအိရဲ့ ကျောပြင်ကို ကျွန်မ နှမြောတသစွာ လှမ်းကြည့်မိလိုက်သည့်အချိန်တွင်တော့ ကျောပြင်ကလေး သိမ့်ခနဲ ဖြစ်သွားတာမြင်လိုက်ရပြီး သင်ဖြူးဖ ျာပေါ်ကို မျက်နှာအပ်မိတော့မတတ် ငုံ့လျှိုးသွားသော ဦးခေါင်းသည်လည်း အခမ်းအနားပြီးသွားသည်အထိ ပြန်မတ်မလာတော့။ အဲဒီညတွင် မမအိ ပြောခဲ့သောစကားတစ်ခွန်းကိုကျွန်မယနေ့တိုင်မေ့မရတော့။ “ငါ့ဘဝတော့ ဆုံးပါပြီဟယ်”တဲ့။
သည်လိုနှင့် မမအိ ရန်ကုန်ပါသွားခဲ့သည်။ ကျွန်မ မမအိကို နှမြောသည် ဆိုသောအခါ ဒေါ်ကြီးက…“လှတာမက်ရင် ညစာခက်သတဲ့၊ တောမှာ နေ၊ တောမှာ ကြီးတော့တောသားနဲ့ပဲရမှာ၊ဒီမှာရှိတဲ့ကောင်တွေက တစ်အိမ် လုံးပေါင်းလို့လည်း ဆယ်တန်း ပြည့်ကြတာ မ ဟုတ်ဘူး၊ဘာမှလည်းဗဟုသုတရှိကြတာတွေ မဟုတ်တော့ ဘယ်လိုလုပ် တိုးတက်မှာလဲ၊အခု မောင်မြင့်ဦးဆိုဘွဲ့ကလည်းရပြီးသား၊ အလုပ်အကိုင်နဲ့ ပိုက်ဆံလည်း အသင့်အတင့်ရှိတယ်၊ ဘာလိုသေးလဲ။
အသက်ကြီးတာ၊ အရုပ်ဆိုးတာ ထည့်ပြောစရာ မလိုဘူး၊အသက်ကလည်း သိပ်ကြီးသေးတာမဟုတ်ပါဘူး၊ အိခင်နဲ့ ကွာလှ ဆယ်နှစ် ဆယ့်နှစ်နှစ်ပေါ့၊ယောက်ျားပဉ္စင်း၊ မိန်းမပုခက်တွင်းတဲ့၊ ဆံပင်ဖြူ တာကလည်း သွေးဆိုးလို့ပါအေ၊ရုပ်ကလည်းဒီလောက်ကြီး မဟုတ်လှပါဘူး၊ ရုပ်ချောတော့ကောအရည်ကျိုသောက်ရမှာမို့လား။ ကုသိုလ်ကံကောင်းလို့ဒီလိုလူမျိုးနဲ့တွေ့တယ်မှတ်ပါ၊ ကိုယ့်ဘက် ပြန်ကြည့်တော့ ရုပ်ကလေးကလွဲလို့ ဘာမက်စရာရှိလဲ”
ဒေါ်ကြီး ပြောပုံက ကျွန်မတို့ဘက်ကပဲ ကျေးဇူးတင်ရမယ့်အပေါက်။ တကယ်တမ်း အနီးကပ်ဆက်ဆံကြည့်သောအခါတွင် ဒေါ်ကြီးပြောသလိုပင် ကိုမြင့်ဦးက အ သက်သိပ်မကြီးလှသေး။သုံးဆယ့်ခြောက်နှစ်ဟူသောသူ့အရွယ်နှင့် မမျှအောင်အဆမတန်ကြီး ရင့်နေသောသူ့ရုပ်ရည်က အဘိုးကြီးအို ပေါက်စတစ်ယောက်နှင့်တူနေခြင်းဖြစ်သည်။ သူ့ထံမှ ချစ်စရာအကောင်းဆုံးအချက်ကစိတ်ထားဖြူစင်၍သည်းခံတတ်ခြင်းပင်။မအိက သူ့မျက်နှာကို ဘယ်တော့မှ စေ့စေ့မကြည့်။သူ့ရှေ့မှာလည်း တစ်ခါမျှ ပြုံးရယ်နေသည် မတွေ့ရ။ အ ကြောင်းမရှိလျှင် စကားမပြော။
သူတို့ အိမ်ထောင်သက် တစ်နှစ်ခွဲအတွင်း မမအိက သားတစ်ယောက်မိခင်ဖြစ်ပြီးကြီးကြီးလှိုင် ဆုံးသွားသည်။ မမအိက အမေ့ကို လွမ်းလို့ဆိုကာ ရွာကို နှစ်ခေါက်လာကြပြီး ကျွန်မနှင့် ဒေါ်လေးက ရန်ကုန်ကို တစ်ခါသွားကြသည်။ ကျွန်မကသာ မမအိနှင့် ပတ် သက်ပြီး ကိုမြင့်ဦးကို အစ်ကိုရင်းတစ်ယောက်လို ခင် မင်တွယ်တာလာပေမယ့်မမအိကတော့ ပုံစံမပြောင်း။ ကျွန်မက တစ်ခါတစ်ရံ သူ့ကို…
“မမရယ် . . .မမတို့ အိမ်ထောင်ရေးဟာ သိပ်ပြီး တစ် ဖက်သတ်ဆန်နေသလိုပဲ၊ကိုမြင့်ဦးကြီးက သနားပါတယ်၊ မမကို ကြည့်လိုက်ရင် အမြဲတမ်း အသက်မပါတဲ့ မျက်နှာကြီးနဲ့၊ တစ်ခါတလေလည်း လိုက်လိုက် လျောလျော ရယ်ရယ်မောမော နေလိုက်ပါမမရယ်”
“မနေချင်ပါဘူးဟယ်၊ ငါ သူ့ကို သိပ်အမြင်ကတ်တာ၊ အဲဒီလိုပုံကြီး တစ်ခါမှစိတ်ကူးမယဉ်ခဲ့မိဘူး၊ နဂိုကမှ မနည်းသည်းခံပြီး အောင့်ပေါင်းနေရတဲ့ကြားထဲ အခုတစ်ခု ရောဂါက ထထနေပြန်ပြီ။ တတ်နိုင်ရင် ငါ သူ့ကို အသေတောင် သတ်ပစ်ချင်တယ်”
“ကျွန်မကတော့ မမ ခုလောက်ဆိုရင် သူ့ကို ချစ်နေလောက်ပြီထင်တာ” “ဟင့်အင်း ငါ့ရင်ထဲမှာ အချစ်ဆိုတာ မရှိဘူး” “ကျွန်မကတော့ မမကို ချစ်တတ်စေချင်တယ်၊မမ သူ့ကို ချစ်မိသွားရင်အဲဒီ သူ့ရဲ့ချို့ယွင်းချက်တွေအကုန်ပျောက်သွားမှာပါ၊ သူလည်းဘယ်လောက်ပျော်လိုက်မလဲ၊ မမတို့မိသားစု သိပ်ကိုသာယာသွားမှာ၊ မမ နည်းနည်းစိတ်လျှော့လိုက်ပါလား”
“မရပါဘူးဟယ်၊ငါဘယ်လိုမှလည်း ကြိုးစားဖန်တီးလို့ ရမှာမဟုတ်ပါဘူး၊သူ့ကိုစတွေ့တဲ့စေ့စပ်ပွဲညကတည်း က ငါ့ရဲ့ဘဝဟာ ပြီးဆုံးသွားပါပြီ။ဘယ်တော့မှလည်းသိပ်ပြီး ဝမ်းသာပျော်ရွှင်လာ တတ်တော့မှာ၊ ဘယ် တော့မှလည်း ဝမ်းနည်းကြေကွဲ သွားတတ်တော့မှာမဟုတ်ပါဘူး”ပျော့ညံ့မယောင်ယောင်နဲ့မာကျောလှတဲ့မိန်းမတစ်ယောက်၏အသည်းနှလုံးကိုကျွန်မဘဝတွင်ပထမဦးဆုံး ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။
ဘယ်လိုမှချစ်မရသည့်ကြားထဲက စိတ်ပျက်စရာ ထပ်ဖြစ်လာသည်က ကျွန်မတို့ ကြီးတော်ကြီး ဆုံးပြီးသွားသည့်နှစ်၊မမအိဒုတိယသမီးကလေးခြောက်လအရွယ်မှာပင် နွေရာသီ၏ ပူပြင်းသော နေ့တစ်နေ့တွင် မမအိ ကလေးနှစ်ယောက်နှင့် ကျွန်မတို့ဆီသို့ ရောက်လာခဲ့သည်။ ကျွန်မတို့က ဝိုင်းဝန်းကြိုဆိုကာ ကလေးတွေကို ချီပိုးနမ်းရှုပ်ရင်းမေမေနှင့် ဒေါ်လေးက..
အပိုင်း(၄)ဆက်ရန်
#ဆူးပန်းတစ်ပွင့်၏သိပ်သည်းဆ
#သန်းမြင့်အောင်
Keep Reading