Author's Profile Photo

အက္ခရာ - Haruki

28/03/2024

ကိုယ်လုပ်နေတဲ့အကျင့်က ကိုယ့်ရဲ့အနာဂတ်ပဲ

3 mins read
Life Style
Personal Development
Business
ကိုယ်လုပ်နေတဲ့အကျင့်က ကိုယ့်ရဲ့အနာဂတ်ပဲ's photo

စိတ်ပညာရှင်တွေက ပြောကြပါတယ်။ ကျွန်တော်တို့ နေ့စဉ်လုပ်နေသမျှ အပြုအမူတွေအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းဟာ အကျင့်တွေဖြစ်ကြတယ်တဲ့။ ဒီစကား မှန်လား မှားလားဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ မနက်အိပ်ရာထချိန်ကနေ ညအိပ်ရာဝင်ချိန်အထိ နေ့စဉ်အမြဲလိုလို ပုံစံတူလုပ်နေကြတဲ့အလုပ်တွေ အများကြီးရှိကြပါတယ်။ အဲဒါတွေက သွားတိုက်တာ၊ ရေချိုးတာ၊ အဝတ်အစားလဲတာ၊ မနက်စာစားတာ၊ ကော်ဖီသောက်တာ၊ ရုံးကိုသွားဖို့ ဘက်စ်ကားစီးသွားတာ၊ ဈေးဝယ်တာ၊ အိမ်ကို သန့်ရှင်းရေးလုပ်တာ၊ တီဗွီကြည့်ရင်းထမင်းစားတာ စတာတွေပေါ့။

အဲဒီအရာတွေက နှစ်ပေါင်းများစွာကြာအောင် ထပ်ခါတလဲလဲလုပ်နေခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့စိတ်ထဲမှာ ခိုင်ခိုင်မာမာအမြစ်တွယ်သွားပြီး အကျင့်တွေဖြစ်လာကြတယ်။ ကျွန်တော်တို့ရဲ့အကျင့်တွေဟာ ကျွန်တော်တို့ရဲ့ အလုပ်အကိုင်၊ ဝင်ငွေကနေစပြီး ကျန်းမာရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေအထိ ကောင်းကျိုးဖြစ်စေသလား၊ ဆိုးကျိုးဖြစ်စေသလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။

အကျင့်ရဲ့ ကောင်းကွက်၊ ဆိုးကွက်

အကျင့်ရဲ့ကောင်းကွက်တစ်ခုက ခန္ဓာကိုယ်က အလိုအလျောက်ပြုမူနေချိန်မှာ စိတ်ဟာစဉ်းစားနေစရာမလိုဘဲနဲ့လွတ်လပ်နေတယ်။ ဒါကြောင့် ကြိုက်တာကိုစဉ်းစားနေနိုင်တယ်။ တွေးနေနိုင်တယ်။ ကြံစည်နေနိုင်တယ်။ ဥပမာ အနေနဲ့ ကျွန်တော်တို့ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးနေစဉ်မှာ တစ်ခုခုလုပ်ဖို့ကိုစဉ်းစားနေနိုင်တယ်။ ကားမောင်း နေစဉ်မှာ တစ်ယောက်ယောက်နဲ့ ဖုန်းဆက်စကားပြောနေနိုင်တယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးဆိုတာ အမြဲဒွန်တွဲလျက်ရှိနေပါတယ်။ ဒီလိုပါပဲ အကျင့်မှာလည်း မကောင်းတဲ့ဆိုးကွက်တွေရှိနေပါတယ်။ အဲ့ထဲကမှ မကောင်းကွက်တစ်ကွက်က အောင်မြင်တိုးတက်မှုကို ဟန့်တားနှောင့်ယှက်မယ့်အကြောင်းအရာတွေ စိတ်ထဲကို (ကိုယ်သတိမထားမိဘဲ) သူ့ဘာသာ အလိုလိုဝင်ရောက်လာတတ်ခြင်းပါ။

ကျွန်တော်တို့လုပ်နေတဲ့အကျင့်ဟာ ကျွန်တော်တို့ရဲ့အနာဂတ်ပဲလို့ ကျွန်တော်ခံယူထားပါတယ်။

ကျွန်တော်တို့ရဲ့ လောလောဆယ်စွဲမြဲနေတဲ့အကျင့်တွေဟာ လောလောဆယ်ရလဒ်တွေကို ဖြစ်ပေါ်စေတယ်။ လက်ရှိအခြေအနေထက် ပိုပြီးအောင်မြင်ချင်ရင် အကျိုးမပြုတဲ့၊ အကျိုးမဲ့စေတဲ့ အကျင့်တွေကို လုံးဝရပ်တန့်ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ ဥပမာ - ဖုန်းခေါ်ထားသူကို ဖုန်းပြန်မဆက်တာ၊ ညနက်အထိဖုန်းသုံးပြီး မနက်အိပ်ရာထ နောက်ကျတာ၊ စာပေတွေမဖတ်တာ၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေကို နေ့တိုင်းစားနေတာ၊ ဆေးလိပ် အရက်သောက်တာ၊ အသုံးအဖြုန်းကြီးတာ စတဲ့အကျင့်ဆိုးတွေပေါ့။

အဲဒီအကျင့်တွေကို အကျိုးပြုမယ့်အကျင့်တွေနဲ့ အစားထိုးလိုက်ပါ။ ဖုန်းခေါ်ထားသူကို ၂၄ နာရီအတွင်း ဖုန်းပြန်ဆက်တာ၊ နေ့တိုင်း ၈ နာရီ အိပ်ရေးဝအောင် အိပ်တာ၊ တစ်နေ့ကို တစ်နာရီလောက် စာဖတ်တာ၊ တစ်ပတ်ကို ၄ ခါလောက် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်စားတာ၊ ပိုက်ဆံစုတာ စတာတွေပေါ့။

အဲ့လိုမှ မဟုတ်ရင် ကျွန်တော်တို့လုပ်နေတဲ့အကျင့်ရဲ့ ကောင်းသောရလဒ်တွေ၊ ဆိုးသောရလဒ်တွေကို ကျိန်းသေခံစား၊ စံစားရမှာပါ။ ဘာလို့လဲဆိုတော့ အကျင့်တွေဟာ ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီနေ့လုပ်နေတဲ့အကျင့်တွေဟာ ကိုယ်အနာဂတ်မှာ ဘယ်လိုလူဖြစ်လာမယ်ဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ ဒါနဲ့ပတ်သတ်ပြီး လူတွေသတိမထားမိကြတဲ့ အချက်တစ်ခုရှိပါသေးတယ်။ အဲဒါက မကောင်းတဲ့အကျင့်တွေရဲ့ရလဒ်တွေဟာ ချက်ချင်းမပေါ်ဘဲ အချိန်အတော်ကြာမှပေါ်လာတတ်တယ်ဆိုတာပါ။

ကျွန်တော်ဘာကိုဆိုလိုချင်တာလဲဆိုတော့ ဥပမာ - နေ့စဉ် အရက်သောက်၊ ဆေးလိပ်သောက်၊ ကွမ်းစားနေသူတစ်ယောက်ဟာ လောလောဆယ်မှာ ဘာမှမဖြစ်ပေမယ့် အချိန်ကြာတဲ့အခါ အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ အဆုတ်ရောဂါ၊ ခံတွင်းရောဂါ၊ ကင်ဆာ စတဲ့ဝေဒနာတွေကို ခံစားရမယ်။ အရက်ကြောင့် အလုပ်ကောင်းကောင်း မလုပ်နိုင်ဖြစ်လာမယ်။ ငယ်စဉ်က ဘာပဲလုပ်လုပ် ပေါ့တီးပေါ့စနေတတ်သူဟာ ကြီးလာတဲ့အခါ အလုပ်လုပ်ရင်လည်း ပေါ့တီးပေါ့စပဲ လုပ်နေတတ်ပါမယ်။ ကျွန်တော်အဓိကပြောချင်တာက ကောင်းတဲ့အကျင့်ကိုပဲလုပ်လုပ်၊ မကောင်းတဲ့အကျင့်ကိုပဲလုပ်လုပ် အချိန်တန်ရင် ရလဒ်ထွက်ပေါ်လာစမြဲပါ။ မကောင်းတဲ့အကျင့်က မကောင်းတဲ့ရလဒ်ကို ရစေတယ်။ ကောင်းတဲ့အကျင့်က ကောင်းတဲ့ရလဒ်ကို ရစေပါတယ်။

ဒါကြောင့်အောင်မြင်ချင်တဲ့ လူငယ်တွေအနေနဲ့ ကောင်းမွန်တဲ့အကျင့်တွေကို များများပြုစုပျိုးထောင်ပေးဖို့လိုပါလိမ့်မယ်။ ဒါဆို ကောင်းမွန်တဲ့အကျင့်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ။ ဒီဆောင်းပါလေးမှာ ကျွန်တော်အသုံးပြုနေတဲ့ နည်းလမ်းလေးကို တခါတည်း မျှဝေပေးလိုက်ရပါတယ်။

ပိုကောင်းတဲ့ အကျင့်တွေကို ပြုစုပျိုးထောင်နည်း

ကိုယ့်ရဲ့အကျင့်တွေကိုပြောင်းလဲချင်ရင် အဆင့်နှစ်ခုလုပ်ရပါမယ်။ ပထမအဆင့်က ကိုယ့်အတွက် အကျိုးမဖြစ်စေတဲ့ ဒါမှမဟုတ် အနာဂတ်မှာ ဆိုးကျိုးသက်ရောက်စေမယ့်အကျင့်တွေကို စာရင်းလုပ်ဖို့ပါ။ ရင်းနှီးတဲ့ သူယ်ချင်းတွေကိုလည်း ကိုယ့်ရဲ့အကျင့်ဆိုးတွေကိုထောက်ပြပေးဖို့ အကူအညီတောင်းပါ။

မကောင်းတဲ့အကျင့်တွေကို စာရင်းလုပ်ပြီးသွားပြီဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ ကိုယ်အောင်မြင်မှုရဖို့ အကျိုးသက်ရောက်စေမယ့်အကျင့်တွေကို ရွေးချယ်ပြီး မကောင်းတဲ့အကျင့်တွေနေရာမှာအစားထိုးလိုက်ပါ။ ကောင်းတဲ့အကျင့်တွေကိုလုပ်နိုင်ဖို့ဆိုတာ မကောင်းတဲ့အကျင့်တွေလုပ်တာလို မလွယ်ကူတာမလို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ နဲ့ အချိန်တော့ပေးရပါလိမ့်မယ်။

ဥပမာ - မနက်တိုင်းကို လမ်းလျှောက်တဲ့ အကျင့်လုပ်ချင်ရင် လုပ်ရမှာက ပုံမှန်အိပ်ရာဝင်ချိန်ထက် တစ်နာရီစောပြီး အိပ်ရာဝင်ပါ။ မနက်နိုးဖို့အတွက် နာရီကို နှိုးစက်ပေးထားပါ။

အဲ့ဒီနည်းတူ ရုံးကအလုပ်တွေကို သောကြာနေ့ ညနေမတိုင်မီမှာ အပြီးလုပ်ထားချင်တယ်။ ဒါမှ ရုံးပိတ်ရက်တွေမှာ အချိန်ပို အလုပ်မဆင်းရတော့ဘဲ စိတ်အေးလက်အေး အနားယူနိုင်မယ်။ လည်ပတ်ချင်တဲ့နေရာတွေကို ပျော်ပျော်ပါးပါး လည်ပတ်နိုင်မယ်။ အဲဒါကို အကျင့်ဖြစ်အောင်လုပ်ချင်တယ်။ ဒါဟာ ကောင်းတဲ့အကျင့်ပါ။ ဒါပေမယ့် အကျင့်ဖြစ်အောင်လုပ်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို လုပ်ပေးရပါမယ်။ အဲဒါတွေကတော့ လုပ်စရာအလုပ်တွေကိုစာရင်းလုပ်ထားပြီး ပြီးစီးအောင်လုပ်ဆောင်ရမယ့်အပြင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အာလာပသလ္လာပ စကားပြောပြီး အချိန်ဖြုန်းတာတွေ၊ ဖုန်းနဲ့ မလိုအပ်ဘဲစကားအကြာကြီး ပြောတာတွေ၊ အချိန်ဆွဲတာတွေ စတာတွေကို ရှောင်ရှားရမယ်ပေါ့ခင်ဗျာ။

ကျွန်တော်ထပ်မံ သတိပေးပါရစေ။ မကောင်းတဲ့အလုပ်ကိုလုပ်ဖို့ဆိုတာ အင်မတန်လွယ်ပါတယ်။ ( အရက်သောက်တာ၊ ဖဲရိုက်တာ၊ အလေလိုက်တာ၊... ) အဲဒါမျိုးတွေကို လေ့ကျင့်ပေးစရာမလိုဘဲ တစ်ခါတလေ ကိုယ်ကိုယ်တိုင်သတိမထားမိဘဲ လုပ်မိရင်းအကျင့်ဖြစ်သွားတယ်။ ဒါပေမယ့် ကောင်းတဲ့အလုပ်တွေကိုအကျင့်ဖြစ်စေဖို့ စောစောကပြောတဲ့ပြင်ဆင်မှုမျိုးတွေ လုပ်ပေးရပါတယ်။ အချိန်ပေးရပါမယ်။ ပြင်ဆင်မှုတွေ၊ အချိန်ပေးမှုတွေ မလုပ်ပေးဘဲနဲ့ အကျင့်ကောင်းတစ်ခုဖြစ်လာမှာမဟုတ်ဘူးဆိုတာကို စာဖတ်သူလေးအနေနဲ့ စွဲစွဲမြဲမြဲ မှတ်ထားစေချင်ပါတယ်။

အကျင့်ကောင်းတွေ မွေးမြူကြရင်း အောင်မြင်တိုးတက်သော လူငယ်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေခင်ဗျာ။

Haruki

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်