Author's Profile Photo

Ye Yint Kyaw

15/11/2024

"သီတင်းကျွတ်၊တန်ဆောင်တိုင်စာပေပြိုင်ပွဲ"

21 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ



"ရင်အလင်းဖြင့်သာ ထွန်းညှိခဲ့ပါသော"

အခန်း(၁)

" ဂီးးးး ဂစ် ဂစ် ဂစ်"

အိမ်ခေါင်မိုးအပေါ်လောက်မှနေ၍ ရုတ်တရက် ဖြတ်ပျံသွားသည့် ညည့်ငှက်တစ်ကောင်၏ အော်သံကြောင့် သူအိပ်နေရာမှ လန့်နိုးသွားခဲ့သည်။ အိပ်ရာအနီးတွင်ချထားသော ကီးပက်ဖုန်းကလေးအား ကောက်ယူ၍ နာရီကြည့်လိုက်မိသည်။ အချိန်က ညဉ့်တစ်နာရီဆယ့်ငါးတောင်ရှိနေပြီဖြစ်၏။ လန့်နိုးသွားပြီး ပြန်အိပ်ရန်ဆိုသည်မှာလည်း အလွယ်မဖြစ်နိုင်တော့ပေ။ အတွေးစိတ်များလွန်းသောအခါ အိပ်စက်ခြင်းဆိုသည်မှာ သာမန်အခန်းကဏ္ဍမျှသာ ဖြစ်တော့သည်။ ရှစ်ပေ ဆယ့်သုံးပေ အခန်းကျဉ်းကလေးထဲမှာဖြင့် ၂၀ဝါတ်အား LED မီးရောင်ကြောင့် ထိန်လင်း၍နေ၏။ သားအငယ်လေးသည် မီးမှောင်လျှင်မအိပ်​ချေ။ ထို့ကြောင့် ညအချိန်များတွင် ညလုံးပေါက် မီးထွန်းပေးထားရ၏။ ငါးနှစ်အရွယ်ရှိသားကြီးက သားငယ်လေး၏ ဘေးတွင်သူ့ဘက်ကိုလှည့်၍ အောက်ပိုင်းဗလာကျင်းကာ ခွေခွေကလေး အိပ်နေရှာသည်။ သူက အိပ်ရာထဲမှာ ဘေးတစ်ခြမ်းစောင်း အနေအထားဖြင့် ငြိမ်သက်နေရင်း အိပ်ပျော်နေသည့် သူ့ဇနီးကို ကြည့်လိုက်မိသည်။ ဇနီးသည်က တစ်နှစ်ခွဲအရွယ်သားငယ်ကို ရင်ခွင်ထဲတွင် နို့တိုက်လျက်သား အိပ်ပျော်သွားခဲ့သည်ထင့်။ မို့မောက်ဖောင်းကားနေသည့် ရင်သားအစုံက အဖုံးအကွယ်မဲ့၍နေ၏။ နှုတ်ခမ်းနှစ်လွှာမှာ အနည်းငယ်ဟလျက် ပက်လက်အနေအထားဖြင့် အသက်ရှူသံပြင်းပြင်းပေးရင်း နှစ်ခြိုက်စွာအိပ်ပျော်နေရှာသည်။ သူမဘေးမှ ကလေးငယ်သည်လည်း အိပ်ပျော်လျက်ပင်ရှိ၏။ လူပင်ပန်းစိတ်ပင်ပန်းသည့်ဒဏ်ကြောင့် မည်မျှပင် ပုံပျက်ပန်းပျက်အိပ်နေပါစေ ချောမောလှပသည့် သူမ၏ ပင်ကိုယ်ရုပ်ရည်လေးက ပျောက်ပျက်၍မသွားခဲ့ပေ။

သူသည် ဇနီးသည်အား တစိမ့်စိမ့်ကြည့်ရင်း ရင်ထဲမှာ နင့်နင့်သည်းသည်း ခံစားနေရသည်။ သူ့ဘဝထက်စာလျှင် ပြည့်စုံကုံလုံနေသည့် သူမမိဘရင်ခွင်အား ခြေစုံကန်၍ ပိုင်ဆိုင်မှုအလုံးစုံကိုလည်း စွန့်ခဲ့သည်။ ချစ်သူမျက်နှာတစ်ကမ္ဘာထင်ပြီး သဘောမတူသည့်ကြားမှ သူ့နောက်သို့ လိုက်လာခဲ့သည်။ အိမ်ထောင်ဦးကာလမှစ၍ သည်နေ့သည်အချိန်ထိလည်း အိမ်ထောင်ဖက်ဇနီးကောင်းပီသစွာ ဒိုးတူပေါင်ဖက် ဒုက္ခမှန်သမျှကို မညည်းမငြူ သည်းခံ၍နေခဲ့၏။ သူကိုယ်တိုင်ကလည်း ရရာအလုပ်ကိုလုပ်ပြီး လက်ရှိအချိန်တွင်လည်း ဆိုင်ကယ်ကယ်ရီဆွဲ၍ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ရှာဖွေရုန်းကန်ကျွေးပါသော်လည်း ငွေရင်းငွေနှီးမရှိသည့် ဆင်းရဲသားဘဝဆိုသည်မှာ ဖွတ်ကျောမှာစုသည့် ပြာ၏အရောင်ကမှ ပို၍တောက်ပလိမ့်မည်ဟု ထင်မိပါသည်။ သူက သက်ပြင်းကို မသိမသာချလိုက်၏။ ကျဉ်းကြပ်လွန်းသည့် အခန်းငယ်တစ်ခု၏ ညနက်နက်ထဲတွင် အနာဂတ်မရေရာသည့် ဘဝနွမ်းနွမ်းအတွက် မည်သို့သောထွက်ပေါက်မျိုးကို ရှာရပါမည်နည်းဟု စဉ်းစားကြည့်နေမိသည်။

အခန်း(၂)

"တူ တူ တူ တူ တူ "

ဖုန်းမြည်သံကြောင့် အိပ်ပျော်နေရာမှ ရုတ်တရက်လန့်နိုးပြီး အိပ်ရာဘေးတွင်ချထားသော ကီးပက်ဖုန်းကလေးအား ကပျာကယာကောက်ကိုင်၍ ထူးလိုက်မိသည်။

"ဟလို"

"ဟဲ့ မောင်သိန်း နင်မလာသေးဘူးလား။ ငါစောင့်နေတာ ကြာလှပြီ"

"ဟုတ်ကဲ့ အခုထွက်လာဖို့လုပ်နေပြီ အစ်မပန်းနုရေ။ ခဏလေးစောင့်နေနော် "

မနက်စောစောသုံးနာရီလောက်ကို အရုဏ်စျေးသွားမည်ဟု မနေ့ညနေကတည်းက ပြောထားသည့်အတွက် ရပ်ကွက်အတွင်းမှ ကုန်စိမ်းသည် မပန်းနုက ဖုန်းဆက်လာခြင်းဖြစ်သည်။ သူ ညကအတွေးလွန်ပြီး အချိန်မရှိမှ ပြန်ပြီးအိပ်ပျော်သွားသောကြောင့် မနက်စောစောနိုးမလာခဲ့ပေ။ မပန်းနုဆိုသည်မှာလည်း အမည်ကသာ ပန်းကဲ့သို့နုနေပြီး ပြောပေါက်ဆိုပေါက်ကဖြင့် သူဘဝင်မကျလျှင် ပါးစပ်မှစက်သေနတ်ပစ်သည်ထက် ဆိုးဝါးဆူညံသော အသံများသာ ထွက်တတ်သူဖြစ်သည်။ ဖုန်းအတွင်းမှ မပန်းနု၏ ငြိုငြိုငြင်ငြင်ဖြင့် အပြစ်တင်သံများကို မသိကျိုးကျွန်ပြုရင်း အိပ်ရာထဲမှ လူးလဲကာ အတင်းထရသည်။ မျက်နှာပင်မသစ်အားဘဲ အခန်းရှေ့တွင် အသင့်ခပ်ထားသည့် ရေပုံးထဲမှရေဖြင့်ကပျာကယာ အာလုတ်ကျင်းကာ ဆိုင်ကယ်အားသော့ဖွင့်၍ စက်နှိုးရတော့သည်။ ဆိုင်ကယ်မှာ အေးနေ၍ထင်ပါ၏။ သော့ဖြင့်အလွယ်နှိုး၍မရပါ။ ခြေနင်းကစ်ဖြင့် နှိုးရသည်။ ပြင်သင့်နေပြီဖြစ်သော်လည်း ထမင်းနပ်မှန်ရန်ပင် အလူးအလဲ ရုန်းကန်ရှာဖွေနေရသောကြောင့် မပြင်နိုင်သေးပေ။ ထို့ကြောင့် ဆိုင်ကယ်သည် စက်ရပ်ထားချိန်ကြာသည့်အခါတိုင်း အနှိုးရခက်ခဲတတ်သည်။ အုံနာလုပ်သူကလည်း အုံနာကြေးတစ်ရက်ပျက်လျှင်သာ အပြစ်ပြောရန် အသင့်ဖြစ်နေပြီး ဆိုင်ကယ်ပြင်ပေးရန်ပြောလျှင်ဖြင့် ဝေ့လည်ကြောင်ပတ်လုပ်နေတတ်သည်။

ဆိုင်ကယ်ကို အားစိုက်၍နှိုးနေစဉ် မပန်းနုထံမှ ဖုန်းကမြည်လာပြန်သည်။ လာနေပြီပြောပြီး မရောက်သေး၍ ထင်ပါ၏။ ကိုယ့်ဒုက္ခနှင့်ကိုယ် ပြီးစလွယ်လာနေပြီပြောပြီး ဆိုင်ကယ်ကိုသာ အားစိုက်၍နှိုးရတော့သည်။ ချွေးပြန်အောင်နင်းပြီးကာမှ စက်နိုး၍သွား၏။

"အမလေးကိုယ်တော် အရုဏ်စျေးသွားပါမယ်လို့ သေသေချာချာ မှာထားတာတောင် ဘယ်လိုဖြစ်ရပြန်တာတုန်း။ အလုပ်ကိုမလေးစားဘူး။ ချမ်းသာဦးမယ် ဟင်း"

"အိပ်ပျော်သွားလို့ပါအစ်မရာ ဆောရီးပါနော်"

"နင်တော့လား ပြောလိုက်ရင် ဒီအတိုင်းကြီးပဲ"

မိုးပင်မလင်းသေး။ မသာယာသည့်မျက်နှာဖြင့် အပြစ်ပြောလိုက်သည့် မပန်းနု၏စကားကြောင့် စိတ်ထဲမှာကျင်ခနဲဖြစ်သွားမိသည်။ ငါ့ရဲ့ပေါ့လျော့မှုကြောင့်ပါပဲလေဟု စိတ်ကိုဖြေသိမ့်လိုက်ရ၏။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ ဒညင်းကုန်းစျေးသို့ ကယ်ရီတစ်ကြောင်းရလျှင် လမ်းထိပ်ကဆိုင်ကယ်ဂိတ်တွင် နေ့တစ်ဝက်ခန့်ထိုင်ဆွဲရသည့် ငွေပမာဏနီးနီးရလေသည်။ ထို့အတွက်ကြောင့်လည်း ဖောက်သည်ပျက်မည်စိုး၍ ရင်ထဲတွင်မကြိုက်သည်ကိုပင် မိသားစုစားဝတ်နေရေးအတွက် ကြိတ်မှိတ်သည်းခံနေခဲ့ရသည့် အခါများလည်း မနည်းတော့ပေ။ လူငယ်ပီပီ မခံချင်စိတ်ဖြင့် ပြန်ပြောပစ်လိုက်ချင်သော်လည်း အိမ်မှာရှိနေသည့် ဇနီးနှင့်လူမမယ်သားသမီးများ၏မျက်နှာအား မြင်ယောင်ကာ ကြိတ်မှိတ်သည်းခံနေရပြန်သည်။ ဆိုင်ကယ်သည်လည်း ကိုယ်ပိုင်ဆိုင်ကယ်မဟုတ်သည့်အတွက် တစ်ရက်လျှင် အုံနာကြေး ၂၅၀၀နှင့် ဆိုင်ကယ်ဆီဖိုးနှုတ်ပြီးပိုလျှံမှသာ မိသားစုအတွက် သုံးစွဲရမည့်ငွေကိုရရှိသည်။ အဆင်မပြေသည့်နေ့များဆိုလျှင် အုံနာကြေးသာသာမျှသာရ၍ မိသားစုအတွက်ခက်ခဲရသည့် နေ့များလည်း ရှိခဲ့ဖူးပါသည်။

"ဟဲ့ ဘာငိုင်နေတာလဲ။ ငါခေါ်နေတာကြာလှပြီ။ ဒီမှာ မနိုင်မနင်းဖြစ်နေတာ။ နည်းနည်းပါးပါး လာဆွဲပါဦးလား"

စျေးအရှေ့ရှိ နေရာလွက်တစ်ခုမှာ ဆိုင်ကယ်ရပ်ပြီး မပန်းနုအားစောင့်နေရင်း တွေးချင်ရာတွေး ငေးချင်ရာငေးနေခြင်းအမှုသည် မပန်းနု၏ ခပ်စူးစူးခပ်ကြမ်းကြမ်းအော်သံအောက်တွင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တော့၏။

"ဟုတ် ဟုတ် လာပြီအစ်မရေ့"

လက်ကြားတွင်ညှပ်ထားသည့် မီးသေဆေးလိပ်တိုကလေးအား ကပျာကယာပစ်ချပြီး မပန်းနုဆီ အပြေးကြိုရသည်။ ရင်ထဲတွင် မည်မျှပင်နာနေသည်ဖြစ်စေ အချိုသာဆုံးအပြုံးဖြင့် ပစ္စည်းများကို သယ်ပြီး ဆိုင်ကယ်ပေါ်မှာ သေချာကျနစွာ နေရာချထားလိုက်၏။ ထို့နောက်မပန်းနုအားတင်၍ ရပ်ကွက်အတွင်းသို့ ပြန်ခဲ့တော့သည်။

အခန်း(၂)

"သိန်းဝေ မင်း မနက်ဖြန်အားလား"

"ဟုတ်ကဲ့ အားတယ်လို့တော့မဟုတ်ဘူးအစ်ကို။ ကယ်ရီသမားဆိုတော့ အစ်ကိုလည်းသိသားနဲ့ အချိန်မရွေးအလုပ်ပေါ်နိုင်တယ်လေ။ အစ်ကိုကိစ္စရှိလို့လား"

ဆိုင်ကယ်ဂိတ်တွင်ထိုင်နေစဥ် သူတို့လမ်းထဲမှ ကိုမြင့်ထွန်းဆိုသူက အနားလာ၍ မေးလိုက်ခြင်းဖြစ်၏။

"ငါမနက် မှော်ဘီဘက်သွားစရာရှိတယ်။ မင်းလိုက်ပို့ပေးမှာလား။ ကယ်ရီခ ဘယ်လောက်ယူမလဲ"

မှော်ဘီဆိုသည့် အသံကြားသည်နှင့် ရုတ်တရက် ရင်ထဲတွင် ဘလောင်ဆူသွားသည်။ လက်ရှိအနေအထားအရ မှော်ဘီသို့ အော်ဒါပါလျှင် ငွေတစ်သောင်းခွဲခန့်ရမည် ဖြစ်၏။ တစ်သောင်းခွဲဆိုသည့်ငွေပမာဏသည် တစ်ကြောင်းတည်းဖြင့် တစ်ရက်စာဖူလုံသည့်အပြင် ပိုလျှံ၍သွားသည်ဟုပင်ဆိုရမည်။

"အစ်ကိုတစ်ယောက်ထဲလား"

"အေး တစ်ယောက်ထဲ"

"တခြားဘာပါသေးလဲ။ ပစ္စည်းထုပ်တွေဘာတွေပေါ့ "

"ဘာမှမပါပါဘူးဟ။ လွယ်အိတ်တစ်လုံးပဲပါတယ်"

"တစ်သောင်းခွဲတော့ပေးပါအစ်ကို၊ ကျွန်တော် ပိုလည်းမယူပါဘူး။ အများယူနေကျ စျေးပါပဲ"

"တစ်သောင်းခွဲတော့ များတယ်ကွာ။ တစ်သောင်းပဲထား"

"မရဘူးအစ်ကို ဆီဖိုးနဲ့ အုံနာခနဲ့ အဲ့လောက်တော့ရမှ လိုက်နိုင်မှာမို့ပါ။ မှော်ဘီဆို ဆီကနှစ်ဗူးလောက်တော့ ကုန်တာအစ်ကိုရ"

ပါးစပ်မှ သူလိုချင်သည့်စျေး ပြောနေရသော်လည်း စိတ်ထဲတွင် အခြားလူတစ်ယောက်ကို သွားမငှားပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။

"ကဲပါ ထားလိုက်ပါတော့။ မနက်ဖြန်ညနေပိုင်းသွားမယ်။ မင်းဖုန်းနံပါတ်ပေးထား။ သွားခါနီးငါလှမ်းခေါ်လိုက်မယ်။ ငါ့အိမ်ကိုလာခဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့အစ်ကို ကျေးဇူးပါ"

သူက ကိုမြင့်ထွန်းအား ဖုန်းနံပါတ်ပေးကာ နှုတ်ဆက်ပြီး ကယ်ရီလာငှားသည့် ခရီးသည်တစ်ဦးနောက်သို့ လိုက်ထွက်လာခဲ့သည်။ သွားမည့်နေရာသို့ ရောက်သည့်အခါ ခရီးသည်က ငွေတစ်ထောင်ထုတ်ပေး၏။ ခက်ပြီ။ ဤခရီးအကွာအဝေးသည် ကယ်ရီခတစ်ထောင့်ငါးရာနှစ်ထောင် ယူရသောခရီးဖြစ်၏။ အစကတည်းက စျေးစကားပြောမလာမိသည်ကို နောင်တရနေမိသည်။

"ထောင့်ငါးရာပါ အဒေါ်"

"ဟယ် နင်ကလည်း တစ်ထောင်ပါဟဲ့"

"အဒေါ်ရယ် ကြိုက်တဲ့ကယ်ရီသမားကို မေးကြည့်ပါ။ ဒီခရီးလမ်းတွေကို တစ်ထောင့်ငါးရာနှစ်ထောင် ယူကြပါတယ်။ ကျွန်တော်မညာပါဘူး"

"နင့်တို့ကယ်ရီသမားတွေ ပြောလိုက်ရင် ဒီတိုင်းချည်းပဲ။ ဒီခရီးက ငါသွားနေကျဟဲ့။ တစ်ထောင်ပဲပေးရတယ် "

အနီးအနားရှိလူများက ကွက်ကြည့်ကွက်ကြည့် လုပ်လာကြသည်။ မရှိ၍ ကယ်ရီဆွဲစားနေရသော်လည်း သူ့စိတ်ဓာတ်ကို သူသာအသိဆုံးဖြစ်၏။ မည်သည့်ခရီးသည်အပေါ်တွင်မှ လိုသည်ထက်ပိုမတောင်းခဲ့ဘူးပါ။ တန်ရာတန်ကြေးသာယူ၍ ငွေမပြည့်သူများ၊ သက်ကြီးရွယ်အိုနှင့် ရဟန်း၊ သီလရှင်များဆိုလျှင် အခမဲ့ပို့ပေးတတ်ပါသည်။ ယခု ငွေငါးရာကိုမပေးချင်၍ အခြေအတင်ပြောနေသော သူ၏အရှေ့မှ အမျိုးသမီးကြီးအား စက်ဆုပ်စွာ ကြည့်လိုက်မိသည်။ သူ့ကိုယ်မှာ ဝတ်ဆင်ထားသည့် ရွှေများကိုမှအားမနာ။ ဆင်းရဲသားတစ်ယောက်၏ ရင်ထဲကို မြင်အောင်ကြည့်မပေးနိုင်သည့် လူ့မလိုင်တစ်ယောက်အဖြစ်သာ စာရင်းသွင်းလိုက်ရင်း သူမပေးသည့် တစ်ထောင်တန်လေးအား မခံချိမခံသာဖြင့် လှမ်းယူလိုက်သည်။

"ပိုက်ဆံလေး တစ်ချက်လောက်လဲပေးပါလားအဒေါ်။ ကျွန်တော့်အိတ်ထဲမှာဆို ချွေးတွေနဲ့ပြဲသွားမှာစိုးလို့ပါ"

ပျောဖတ်နွမ်းရိနေသည့် တစ်ထောင်တန်အစုတ်ကလေးအား ပြန်လဲခိုင်းသည့်အခါ မကြည်သလိုမျက်နှာဖြင့်ကြည့်ရင်း ဆောင့်ဆောင့်အောင့်အောင့်နှင့် လဲပေးသွားသည်။ သူက ထွက်သက်ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ပြီး ခေါင်းခါရင်း ဆိုင်ကယ်အားစက်နှိုးကာ မောင်းထွက်လာလိုက်တော့သည်။

အခန်း(၃)

"ကို သီတင်းကျွတ်တော့မယ်နော်"

ညပိုင်း ကယ်ရီနား၍ ရေချိုးထမင်းစားပြီး အခန်းထဲတွင် သားနှစ်ယောက်ဆော့ကစားနေသည်ကို ထိုင်ကြည့်နေစဥ် မိန်းမဖြစ်သူ၏ အမေးစကားကြောင့် သူ လှည့်ကြည့်လိုက်သည်။

"ဟုတ်လို့လားကွာ။ အခုဘယ်လရောက်နေပြီလဲ"

"ငါ့ယောကျာ်းကလည်းကွာ။ ကိုယ့် ဗမာလတောင် ဘယ်လရောက်မှန်း မသိတော့ဘူးလား။ အခု သီတင်းကျွတ်လဆန်း ကိုးရက်ရှိပြီလေ"

ပြောရင်လည်း ခံရမည့်အခြေအနေပါပင်။ တစ်နေ့တစ်နေ့ ဆိုင်ကယ်တစ်စီး ခွစီးပြီး ဝမ်းစာရှာနေရ၍ ဘယ်ရက်၊ ဘယ်အခါ၊ ဘာလရောက်မှန်းပင် မသိနိုင်အောင်ဖြစ်နေရသည်။ ခပ်ပြုံးပြုံးဖြင့်သူ့ကို​အပြစ်ပြောနေသည့် ဇနီးသည်၏ မျက်နှာအား သူက ငေးငေးလေး စိုက်ကြည့်နေမိသည်။ သူမ သူ့ကိုတစ်ခုခုပြောချင်နေသည်ဟုလည်း စိတ်ကသိနေ၏။

"ကဲ ထားပါတော့။ သီတင်းကျွတ်ပြီဆိုတော့ မိန်းမက ဘာလုပ်ချင်လို့တုန်း"

လမ်းကြောင်းဖွင့်ပေးလိုက်သည့် စကားတို့၏နောက်တွင် ကျေးဇူးတင်ဟန်အပြည့်နှင့် ပီတိလွှမ်းသော အပြုံးတစ်မျိုးကို လှလှပပမြင်တွေ့လိုက်ရသည်။

"ယောကျ်ားတကယ်ပြောတာလား ဟင်"

" ဟုတ်တယ်လေ။ တကယ်ပြောနေတာပါ"

သူမက တွေးတွေးဆဆလေးဖြင့် စကားကို တစ်ခွန်းခြင်းဆိုလာသည်။

"ဒီဘက်လထဲမှာ စျေးထဲနဲ့ ရပ်ကွက်ထဲကဆိုင်တွေတော်တော်များများ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းကြတယ် ကိုရဲ့။ သူများတွေ ဝယ်နေတာတွေ့တော့ ဝယ်ချင်မိတယ်။ မိဘတွေကို မကန်တော့ရတာလည်းကြာပြီလေ။ နှစ်ဖက်မိဘတွေနဲ့ သားချင်းထဲက အကြီးအကဲတွေကို ဝါကျွတ်အမှတ်တရ လိုက်ကန်တော့ချင်တယ်။ ကလေးနှစ်ယောက်အတွက်လည်း အဝတ်သစ်လေးတစ်စုံစီလောက် လိုချင်မိတယ်"

ညှိုးငယ်စွာပြောနေရှာသည့် ဇနီးသည်အား စိုက်ကြည့်နေရင်း သူ့ရင်ထဲမှာလှိုက်ကနည်း ဖြစ်သွားမိသည်။ သူ့ဘဝထဲကို ဝင်လာခဲ့ပြီးမှ နွမ်းပါးရရှာသည့် သူမအား ပျော်စေချင်မိပါသည်။ သက်မမောကို မသိမသာခိုးချရင်း သူက ခေါင်းညိတ်ပြလိုက်သည်။

"အင်းလေ ဖြစ်ရမှာပေါ့ကွာ။ ကိုယ်အဆင်ပြေအောင် ဖန်တီးပေးပါ့မယ်။ အချိန်လည်းလိုသေးတာပဲဟာ။ မိန်းမစိတ်ချမ်းသာစေရမယ် ဟုတ်ပြီလား"

သူမစိတ်ချမ်းသာပါစေဆိုသည့်အတွေးက လတ်တလောအနေအထားကို ဖုံးအုပ်လွှမ်းခြုံထားသည်။ ထို့ကြောင့်လည်း သူမပျော်စေသည့် ကတိစကားအချို့ကို သူက အလွယ်ပင် ပေးလိုက်မိသည်။

"အင်းပါ။ အချိန်ကျလို့ ဝယ်နိုင်ရင် ကျေနပ်ပါပြီ။ ယောကျ်ားရှာဖွေလုပ်ကိုင်ရတာ မလွယ်မှန်းလည်းသိတော့ ညီမလည်း အစစအရာရာ ​ချွေတာပြီး သုံးပါတယ်"

"သိပါတယ်ကွာ။ မိန်းမကိုလိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးပြီး သူများတန်းတူမထားနိုင်လို့ ကိုယ်ကစိတ်မကောင်းဖြစ်နေတာပါ"

"စိတ်မကောင်းမဖြစ်ပါနဲ့ယောကျ်ားရယ်။ ဘဝဆိုတာဒီလိုချည်းတော့ မနေသေးပါဘူး။ မိန်းမလည်းတတ်နိုင်သလောက်တော့ ဒီတာဝန်တွေကို ဝိုင်းကူထမ်းပေးမှာပါ။ ကလေးကလည်း ငယ်သေးတယ်ဆိုပေမယ့် ကလေးထိန်းနဲ့အပ်ထားပြီး အထည်ချုပ်စက်ရုံဆင်းမလားလို့ တွေးမိတယ်။ တစ်ဖက်တစ်လမ်းက ဝင်ငွေပိုလာတာပေါ့နော်။ ကလေးထိန်းလစာလေးပေးပြီး လမ်းထဲက ဒေါ်နုကို ထိန်းခိုင်းလို့ရတယ်လေ။ သူများကလေးတွေလည်း ထိန်းပေးနေတာမြင်တယ် ကိုရဲ့။ သားကြီးကိုတော့ ဘေးအိမ်က မမငြိမ်းတို့ပဲ အကူအညီတောင်းပြီး ကြည့်ခိုင်းရင်ရမယ်ထင်ပါတယ်။ မမငြိမ်းကလည်း သားကိုချစ်တယ်လေ။ အမေတို့ကိုကြည့်ခိုင်းရင်လည်း ရမှာပါ"

သူက သူမပြောပြနေသည့်စကားများအား ငြိမ်ပြီးနားထောင်နေမိသည်။ အိမ်ထောင်တည်စကတည်းက အလုပ်လုပ်ရန်ပြောခဲ့သော်လည်း ငါပဲရှာကျွေးမည်ဆိုသည့် သူ၏ယောကျာ်းမာနကြောင့် သူမ အလုပ်မလုပ်ခဲ့ရပေ။ ထို့ကြောင့်လည်း ပတ်ဝန်းကျင်က "ဆန်မရှိ သောက်စားကြီးဟု" သမုတ်ခါ မသိမသာမေးငေါ့ကြသည်ကိုလည်း ခံရဖူး၏။ ယခုအချိန်မှာ သူနိုင်သလောက် အလုပ်လုပ်ပြီး ဝင်ငွေရှာလိုသည့်အတွေးက သင့်လျော်ပါသည်။ သို့သော်လည်း ကလေးများအား သူများနှင့်ထားရမည့်အရေးကို တွေးကြည့်ရပေမည်။ ပထမဆုံး သားငယ်ကိုနို့ဖြတ်ရမည်။ နောက် သားကြီးက ကျောင်းစတက်နေပြီဖြစ်၍ ရေချိုးဖြီးလိမ်းပေးဖို့လိုအပ်သည်။ အပို့အကြိုက သူပို့ပေး၍ရသော်လည်း အသေးစိတ်အိမ်မှာထိုင်ပြီး စီစဉ်ပေးရန်အတွက်က မဖြစ်နိုင်ပေ။ ဖြစ်လာမည့် အခက်အခဲအချို့အား ကြိုတင်စဉ်းစားမှရတော့မည်။

အခန်း(၄)

သီတင်းကျွတ်လပြည့်ရန် နှစ်ရက်သာလိုတော့သည်။ နံနက်​ငါးနာရီခွဲ မိုးလင်းစကတည်းက ဂိတ်လာထိုးထားသော်လည်း ယခုထိစျေးဦးမပေါက်သေးပါ။ ရာသီကပြောင်းစပြုချင်ပြီ ထင်ပါ၏။ တစ်ခါတစ်ခါ အရှေ့အရပ်မှ လေညင်းကလေးက တဖြူးဖြူးတိုက်ခတ်၍လာသည်။ နှင်းကျပြီဟု မခေါ်ဆိုနိုင်သေးသော်လည်း နှင်းမှုန်မြူမှုန်များကဲ့သို့ ဖြူလွှလွှဖြင့် မှုန်မှိုင်းမှိုင်းအခိုးအငွေ့လေးများက ခပ်ပါးပါးဝေဆိုင်းနေကြသည်။ မျက်လုံးနှစ်လုံးပွင့်သည်နှင့် စားဝတ်နေရေးအတွက် တစ်နေ့တာ၏ လှုပ်ရှားရုန်းကန်မှုများကို အစပြုကြရန်အတွက် ရပ်ကွက်အတွင်းရှိလူများသည် ဟိိုနားသည်နားမှ အရွယ်စုံ အရောင်စုံလှုပ်ရှားမှုမျိုးစုံဖြင့် မြို့ဆင်ခြေဖုံးရပ်ကွက်ငယ်တစ်ခုကို စတင်အသက်သွင်းလာသည်။ အရှေ့ဘက်အရပ်ဆီမှလည်း နေလုံးကြီးက တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ အရိပ်ကောင်းသည့် အုပ်ဆိုင်းဆိုင်းဗာဒံပင်တစ်ပင်အောက်တွင် ဆိုင်ကယ်ကိုဂိတ်ထိုးထားသောကြောင့် နေရောင်ခြည်သည် ဗာဒံပင်ကြီး၏ အရွက်များကြားမှ ပြောက်တိ​ပြောက်ကျား ထိုးကျနေသည်။ မိုး အားလျော့ပါးလာသည့်ရာသီဖြစ်သည့်အတွက် နေထွက်ချိန်တိုင်း နေရောင်တောက်တောက်ကို မြင်နေရသည့်ရက်များ ရှိလာခဲ့ပြီ။

သူသည် ဆိုင်ကယ်ဂိတ်တွင် ခပ်ငူငူထိုင်နေရင်း ခရီးသည်မျှော်နေမိသည်။ လကုန်ခါနီးရက်များဖြစ်၍ ကယ်ရီဆွဲ၍လည်း အဆင်မပြေလှပါ။ ဇနီးသည်အား လူကြီးမိဘများကို ကန်တော့ရန် ကတိပေးထားပါသော်လည်း ပိုက်ဆံက လုံလောက်အောင်မရရှိသေးပေ။ နှစ်ဘက်မိဘနှင့် ဦးကြီးဒေါ်ကြီးများအားလုံး ကန်တော့မည်ဆိုလျှင် ကိုးဦးတိတိရှိလေသည်။ စိတ်မှန်းဖြင့်တွက်ကြည့်သည့်အခါ တစ်ဦးစာအတွက် ရှစ်ထောင်ဆိုလျှင်ပင် ခုနှစ်သောင်းကျော်ခန့်ကျမည်ဖြစ်၏။ မိန်းမနှင့် ကလေးနှစ်ယောက်အတွက် အဝတ်အစားဖိုးပါတွက်လျှင် တစ်သိန်းဝန်းကျင်ရှိမှ လုံလောက်ပေမည်။ ရင်ပူလိုက်သည့်ဖြစ်ခြင်း။

"ဟေ့ကောင်ငသိန်း။ ဘာငိုင်နေတာလဲ။ ကယ်ရီခေါ်နေတယ်လေ။ မင်းအလှည့်မဟုတ်ဘူးလား"

စိတ်ညစ်ညစ်နှင့် တွေးချင်ရာတွေး ငေးချင်ရာငေးနေမိသောကြောင့် ကယ်ရီကိုယ့်အလှည့်ရောက်သည်ကိုပင် မသိလိုက်ပါ။ လှမ်းအော်လိုက်သည့် ကိုသန်းထိုက်ကို ရယ်ပြလိုက်ရင်း ခရီးသည်ဘက်ကို မျက်နှာမူကာ အချိုသာဆုံးပြုံးပြ၍ ခရီးဦးကြိုလိုက်မိသည်။

"ဘယ်သွားမှာလဲ အစ်မ"

"လှော်ကားဥယျာဉ်ဘက်သွားမလို့ ဘယ်လောက်ပေးရမလဲ"

ဆွဲခြင်းတစ်လုံး၊ ခရီးဆောင်အိတ်တစ်လုံး စာရွက်စာတမ်း ဖိုင်အိတ်ကလေးတစ်လုံးနှင့် ခရီးသည်အမျိုးသမီးက စျေးမေးလာသည်။

"လှော်ကားဥယျာဉ်ဝန်းကျင်တွေဆိုရင်တော့ လေးထောင်ယူပါတယ်အစ်မ"

"မလျှော့တော့ဘူးလား။ သုံးထောင်ထားပါလား "

"မရပါဘူးအစ်မရယ်။ စျေးမှန်ပဲပြောတာပါ။ အားလုံးလိုက်မေးကြည့်ပါ။ လိုတာထက်ပိုမတောင်းပါဘူး။ "

"ကဲ ဟုတ်ပါပြီ သွားမယ်"

ကယ်ရီခစျေးပြော၍ အဆင်ပြေသောကြောင့် ပစ္စည်းများအား ဆိုင်ကယ်ပေါ်ယူတင်ပေးကာ ခရီးသည်ကိုတင်၍ မောင်းထွက်လာခဲ့တော့သည်။ ခရီးကအလှမ်းဝေးကာ အချို့နေရာများမှာ လမ်းဆိုးလှသဖြင့် ဆိုင်ကယ်ကို အထူးဂရုစိုက်၍မောင်းနေရသည်။

"ကယ်ရီဆွဲရတာ အဆင်ပြေလား။ တစ်နေ့ဘယ်လောက်ရလဲ။ "

ဆိုင်ကယ်စီးရင်း ခရီးသည်အမျိုးသမီးက စကားပြောလာ၏။

"ပုံမှန်တော့ မရှိပါဘူးအစ်မရာ။ တစ်နေ့ကိုတစ်သောင်းကျော်ရင်လည်းကျော်တယ်။ ခုနှစ်ထောင်ရှစ်ထောင်ရတဲ့အခါလည်းရတယ်။ အမှန်မရှိဘူး အစ်မရဲ့"

"မိသားစု ဘယ်နှစ်ယောက်ရှိလဲ။ လောက်ငှရဲ့လား "

"လောက်တယ်ဆိုရုံပါအစ်မရာ။ တစ်ခါတလေ ဆိုင်ကယ်ပျက်လို့ပြင်ရရင် အသားထဲက ပါသေးတာ"

"အေးလေ ခေတ်ကာလအနေအထားကိုက အစစအရာရာ ကြပ်တည်းရှားပါးနေကြတာကိုး။ လူတိုင်းပါပဲဟယ်။ တို့တွေလည်းဒီလိုပါပဲ အမြဲရုန်းကန်နေရတာပါ"

အင်း... တစ်ကိုယ်လုံး ရွှေများညွှတ်အိနေအောင် ဝတ်ထားသောသူတို့က ယခုလိုညည်းနေပြီဆိုမှတော့ ကိုယ်လိုလူမျိုးများအတွက် ဘာပြောရမှန်းပင်မသိတော့ပါဟု သူကတွေးမိလိုက်သည်။ ထို့ကြောင့်လည်း ဘာမှပြန်မပြောတော့ဘဲ ဆိုင်ကယ်ကိုသာ ဂရုစိုက်၍ မောင်းနေမိတော့သည်။ မကြာခင် သီတင်းကျွတ်တော့မည့်ရက်ကိုတွေးမိတိုင်း ရင်ထဲမှာမီးတောက်နေရ၏။

"နင့်မှာ ဖုန်းရှိလား "

"ဟုတ် ရှိတယ်အစ်မ"

"နင့်ဖုန်းနံပါတ်ပေးထားလေ။ ငါက အလုပ်ကိစ္စနဲ့ မကြာမကြာ နင်တို့ရပ်ကွက်ကိုလာရတယ်။ တစ်ခါလာရင် နှစ်ရက်သုံးရက်ကြာတယ်။ လိုအပ်ရင်ဖုန်းခေါ်လိုက်မယ်လေ။ ရတယ်မဟုတ်လား"

ရုတ်တရက် ဖုန်းနံပါတ်ထတောင်းပြီး နောင်အချိန်ခရီးစဉ်များအတွက် ဖောက်သည်ဖြစ်ဖို့စကားများပြောလာသောကြောင့် သူက ကြိတ်၍ဝမ်းသာသွားမိသည်။ သူတို့ကယ်ရီသမားများအတွက် ခရီးဝေးသွားသည့် ပုံမှန်ဖောက်သည်ရဖို့ဆိုသည်မှာ ရှားပါးသည့်အခွင့်အရေးပင်ဖြစ်သည်။

"ရတယ်အစ်မ ၀၉******** ပါ။ လိုအပ်တဲ့အချိန်ခေါ်လိုက်ပါ"

သူမက အိတ်ထဲမှဖုန်းကိုထုတ်ပြီး လက်တစ်ဖက်ဖြင့် နှိပ်ခေါ်နေသည်။ သူ့ဖုန်းကလေးမှမြည်သံထွက်လာသောအခါ ပြန်ချလိုက်ရင်း

"ငါ့ဖုန်းလည်း မှတ်ထားလိုက်ပေါ့။ နင့်ဖုန်းကမှတ်လို့လွယ်လား"

"ရတယ်အစ်မ။ ကျွန်တော်မှတ်ထားလိုက်မယ်"

"ဒီဘက်ခေတ်မှာ အစစအရာရာ သတိထားနေရတယ် ငါ့မောင်ရေ။ ခေတ်ကမကောင်းသလို လူတွေကလည်း ရိုးသားမှုတွေ အားနည်းလာတယ်လေ။ ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းတွေက နေရာတိုင်းမှာ ပလူပျံနေတာ။ အဲ့ဒါကြောင့် ဆိုင်ကယ်ကယ်ရီစီးရင်တောင် တွေ့ကရာလူ မငှားရဲဘူး။ ကိုယ်သိနေတဲ့လူမှ စိတ်ထဲမှာလုံခြုံတယ်လို့ ခံစားရတယ်"

"အဲဒါတော့ အတူတူပဲအစ်မရေ။ ကျွန်တော်တို့ ကယ်ရီသမားတွေမှာလည်း အဲ့လိုပဲ။ လာငှားတိုင်းမလိုက်ရဲကြဘူး။ အထူးသဖြင့် မျက်နှာစိမ်းတွေ ခရီးဝေးငှားတဲ့အခါမျိုးတွေ၊ ညကြီးမိုးချုပ် အချိန်မရှိလာငှားတာမျိုးတွေဆို စိတ်မချလို့ငြင်းလိုက်ရတာတွေရှိတယ်။ တစ်ခါဆို လူကိုဓားနဲ့ထိုးပြီး ဆိုင်ကယ်ယူပြေးသွားတာတောင် ကြားလိုက်ရသေးတယ်။ ကျွန်တော်တို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ဖြစ်သွားတာအစ်မရဲ့"

စကားတပြောပြောဖြင့် မောင်းလာရင်း လှော်ကားဥယျာဉ်ဝန်းကျင်သို့ ရောက်လာကြသည်။ ဤနေရာသည် သစ်တောနှင့်ခြုံများထူထပ်လွန်းပြီး လူနေအိမ်လည်း မရှိသောလမ်းဖြစ်သည်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို ဤနေရာဝန်းကျင်တွင် လုယက်မှုနှင့် အခြားပြဿနာများဖြစ်လေ့ရှိ၏။ ခရီးသည်အမျိုးသမီးလည်း ဤနေရာရောက်သောအခါ စိုးရိမ်စိတ်ဝင်လာသည် ထင်ပါ၏။ စကားပြောသံပါ တိတ်သွားတော့သည်။

"တူ တူ တူ တူ "

တိတ်ဆိတ်စွာ ဆိုင်ကယ်စီးလာချိန် ဖုန်းမြည်သံက ရုတ်တရက် အသက်ဝင်လှုပ်ရှားမှုအား အစပြုပေးလိုက်တော့သည်။ သူက ဆိုင်ကယ်ကို လမ်းဘေးတစ်နေရာတွင် ခဏထိုးရပ်၍ ဖုန်းကိုင်လိုက်သည်။

"ဟလို ကိုလား "
"အေး ဟုတ်တယ်မိန်းမ။ ပြောလေ။ ဘာကိစ္စလဲ။ "

ဖုန်းထဲတွင် သူ့ဇနီး၏အသံသည် တစ်ခုခုအား စိုးရိမ်သည့်အသံပါနေသည်ဟုခံစားလိုက်ရ၏။ သူစိတ်ပူသွားမိသည်။ ဆက်သည့်ဖုန်းကလည်း ဘေးအိမ်မှ မမငြိမ်း၏ဖုန်း ဖြစ်၏။

"ကို သားကြီး ရုတ်တရက်နေမကောင်းဖြစ်လို့ ဆေးခန်းသွားရတယ်။ မမငြိမ်းလည်း အဖော်လိုက်လာတယ်။ အခု ဆေးခန်းကနေဆက်တာ "

"ဘာဖြစ်တာလဲ သားကြီးက မနက်ကတောင်အကောင်းကြီးပါ"

"ကို သတိမထားမိတာပါ။ ညလယ်လောက်ကတည်းက အသားလေးတွေ ပူစပ်စပ်နဲ့ မိုးလင်းတော့လည်းသိပ်မလန်းဘူး။ အခုနကတော့အန်တယ်။ ခေါင်းမူးတယ်လည်းပြောတယ်။ ခေါင်းမထူဘူး။ အဲဒါကြောင့် မိန်းမလည်း ဘာလုပ်ရမှန်းမသိတာနဲ့ မမငြိမ်းကိုအကူအညီတောင်းပြီး ဆေးခန်းလာလိုက်တာ ကိုရေ"

"အေးအေး ခုခရီးသည် လိုက်ပို့နေလို့။ ပို့ပြီးတာနဲ့ချက်ချင်းပြန်လာခဲ့မယ်"

"ဘာဖြစ်တာလဲ ငါ့မောင်။ ဘာကိစ္စအရေးကြီးလို့လဲ"

" ကျွန်တော့်သားအကြီးလေး နေမကောင်းဖြစ်လို့တဲ့အစ်မရေ။ အခုဆေးခန်းသွားပြရတယ်တဲ့။ အဲဒါလှမ်းဖုန်းဆက်တာပါ။ အစ်မကိုပို့ပြီးတာနဲ့ ကျွန်တော်တန်းပြန်မှရမယ်"

"အော် ဖြစ်ရလေဟယ်။ စိတ်မကောင်းပါဘူး။ အစ်မကိုပို့ပြီးအမြန်ပြန်လိုက်ပါ "

ကရုဏာသက်စွာပြောလာသည့် ခရီးသည်အစ်မအား ဘာမှပြန်မပြောဖြစ်တော့ဘဲ စိတ်ညစ်ညူးစွာဖြင့် ဆိုင်ကယ်ကိုသာ ဆက်မောင်းလာခဲ့မိတော့သည်။ သီတင်းကျွတ်လူကြီးမိဘများအားကန်တော့ရန် လိုအပ်နေသည့်အထဲ ကလေးက နေမကောင်းထဖြစ်ရပြန်သည်။ ဆိုးလိုက်သည့်ဘဝကံရယ်ဟုသာ ရင်နာနာနှင့် တွေးလိုက်မိသည်။ သိပ်မကြာခင်လေးမှာပဲ ဥယျာဉ်အလွန်ရှိ သူမဆင်းမည့်နေရာသို့ရောက်သည်။

ခရီးသည်အစ်မက ဆိုင်ကယ်ပေါ်မှဆင်းပြီး ခရီးဆောင်အိတ်ကို ဆိုင်ကယ်နောက်ပိုင်းတွင်ခဏတင်ကာ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံနှိုက်နေသည်။ အိတ်အတွင်းတွင် ငွေစက္ကူများကိုအထပ်လိုက် မနည်းမနောမြင်နေရ၏။ သူတို့တွေကျတော့လည်း ပေါများလိုက်တာဟု တွေးလိုက်မိရင်း မင်သက်အံ့သြစွာ တစ်ချက်ငေးကြည့်လိုက်မိသည်။ တဆက်တည်းမှာပဲ သားကြီးဆေးခန်းသွားတာ ပိုက်ဆံဘယ်လောက်များကုန်ဦးမှာပါလိမ့်ဟု စိတ်ပူစွာတွေးလိုက်မိသည်။ သူက လေပူတစ်ချက်မှုတ်ထုတ်ကာ အကြည့်ကို အဝေးဆီသို့ ပို့ထားလိုက်၏။ သူများတမျိုးမြင်သွားမှာ အထင်သေးသွားမှာမျိုး မဖြစ်စေလိုပါ။

"ရော့ မောင်လေး ငါးရာပိုယူလိုက်။ ဆိုင်ကယ်လည်း သတိနဲ့မောင်းသွားဦး။ သားသမီးဇောနဲ့ အရမ်းလည်း မောင်းမသွားနဲ့နော်"

"ကျေးဇူးပါအစ်မရေ ဂရုစိုက်သွားပါနော် "

သူကကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။ တစ်ထောင်တန်လေးရွက်နှင့် ငါးရာတန်တစ်ရွက်ကို အထပ်လိုက်ကမ်းပြေးပြီး အိတ်တစ်ဖက်၊ ဆွဲခြင်းတစ်ဖက်၊ ဖိုင်အိတ်ကိုလည်းချိုင်းကြားညှပ်လျက်ဖြင့် မနိုင်မနင်းထွက်ခွာသွားသော ခရီးသည်အမျိုးသမီး၏ကျောပြင်အား တွေတွေငေးငေးဖြင့် မျက်စိတစ်ဆုံးကြည့်နေမိသည်။ သူ့စိတ်ထဲမှလည်း "သဘောကောင်းလိုက်တာ ဟိုတစ်နေ့ကမိန်းမကြီးနဲ့များ ဘာမှမဆိုင်ဘူး" ဟု မှတ်ချက်ချလိုက်သေး၏။

ထို့နောက် ဆိုင်ကယ်အားစက်နှိုးပြီး လှည့်ထွက်မည်အပြု မြေပြင်ပေါ်တွင် တစ်စုံတစ်ခုကို တွေ့လိုက်ရ၍ ဆိုင်ကယ်အားဒေါက်ထောက်ကာ ဆင်းကြည့်လိုက်သည်။ ဟန်းချိန်းတစ်ကုံးဖြစ်နေသည်။ ရွှေရောင်ဝင်းနေသောကြောင့် ရွှေဟန်းချိန်းဖြစ်နိုင်သည်ဟု ခန့်မှန်းမိသည်။ မျက်စိကစား၍ ဝန်းကျင်အားအကဲခတ်ကြည့်သည်။ မည်သူမှရှိမနေပါ။ တုန်ရင်သောလက်ဖြင့် ဆတ်ကနည်းကောက်ယူလိုက်သည်။ ရုတ်တရက် စိတ်ထဲမှာ ခရီးသည်အစ်မများ ကျခဲ့တာလားဟုတွေးလိုက်မိသည်။ သူမရပ်ပြီး ပိုက်ဆံနှိုက်သည့်နေရာတွင် ဖြစ်နေသောကြောင့်ပင်။

သူသည် ဟန်းချိန်းလေးအား ကောက်ယူဆုပ်ကိုင်ထားပြီး
"ရွှေသာဖြစ်ခဲ့လျှင်တော့ လတ်တလောအခက်အခဲကို အဆင်ပြေသွားနိုင်တယ်" ဆိုသည့်မွန်းကြပ်မှုများအတွက် ယာယီစိတ်ဖြေရာ ထွက်ပေါက်အတွေးကတစ်မျိုး၊ "အို ဘာပဲဖြစ်ဖြစ်ကွာ။ ငါနဲ့ထိုက်လို့ ငါရတာပဲလေ။ သူများတွေ့ရင် သူများရသွားမှာ ဘယ်သူ့မှမပေးနိုင်ဘူး" ဆိုသည့် လောဘဦးစီးသည့်အတွေးကလည်းတစ်နည်း၊ "ခရီးသည်အစ်မကြီးအား ဖုန်းဆက်ပြီးမေးကြည့်လိုက်ရင်ကောင်းမလား"ဆိုသည့် သမ္မာဒိဋ္ဌိဆန်သည့် အတွေးကတစ်ဖုံ။

အတွေးမျိုးစုံက သူ့စိတ်အားလွန်ဆွဲပြိုင်ပွဲအတွင်း တွန်းပို့ပေးနေကြ၏။ ဇဝေဇဝါစိတ်များ ကူးခတ်လူးလာနေကြချိန်ဝယ် မောဟက မသိမသာဖုံးလွှမ်းလာမှုကြောင့် ဇောချွေးများပါ ထွက်လာသည်။ ဟန်းချိန်းလေးအား လက်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ဆေးခန်းရောက်နေသော သားကြီးနှင့် ဇနီးမျက်နှာအား မြင်ယောင်လိုက်မိသည်။ သီတင်းကျွတ်လပြည့်နေ့ညနေပိုင်းတွင် လူကြီးမိဘများအား လိုက်ကန်တော့နေသည့် မိသားစု၏ပုံရိပ်လေးကိုလည်း မြင်ယောင်မိသည်။ ထို့နောက် ဟန်းချိန်းကို အင်္ကျီအိတ်ကပ်အတွင်းသို့ထည့်ကာ ဆိုင်ကယ်အား မောင်းထွက်လာခဲ့တော့၏။

အခန်း(၅)

အချိန်သည် ညဉ့်ဆယ့်တစ်နာရီထိုးပြီဖြစ်ကြောင်း လမ်းထိပ်ကင်းတဲမှ သံချောင်းခေါက်သံကြောင့် သိလိုက်ရသည်။ မီးပျက်နေသည့်အတွက် တစ်ရပ်ကွက်လုံးမှောင်နေ၏။ အခန်းတွင်းရှိ ဖယောင်းတိုင်မီးရောင် မှိန်မှိန်အောက်တွင် မိသားစုလေးယောက်မှာ ပုံစံတစ်မျိုးစီဖြင့် ငြိမ်သက်နေကြသည်။ သားငယ်လေးသည် သူ့မိခင်၏ရင်ခွင်ထဲတွင် နို့စို့တန်းလန်းဖြင့် အိပ်ပျော်နေသည်။ သူ့ဇနီးက သားငယ်အားနို့တိုက်လျက်ဖြင့် သူနှင့်သူမအကြားတွင်ထွန်းထားသော ဖယောင်းတိုင်အနီး ကြမ်းပြင်ပေါ်ရှိ ဟန်းချိန်းလေးအား စိုက်၍ကြည့်နေသည်။ သားကြီးက သူ့အမေနှင့် မနီးမဝေးတွင် ပါဝါရိန်းဂျားအရုပ်ကလေးအား လက်ကကိုင်လျက်သားဖြင့် အိပ်ပျော်နေရှာသည်။
အိမ်ရှေ့ဘက်မှ တစ်ချက်တစ်ချက် လေတိုက်လိုက်မှုကြောင့် ဖယောင်းတိုင်မီးသည် မသေ့တသေဖြစ်သွားတတ်သေး၏။ သူက ဖယောင်းတိုင်အား မမြင်ဘူးသည့် အရာဝတ္ထုတစ်ခုကဲ့သို့ စိုက်၍ကြည့်နေသည်။ မီးရောင်၏ လှုပ်ခတ်ကစားမှုကြောင့် ထင်ပါ၏။ ဟန်းချိန်းကလေးသည် အရောင်တလက်လက်ဖြင့် မျက်စိအမြင်တစ်မျိုးဖြစ်နေသည်။ ရုတ်တရက် အိမ်ခန်းရှေ့လမ်းမမှ ခွေးနှစ်ကောင် ရန်စောင်ဟိန်းဟောက်နေသည့်အသံကျယ်ကျယ်ကြောင့် သူ့ဇနီးရင်ခွင်ထဲမှာ အိပ်ပျော်နေသောသားငယ်သည် လူးလွန့်၍သွား၏။ သူမက သားငယ်မနိုးစေရန် ကျောပြင်အားပွတ်သပ်ကာချော့သိပ်နေပြန်သည်။

"ကိုယ်ပေးထားတဲ့ပိုက်ဆံက ဘယ်လောက်ကျန်သေးလဲ"

အရင်ရက်က ဆိုင်ကယ်ဆွဲ၍ရသည့် ငွေပိုလေးများအား သီတင်းကျွတ်အတွက် ကန်တော့ပစ္စည်းဝယ်ရန်ဟုဆိုကာ ပေးထားသည်က်ို မေးကြည့်မိသည်။

"အားလုံးဆို ငါးသောင်းကျော်ရှိတာ။ အခု သားကနေမကောင်းထဖြစ်တော့ တစ်သောင်းဝန်းကျင်လောက်ပဲ့သွားတာပေါ့ ကိုရယ်"

"လူကြီးတွေကန်တော့မယ့် ပစ္စည်းက စျေးစုံစမ်းကြည့်သေးလား။ ဘယ်လောက်ကျမလဲ"

"အသက်သာဆုံးတောင် လေးထောင်ဝန်းကျင်ရှိတယ် ကို။ အမွှေးတိုင်၊ ဖယောင်းတိုင်ပါထည့်တွက်ကြည့်တာနော်"

"သားကို ဆေးခန်းပြန်ချိန်းတာက ဘယ်နေ့လဲ"

"သက်သာရင်လည်း မလာတော့နဲ့တဲ့။ မသက်သာရင်တော့ သန်ဘက်ခါပြန်လာခိုင်းတယ် "

"ကိုယ်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒီဟာကိုရောင်းလိုက်မလား"

အသံတိုးတိုးဖြင့် သူမဆန္ဒအားမေးကြည့်မိသည်။ သူမမျက်လုံးများသည် ဖယောင်းတိုင်မီးမှိန်မှိန်ကဲ့သို့ပင် ဖျော့တော့လွန်းသည်ဟု ထင်မိသည်။

"ကိုယ်ကောက်ရတာလည်းမှန်တယ်။ ရွှေအစစ်ဆိုတာလည်း စစ်ပြီးပြီ။ ဒါပေမယ့်ကို အဲ့ဒီ့ပစ္စည်းက ဟိုအစ်မပစ္စည်းဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ အခုထိသူ့ဘက်က ဖုန်းဆက်မေးမလာဘူးဆိုပေမယ့် သူတကယ်ဆက်လာခဲ့ရင် ကို ဘယ်လိုဖြေမလဲ"

မိုးငွေ့ပါသည့်လေက ခမ်ကြမ်းကြမ်းတစ်ချက်တိုက်လိုက်သောကြောင့် ဖယောင်းတိုင်မီး ငြိမ်းသွားတော့သည်။ မှောင်ထဲတွင် မီးခြစ်ကိုလိုက်စမ်းပြီး ဖယောင်းတိုင်အားပြန်ထွန်းရန် လုပ်သည်။ လေကဆက်တိုက်နေသောကြောင့် တော်တော်နှင့်ထွန်းမရနိုင် ဖြစ်နေ၏။

"တောက် လေကလည်းကွာ။ တံခါးပိတ်ထားတာတောင် ဘယ်ကဝင်နေလဲမသိဘူး"

သူက ဖယောင်းတိုင်အား လက်နှင့်ကာ၍ တစ်ကိုယ်တည်း ညည်းပြောပြောလိုက်သည်။ နက်သထက်နက်လာသည့် ညအ လယ်မှာ အိပ်ချင်စိတ်များက ကြက်​ပျောက်ငှက်ပျောက် ဖြစ်နေကြ၏။

"ပြောလေ ကို ဘယ်လိုလုပ်ချင်သလဲလို့"

"မပြောတတ်တော့ပါဘူးကွာ။ စိတ်အရမ်းရှုပ်နေတာပဲသိတော့တယ်"

"အခုနေရောင်းရင် ဘယ်လောက်ရနိုင်မလဲ ယောကျာ်း"

"နေ့လယ်က ရွှေဟုတ်မဟုတ်စစ်ရင်းနဲ့ မေးကြည့်တော့ သုံးသိန်းဝန်းကျင်ရမယ်လို့ပြောတယ် "

သုံးသိန်းဆိုသည့်စကားကြားရသည့်အခါ ဇနီးသည်၏မျက်ဝန်းများသည်ရုတ်တရက်ဝင်းလက်သွားမလားဆိုသည့်အတွေးဖြင့် သူမကို လှမ်းကြည့်လိုက်သည်။ ဟုတ်ပါသည်။ သူမက သည်လက်စွပ်ကို ရောင်းစေချင်နေတာ
ပဲ ဖြစ်မှာပါဆိုသည့် ကိုယ့်အတွေးကို သူမ၏တန်ပြန်အကြည့်က ဖျက်ဆီးပစ်သလို ခံစားလိုက်ရ၏။

"မဟုတ်ဘူး သူကဖြူစင်လွန်းနေပါလား၊
ဒါဆို ငါ့ရဲ့စိတ်တွေကကော ပုံမှန်ဖြစ်သေးရဲ့လား"

အတွေးက သူ့ကို စကားတွေအများကြီးပြောလာသည်။ သူမ ပြန်ပြောလာမည့်စကားများအား ရင်တထိတ်ထိတ်နှင့် နားစွင့်နေမိသည်။ သူမဘာပြောမလဲ။ သူမဘာ​ပြောမှာလဲ။ သူမဘာပြောလိုက််မလဲ။ သူကတော့ စိုးရိမ်မှုလား။ ဖြစ်စေချင်တာလား။ ဘာကိုမျှ မခွဲခြားနိုင်သည့်အဖြစ်မျိုး ဖြစ်လာသည်အထိ စိတ်ဖိစီးမှုကို ခံစားလာရသည်။ သို့သော် သူမမျက်ဝန်းများက ကြည်လင်နေ၏။ သူ့ကို သူမကပြန်ပြီးစိုက်ကြည့်သည့် ထိုအကြည့်တို့တွင်အဓိပ္ပါယ်များစွာပါနေသည်။

"ကို မဆုံးဖြတ်နိုင်ဘူးမို့လား။ ညီမပဲဆုံးဖြတ်ပေးလိုက်မယ်။ ကို လက်ခံမလား"

သူက အလျင်အမြန်ပင် ခေါင်းညိတ်ပြလိုက်မိသည်။

"မိုးလင်းတာနဲ့ အဲ့အစ်မဆီကို ဖုန်းဆက်မေးလိုက်ပါကို။ သူ့ပစ္စည်းမှန်ရင် သူလည်းဒီအချိန်လောက်ဆို သောကရောက်နေရှာမှာပဲ။ ပိုင်ရှင်မဟုတ်တဲ့ ညီမတို့တွေတောင် ကိုယ့်လက်ကနေ ပြန်ထွက်သွားမှာကို နှမြောနေမိသေးတာ။ တကယ်ပိုင်ရှင်အစစ်ဆိုရင် ဘယ်လိုနေမလဲ။ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာမိပါတယ်။ သူ့ပစ္စည်းဟုတ်ရဲ့သားနဲ့ သူ့ဘက်ကဖုန်းဆက်မလာဘူးဆိုရင်လည်း အကြောင်းတစ်ခုခုကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်ဘက်ကပဲ မေးလိုက်ပါ ကိုရယ်။ ဟုတ်လည်း ဒီ့ထက်မဆင်းရဲသလို မဟုတ်ရင်လည်း ထူးခြားပြီး ချမ်းသာမလာနိုင်ပါဘူး ။ နေ့စဉ်စားရတဲ့ထမင်းတစ်လုတ် ဝမ်းထဲကို အသန့်ရှင်းဆုံးဝင်စေချင်တယ်။ ယောကျာ်းရယ် စိတ်မကောင်းလည်း ဖြစ်မနေပါနဲ့။ ဒီနှစ်သီတင်းကျွတ် မကန်တော့ရလည်း နောင်နှစ်တော့ ကန်တော့ရမှာပါ ။ ကိုယ်တွေက ဘဝပေးကုသိုလ်နည်းခဲ့တာကိုး။ နေတတ်အောင်နေဖို့ပဲ ကြိုးစားကြတာပေါ့နော်။ စိတ်မကောင်းလည်းဖြစ်မနေနဲ့သိလား"

စကားတွေအများကြီးပြောပြီး ရုတ်တရက်ရပ်တန့်ကာ သူ့ကိုကြည့်လာသည့် ဇနီးသည်အား လေးစားမြတ်နိုးမှုဖြင့် တန်ပြန်ပြီး ကြည့်မိသည်။ သူမ၏ အသိစိတ်ဓာတ်အား ကြိတ်၍ချီးကျူးမိသည်။ သူက ဘာစကားတစ်ခွန်းမှ ပြန်မပြောဖြစ်ဘဲ အခန်းရှေ့တံခါးမကြီးအပြင်ဘက်သို့သာ ငေးကြည့်နေမိတော့သည်။ ထို့နောက် အချိန်လည်းလင့်နေပြီဖြစ်သောကြောင့် သားနှစ်ယောက်အား အိပ်ရာထဲတွင်နေရာချကာ အိပ်ရာဝင်ခဲ့ကြတော့သည်။

အခန်း(၆)

"အိမ်ရှင်တို့" "အိမ်ရှင်တို့"

နေ့လယ်ပိုင်းထမင်းစားအပြန် ထမင်းဝိုင်းတွင်ထိုင်စားနေတုန်း အိမ်ရှေ့မှခေါ်သံကြောင့် အပြင်သို့လှမ်းကြည့်လိုက်သည်။ သူတို့အိမ်ခန်းအား လှမ်းကြည့်၍ ခေါ်နေခြင်းဖြစ်ပြီး မနေ့ကလှော်ကားဥယျာဉ်ကို ငှားသွားသည့် အစ်မဖြစ်နေ၏။ မိန်းမကို ထိုအမျိုးသမီးဖြစ်ကြောင်း မျက်ရိပ်ပြလိုက်ပြီး အိမ်ရှေ့ဘက်လှည့်၍ ခရီးဦးကြိုလိုက်သည်။

"ဗျိုး ရှိတယ်အစ်မရေ။ ဝင်လာခဲ့လိုက်ပါ"

ခရီးသည် အမျိုးသမီးသည် ရယ်ရယ်ပြုံးပြုးဖြင့် သူတို့အခန်းအတွင်းသို့ ဝင်လာခဲ့သည်။

"ငါ့မောင်ရေ.. မနေ့က နင့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာတော့မှန်တယ်။ ဒါပေမယ့် စိတ်လောသွားလို့ ဖုန်းကွန်တင့်ထဲမှာ မထည့်လိုက်မိဘူး။ အိမ်က ကလေးတွေကလည်း ဘာတွေလိုက်နှိပ်ထားမှန်း မသိဘူး။ အားလုံးပျောက်ကုန်ရော။အဲဒါနဲ့ပဲ ဖုန်းကို ဆိုင်သွားပြလိုက်ရတယ်။ နင့်ကို ဖုန်းဆက်ချင်ပေမယ့် ဆက်လို့မရခဲ့ဘူး။ အဲဒါကြောင့် နင့်အိမ်ကိုမေးမြန်းပြီး လူကိုယ်တိုင်လိုက်လာခဲ့ရတာ ငါ့မောင်ရေ"

သူသည် စားလက်စထမင်းအားရပ်တန့်၍ ခရီးသည်အမျိုးသမီးဘက်လှည့်ကာ မေးလိုက်သည်။

"ဘာအကြောင်းရှိလို့လဲ အစ်မ။ ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ပြောရရင်တော့ နည်းနည်းရှည်တယ် ငါ့မောင်ရယ်။ အရင်နေ့က မင်းတို့ရပ်ကွက်ထဲက ဟန်းချိန်းတစ်ကုံး အပေါင်ခံလာတယ်လေ။ ပြီးတာနဲ့ နင့်ကို ကယ်ရီခေါ်ပြီး ငါပြန်လာတာ။ အဲဒီ့ဟန်းချိန်းကိုလည်း ပိုက်ဆံအိတ်ထဲမှာပဲ ထည့်ခဲ့တယ်။ ဒါပေမယ့် အိမ်ရောက်လို့အပေါင်ပစ္စည်း စာရင်းသွင်းဖို့ကြည့်လိုက်တော့ ဟန်းချိန်းက မရှိတော့ဘူး။ အဲဒီတော့ ငါစဥ်းစားကြည့်တယ်။ ဒီပိုက်ဆံအိတ်က ပစ္စည်းထည့်ပြီး ဇစ်ပိတ်လာကတည်းက ဘယ်နေရာမှာမှ မဖွင့်ခဲ့ဘူး။ နင်တို့ကယ်ရီဂိတ်ကိုရောက်လာပြီး ကယ်ရီစီးတဲ့အချိန်အထိပေါ့လေ။ အဲဒါကိုတော့ ငါကောင်းကောင်းမှတ်မိတယ်။ နင့်ကိုပိုက်ဆံပေးတဲ့အချိန်မှာပဲ ဖွင့်တယ်။ ဒီစကားတွေပြောလို့ နင့်ကို ဟိုဟိုဒီဒီ စွပ်စွဲနေတာ မဟုတ်ဘူးနော်။ အဖြစ်မှန်ကိုပြောပြနေတာ"

သူ၏ ရင်ဘတ်များသည် တဒိုင်းဒိုင်းခုန်လျက် စားလက်စထမင်းပန်းကန်အား လက်ကလည်းနှိုက်လျက်သားဖြင့် ခရီးသည် အမျိုးသမီး၏ မျက်နှာကို သတိလက်လွတ်ဖြင့် ခပ်ငေးငေး ကြည့်နေမိသည်။

"အဲဒါနဲ့ နင့်ကိုကယ်ရီခပေးတဲ့အချိန်မှာ မတော်တဆများ ထွက်ကျခဲ့လေသလား၊ နင်များ တွေ့မိလိုက်သေးလားဆို​ပြီး တွေးမိလို့ လာမေးကြည့်တာ ငါ့မောင်ရေ၊ အဲ့ဒီနေရာလေးကိုလည်း ငါသွားရှာကြည့်လိုက်သေးတယ်၊ မတွေ့ခဲ့ပါဘူးဟာ"

သူမ မေးခွန်းက စိတ်ပျက်လက်ပျက်နှင့် ဇဝေဇဝါနိုင်လှသည်။ စားလက်စ ထမင်းပန်းကန်အား အသာထား၍ လက်ဆေးကာ ခရီးသည်အမျိုးသမီးဘက်သို့ လှည့်လိုက်သည်။ ရုတ်တရက် မည်သည့်စကားမှ ပြောမထွက်ခဲ့ပေ ။ သို့သော်လည်း ပြောမှဖြစ်မည့်စကားများဖြစ်သောကြောင့် ခရီးသည်အမျိုးသမီးအား ပြောပြလိုက်သည်။

"ဟုတ်တယ်အစ်မ။ ကျွန်တော် ဟန်းချိန်းတစ်ကုံးကောက်ရခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်အစ်မဆီကို ဖုန်းဆက်ဖို့ သတိမရခဲ့ဘူး။ ဒီဟန်းချိန်းကိုကောက်ရတဲ့အချိန်မှာ အစ်မပစ္စည်း ဟုတ်မဟုတ်ဆိုတာလည်း ကျွန်တော် မဆုံးဖြတ်နိုင်ဘူး။ ပြီးရင် အစ်မ ကြားပါတယ်။ ကျွန်တော့် မိန်းမက သားနေမကောင်းလို့ဆိုပြီး ဖုန်းဆက်နေတာ။ လတ်တလောအနေအထားအရ ကျွန်တော့်စိတ်မှာ ကျွန်တော့်မိသားစုကပဲ လွှမ်းခြုံထားတယ်။ ကျွန်တော် ကောက်ရထားတာလည်း မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော် အစ်မဖုန်းနံပါတ်ကို မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ကျွန်တော့်ဘက်ကစပြီး ဖုန်းမခေါ်ဘူးလို့လည်း ဆုံးဖြတ်ထားတယ်။ ကျွန်တော်ကလည်း တွေးမိတယ်။ ဒီပစ္စည်းဟာ အစ်မပစ္စည်းမှန်ရင် အစ်မဘက်ကစပြီး ဆက်သွယ်လာလိမ့်မယ်လို့လည်း ထင်တယ်လေ။ တကယ်လို့ အစ်မပစ္စည်းမဟုတ်ခဲ့ရင်လည်း အချိန်တစ်ခုအထိတော့ စောင့်ဖို့ စိတ်ကူးထားပါတယ်အစ်မ။ မိန်းမရေ အစ်မရဲ့ပစ္စည်းလေးပြလိုက်ပါဟာ"

သူက ဘေးတွင်ငြိမ်သက်စွာထိုင်လျက် သူတို့စကားဝိုင်းအား စိတ်ဝင်စားစွာ နားထောင်နေသော ဇနီးဖြစ်သူအား ပစ္စည်း
အယူခိုင်းလိုက်သည်။ သူမသည် ထိုင်ရာမှထကာ ပစ္စည်းကို သိမ်းထားသည့်နေရာတွင်သွားယူလျက် ဧည့်သည်အမျိုးသမီးအား ကမ်းပေးရင်း အနီးတွင်ပြန်ထိုင်လိုက်၏။

"ရော့ အစ်မ သေသေချာချာလေး စစ်ကြည့်လိုက်ပါဦး"

အမျိုးသမီးသည် ဟန်းချိန်းလေးအား သေချာစွာကြည့်လျက်ဖြင့်

"မှန်ပါတယ်ကွယ်။ ကျေးဇူးလည်းတင်ပါတယ်။ ငါ့မောင်တွေညီမတွေ အသက်ငယ်ပေမယ့် သူတော်ကောင်းစိတ်ဓာတ်ပြည့်ဝပါပေတယ်။ တခြားလူသာကောက်ရသွားရင် အစ်မတော့လျော်ရမှာ အသေအချာပဲ ။ တကယ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိတာပါ။"

ကျေးဇူးစကားများအားအကြိမ်ကြိမ်အထပ်ထပ်ပြောနေရှာသော အမျိုးသမီးအားကြည့်၍ သူတို့လင်မယားနှစ်ယောက်စလုံး ပီတိတစ်မျိုးကို ခံစားနေရသည်ထင့်။ သူတို့မျက်ဝန်းအိမ်များတွင် မျက်ရည်များရစ်ဝိုင်းလာသည့်အထိ ကြည်နူးမှု၏တွန်းအားကို ဘဝင်လှပ်လှပ်တုန်အောင် ခံစားနေကြရသည်။ လူတကာ အလွယ်မလုပ်နိုင်သည်ကို ငါတို့လုပ်ပြနိုင်သည်ဟု ဂုဏ်ဖော်လိိုစိတ်မရှိခဲ့ကြပါ။ သို့သော် သူတို့လုပ်ရပ်အား သူတို့​ကျေနပ်နေကြကြောင်းကိုဖြင့် သူတို့မျက်ဝန်းများက သက်သေထူလျက်ရှိပါသည်။

" ခင်မင်လေးစားသမှုနဲ့ပေါ့ကွယ်။ တစ်မျိုးတော့မမြင်နဲ့ငါ့မောင်ရေ။ ဒါက ငါ့မောင်နဲ့ညီမကို အစ်မက ကျေးဇူးဆပ်တာပါ။ ရိုင်းတယ်လို့လည်း မထင်ပါနဲ့။ အစ်မစေတနာကိုလည်း နားလည်ပေးပါကွယ်"

"ဟာ မဟုတ်တာ။ မပေးပါနဲ့အစ်မ ပြန်ယူသွားပါ။ မယူပါရစေနဲ့"

သူတို့လင်မယားနှစ်ယောက်စလုံး တက်ညီလက်ညီ ငြင်းဆန်ကြ၏။ သို့သော်လည်း ခရီးသည်အမျိုးသမီးက လက်မလျှော့ပေ။

"ဒီငွေကိုလက်မခံရင် အစ်မဘယ်လိုမှစိတ်ကောင်းနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းတို့လင်မယား လက်ခံပေးပါကွယ်။ ပြီးရင် ကိုယ်ကျိုးအတွက်သီးသန့်သုံးဖို့ စိတ်မသန့်ရင် တခြားအကျိုးရှိတဲ့နေရာမှာ သုံးကြပါ။ အစ်မလည်းကုသိုလ်ရတာပေါ့ ဟုတ်ပြီလား"

ဧည့်သည်အစ်မ၏ နည်းလမ်းကျသည့်စကားများကြောင့် လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အကူအညီငွေအား လက်ခံလိုက်ကြသည်။
ထို့နောက် ဧည့်သည်အမျိုးသမီးသည် သူတို့အားနှုတ်ဆက်၍ ပြန်သွား၏။ အခန်းကျဉ်းကလေးထဲတွင် သူတို့လင်မယားနှင့် နေသိပ်မကောင်း၍ မှိန်းနေသော သားကြီးနှင့် အမေနားကပ်၍ နို့တွယ်နေသော သားငယ်သာရှိပြီး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ သူက လက်ထဲတွင်ဆုပ်ကိုင်ထားသော ငွေစက္ကူအထပ်ကလေးအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဇနီးသည်အားကမ်းပေးလိုက်၏။ သူမကငွေများကို ရေတွက်ကြည့်နေသည် ။

​"ခြောက်သောင်းတောင် ယောကျာ်းရဲ့ အများကြီးပဲ"

"စေတနာအကျိုးပေးတာပေါ့ကွာ"

"ဘာပဲပြောပြော သီတင်းကျွတ်ကန်တော့မယ့် ရည်မှန်းချက်တော့ပြည့်ပြီ။ သူလည်းကုသိုလ်ရမှာပါကိုရယ်။ ညီမတို့ကကောင်းတာလုပ်တာပဲလေ"

သူက သူမအား မည်သို့မျှပြန်မပြောတော့ဘဲ ခေါင်းတညိတ်ညိတ်ဖြင့်သာလုပ်ရင်း ဆိုင်ကယ်သော့အားယူကာ ဆိုင်ကယ်ဂိတ်သို့ ထွက်လာခဲ့တော့သည်။

အပိုင်း(၇) နိဂုံး

မိုးလေကင်းစင်သဖြင့် ကောင်းကင်ပေါ်မှ လမင်းကြီးသည့် ဝိုင်းစက်ပြည့်ရွှန်း၍ နေတော့၏။ လမ်းတစ်လျှောက်ရှိ လမ်းဘေးဝဲယာတွင် ဗာဒံရွက်မီးပုံးလေးများအား ညီညီညာညာထွန်းညှိထားသောကြောင့် ကြည့်ရသည်မှာ မျက်စိပသာဒရှိလှသည်။ ကလေးငယ်များသည်လည်း ဟိုနားတစ်စု သည်နားတစ်စုဖြင့် မီးပန်းရှို့သူကရှို့၊ ဗျောက်အိုးဖောက်သူကဖောက်ဖြင့် တစ်လမ်းလုံး စည်ကားဆူညံနေတော့သည်။

သူက သားငယ်ကိုချီ၍ သူ့ဇနီးက ကန်တော့မည့်ပစ္စည်းအိတ်များကိုသယ်၍ လမ်းလျှောက်လာကြသည်။ သားကြီးမှာ ကစားစရာ အလှမီးပုံးလှည်းကလေးအားတွန်းကာ သူတို့အရှေ့မှသွားနေသည်။ သူတို့နှစ်ဦးစလုံးမှာ တစ်လမ်းထဲနေသူများဖြစ်သောကြောင့် သူတို့မိဘအိမ်များမှာလည်း သိမ်မဝေးလှပေ။ ရပ်ကွက်တွင်း အနီးအနားနေသူ ဆွေမျိုးအကြီးအကဲများနှင့် နှစ်ဘက်မိဘများအား ယနေ့ညတွင် သူတို့မိသားစုက လိုက်၍ကန်တော့ခြင်းဖြစ်၏။

ရယ်မောပျော်ရွှင်နေသည့် ဇနီးနှင့်သားသမီးများအားကြည့်၍ သူစိတ်ချမ်းသာရသည်။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကန်တော့ကြရင်း ယောက္ခမအိမ်သို့ နောက်ဆုံးဝင်ကြသည်။ သူနှင့် သူတို့သမီးအား သဘောမတူကြသဖြင့် သည်နေ့သည်အချိန်ထိ ခပ်တန်းတန်းသာဆက်ဆံရေးရှိကြသော သူနှင့် ယောက္ခမကြီးများကြားမှ ဆက်ဆံရေးသည်လည်း အေးစက်စက်နိုင်လှသည့် အနေအထားမျိုးသာ ရှိခဲ့ကြသည်။ ကလေးသာ နှစ်ယောက်ရလာသည်။ တစ်ကြိမ်မျှ မကန်တော့ခဲ့ဘူးပေ။ ယခုနှစ်မှာဖြင့် မိန်းမအား စိတ်ချမ်းသာစေချင်သည့်ဆန္ဒဖြင့် သူကိုယ်တိုင် လိုက်လျောခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဇနီးသည်မှာ အပျော်ကြီးပျော်နေရှာ၏။

"လာ လာ တက်ခဲ့ကြ။ မြေးကြီးက အဖွားဆီလာစမ်းပါဦး"

အိမ်ပေါ်တက်သည်နှင့် ယောက္ခမအဖွားကြီးက ပျာပျာသလဲ ကြိုရှာပါသည်။ အဖိုးကြီးကလည်း ကုလားထိုင်ပေါ်မှ ပြုံးရွှင်စွာဖြင့် ထိုင်ကြရန်ပြော၏။

"ထိုင်ကြ ထိုင်ကြ ထမင်းကော စားခဲ့ကြပြီးပြီလား"

" ဟုတ်ကဲ့ စားပြီးပြီအဖေ။ အဖေတို့အမေတို့ကော ဘာချက်စားကြလဲ"

"နင့်အဖေက လယ်ငါးခူစားချင်တယ်ပြောလို့ စျေးမှာလယ်ငါးခူရခဲ့တာနဲ့ မနက်ည ငါးခူဆီပြန်ပဲ ချက်ပေးလိုက်တယ်လေ။ တစ်ခါတည်းမုန်းသွားအောင်လို့"

ထွေရာလေးပါးပြောဆိုနေကြသည့် အတွက် သူ့ယောက္ခမများ အရင်ကထက်ပိုပြီး စိတ်ကြည်လင်လာပြီဟု မှတ်ယူရသည်။ သူကိုယ်တိုင်ကတော့ တစ်ခါမှလည်း ရင်းရင်းနှီးနှီးမပြောဘူး၍ ခပ်ရှိန်ရှိန်ဖြစ်နေရ၏။

"မောင်သိန်းကကော ကယ်ရီဆွဲတာ အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပုံမှန်လေးတော့ရပါတယ် အမေ ။ အရမ်းတော့မပိုလျှံဘူးပေါ့"

"အေးလေ အစစအရာရာစျေးတွေကြီးမြင့်နေတဲ့ ဒီခေတ်ထဲမှာဆင်းရဲသားဘဝဆိုတာ လုပ်နိုင်မှပဲစားရမှာပါ။ ငါတို့လည်း ဆိုင်လေးကိုအငယ်မနှစ်ယောက်က ဦးစီးလုပ်နေလို့ ပုံမပျက်ကလေးနေနိုင်တာပါ။ ပိုလျှံလှတယ်ရယ်တော့ မဟုတ်ပါဘူး။ ပုံမှန်လေးပဲ လည်ပတ်နေရတာပါလေ အတူတူပါပဲ"

"ကဲ အချိန်အရမ်းနောက်ကျသွားမယ်။ အဖေနဲ့အမေ့ကို ကန်တော့မလို့ သမီးတို့ကို ကန်တော့ဖို့ခွင့်ပြုပေးနော်။ ခေါင်းရင်းမှာလာထိုင်ပေးကြပါအုံး။ အငယ်မ ခေါင်းရင်းမှာ ဖျာလေးခင်းပေးလိုက်ပါကွယ်။ အဖေနဲ့အမေထိုင်ရအောင်"

သူ့ဇနီးက မိဘများအားကန်တော့ရန် ခွင့်ပန်ရင်း သူ့ညီမလေးအားလည်း ဖျာခင်းခိုင်းလိုက်သည်။ သူမ၏ခွင့်တောင်းမှုကြောင့် ယောက္ခမများက ခေါင်းရင်းဘက်တွင်နေရာယူပြီး ထိုင်ပေးကြသည်။ ထို့နောက် သူတို့သားအမိ သားအဖလေးယောက်သည် ခြေရင်းဘက်မှ ညီညီညာညာထိုင်လိုက်ကြသည်။ ကန်တော့မည့်ပစ္စည်းများအား လင်ဗန်းကလေးနှင့်ထည့်၍ ကန်တော့ခံလူကြီးများရှေ့တွင်ထားကာ ကန်တော့ကြလေသည်။

"အေး အေး သာဓုသာဓုသာဓုပါကွယ်။ ငါ့သမက်၊ ငါ့သမီးနဲ့ ငါ့မြေးတွေ အခုလို ဝါလကင်းလွတ်၊ သီတင်းကျွတ်မှာ၊ မချွတ်ရွယ်ရည်၊ ကုသိုလ်တည်ဖို့၊
ရှိသည်ဘိုးဘွား၊ အဖေအမေများနှင့်၊
လခြားနှစ်အို၊ ကြီးမြင့်ပိုသော၊
အစ်ကိုအစ်မ၊ ဦးဒေါ်စပြီး၊
ဘဝစုံစွာ၊ သံသရာ၏၊
တော်လာလေငြား၊ မျိုးဆွေများကို၊
စိတ်အားသဒ္ဓါ၊ ထက်သန်စွာဖြင့်၊
ချိုသာပြောင်းပျော့၊ မာန်ကိုလျော့ရင်း၊
ရွှန်းကော့ဖူးငုံ၊ ကြာပဒုံသို့၊
ဆယ်စုံလက်မျိုး၊ ထိပ်ချီမိုးကာ၊
ရှိခိုးလာကြ၊ ဂါရဝကြောင့်၊
သုခဖုံဖုံ၊ ကောင်းမှုဟုန်​များ၊ ပြည့်စုံချမ်းသာကြပါစေ။ "

"ပြည့်ဝသဒ္ဓါ၊ အကျိုးဖြာဖြာကြောင့်၊
နောင်လာနေ့ရက်၊ အနာဂတ်လက်ဝယ်၊
မပျက်စည်းစိမ်၊ တိုးပွားထိန်၍၊
ဂုဏ်ရှိန်ညီးညီး၊ တောက်သည့်မီးသို့၊
လျှပ်စီးလျှပ်ရောင်၊ တောက်တောက်ပြောင်သို့၊ ထက်ခေါင်မိုးဖျား၊ ဝတိံကြားက၊ နတ်များရဲ့ဘုံ၊ ရွှေရိပ်မြုံတွင်၊
ပြည့်စုံပျော်ပါး၊ ဘဝများနှင့်၊
လှည့်သွားလူးလာ၊ ဆုံးအခါဝယ်၊ ပြည်ရွာနိဗ္ဗူ၊ တံခါးဟူသည်၊ ငြူစူကင်းလာ၊ မြတ်သဒ္ဓါကြောင့်၊ မကြာမဆိုင်းပွင့်ကြပါစေဗျာ။ "

ယောက္ခမများအား ခေါင်းရင်းဘက်ဖျာပေါ်တွင်ထိုင်စေ၍ သူတို့မိသားစုက ရိုသေစွာ ကန်တော့ကြသည်။ ပင်ကိုယ်ကစကားနည်းပြီး သမီးနှင့်သဘောမတူ၍ ခပ်စိမ်းစိမ်းနေသော ယောက္ခမအဖိုးကြီးသည် သူတို့မိသားစု ညီညီညာညာဦးနှိမ်ချ၍ ကန်တော့ချိန်ဝယ် တည်တည်ငြိမ်ငြိမ်ဖြင့် ဆုများကို အရှည်ကြီးပေးနေသည်။ ဆုပေးသည့်အသံသည် အခန်းတွင်း၌ ဖုံးလွှမ်း၍နေတော့၏။ ထို့နောက် ယောက္ခမများနှင့် ခယ်မလေးများကို နှုတ်ဆက်၍ ပြန်ခဲ့ကြသည်။ ပြန်ခါနီး ယောက္ခမအဖွားကြီးမှ သူ့မြေးများအတွက် မုန့်ဖိုးဟုဆိုကာ သားကြီးအိတ်ထဲသို့ ပိုက်ဆံထည့်ပေးလိုက်သေးသည်။

အချိန်သည် ညဆယ်နာရီထိုးပြီးဖြစ်သည်။ လရောင်ကလည်း ထိန်ထိန်သာလျက်ပင်။ ညဉ့်လေပြည်ကလေးကလည်း တဖြူးဖြူးဖြင့် အေးအေးချမ်းချမ်းရှိလှသည်။ လမ်းမထက်ဝယ် လူရှင်းစပြုလာပြီဖြစ်၏။ လူငယ်အချို့ကိုသာ ဟိုနားသည်နား အနည်းအကျဥ်းတွေ့ရတော့သည်။ မိုးချုပ်စအချိန်က တစ်လမ်းလုံးထိန်ထိန်လင်းနေသည့် ဖယောင်းတိုင်မီးရောင်များလည်း မရှိတော့ပြီ။ ဗာဒံရွက်မီးပုံးလေးများမှာလည်း အလင်းရောင်ကင်းမဲ့နေကြသည်။ အချို့အိမ်ရှေ့များမှာသာ လျှပ်စစ်မီးရောင်စုံလေးများအား အနည်းအကျဥ်းတွေ့ရသည်။ သည်လိုနှင့် နှစ်တစ်နှစ်အတွက် ဝါကျွတ်ပွဲကြီးလည်း ပြီးဆုံးပေဦးတော့မည်။

သူက သားကြီးအားလက်ကဆွဲ၍ လျှောက်လာရင်း ထွေရာလေးပါး တွေးနေမိသည်။ သူ့ဇနီးက သားငယ်အားချီ၍ အနောက်မှကပ်လိုက်လာသည်။ သူမလည်း ဆန္ဒပြည့်ဝသွား၍ ထင်ပါ၏။ မျက်နှာလေးသည် သီတင်းကျွတ်လပြည့်ည၏ လမင်းကြီးနှင့်အပြိုင် လှပထိန်ဝင်းနေသကဲ့သို့ပင်။ သူက ပြုံးလိုက်မိသည်။ မထင်မှတ်သည့် အခြေအနေတစ်ခုမှစ၍ အကြပ်အတည်းများကို လွတ်မြောက်ကျော်ဖြတ်နိုင်ရန် ကံကြမ္မာမျက်နှာသာပေးခဲ့ပုံအားလည်း အံ့သြချင်မိသည်။

" စေတနာကောင်းလျှင်ကံကောင်းမည်" ဆိုသည့် ဆုံးမစကားလေးအား နားထဲတွင်ကြားယောင်ရင်း " လူမွဲချင်လျှင် မွဲပါစေ။ အသိစိတ်ဓာတ် မမွဲစေရန်အတွက် သူ့၏ မိသားစုလေးအား ဂရုတစိုက် သွန်သင်ပျိုးထောင်ရမည်" ဟု ခိုင်မာစွာဆုံးဖြတ်ချက်ချလိုက်မိတော့သည်။ ထို့ကြောင့် ယခုသီတင်းကျွတ်ည၏ ကောင်းကင်ပေါ်ဝယ် တောက်ပသာယာနေသော လမင်းကြီးသည်လည်း သူတို့မိသားစု၏ ရင်ဘတ်အတွင်းမှာ ဆင်း၍သာခဲ့လေပြီ။ စစ်မှန်သည့်အလင်းဓာတ်ကို နှလုံးအိမ်မှလည်း ကြည်နူးစွာ ခံစားရပေသည်။ ထို့ကြောင့် သူတို့၏အိမ်အပြန်လမ်းကလေးသည် အေးချမ်းသာယာ၍နေပါတော့သည်။

ရဲရင့်ကျော်(ဝါးခယ်မ)

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်"စိတ်ဓာတ်ရင့်ကျက်စေဖို့....."မြန်မာတို့ရဲ့ သင်္ကြန်"လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ