သင်္ကေတ
မိုးရာသီကုန်ဆုံးသွား၍ ဆောင်းရာသီဝင်စပြု လေပြီ။ ကျောင်းသား၊ကျောင်းသူများအတွက် ပထမအစမ်းစာမေးပွဲပြီး သီတင်းကျွတ် ကျောင်းပိတ်ရက်လည်း ရောက်တော့မည်။ ထွေးညိုတစ်ယောက် ကျောင်းပိတ်တော့မည်ကိုသိ၍ ပျော်နေသည်။ ကျောင်းဆင်းပြီး ညနေခင်းတစ်ခုမှာ ထွေးညို အတွေးနယ်ချဲ့နေသည်။
ထွေးညိုမှာ အထက်တန်းကျောင်းသူတစ်ယောက်။ အသက်မှာ ၁၈ ပြည့်ပြီး ၁၉ ဝန်းကျင်ထဲ။ ထွေးညို၏ အခြေခံကျောင်းပညာရေးမှာ ပြီးသင့်ချိန်တန်ပြီ၊ သို့ပေမဲ့ အကြောင်းအမျိုးမျိုုးကြောင့် အတန်းနောက်ကျပြီး ကျောင်းတက်နေရဆဲဖြစ်သည်။ ထွေးညိုမှာ မွေးချင်း မောင်နှမ သူမ, အပါအဝင် ၃ ယောက်ရှိသည်။ ထွေးညိုသည် မိသားစုထဲ၌ အငယ်ဆုံးလည်းဖြစ် ကျောင်းသူလည်းဖြစ်သောကြောင့် အဓိက ကျောင်းစာပြီးလျှင် သူမဝါသနာပါရာ စာရေးခြင်းကိုလုပ်ပြီး ဘဝကို အေးဆေးစွာ ဖြတ်သန်းနေသည်။ မိဘတွေမှာလည်း ထွေးညိုကို အိမ်မှုကိစ္စ သိပ်ဝိုင်း မလုပ်ခိုင်း။ ထွေးညိုသည် ကလေးဆန်တတ်၏၊၊ သိုပေမဲ့ ထွေးညိုမှာ တစ်ခါတလေ ရင့်ကျက်သော အတွေးမျိုး ရှိနေတတ်ပြန်၏။
ညနေက ထွေးညို တွေးနေသည်မှာ " ဪ ဘာလိုလိုနဲ့ သီတင်းကျွတ်ဆိုတဲ့ အချိန်ကာလတောင် ရောက်လာပါပြီလား"
"ငယ်ငယ်တည်းကနေ အခုချိန်ထိ ငါ့ မိဘတွေကို ကိုယ်ပိုင် ပိုက်ဆံနဲ့ မကန်တော့ဖူးသေးဘူးဘဲ"ဟု
သီတင်းကျွတ်ရောက်သောအခါ မိဘများအား ကန်တော့ရန် ထွေးညို တွေးပူနေခြင်းဖြစ်သည်။ ထွေးညို နှုတ်ကနေလည်း တီးတိုးပြောနေသည်။
"ငါ ဒီနှစ်သီတင်းကျွတ်မှာ မိဘတွေကို ငါ့ကိုယ်ပိုင် ပိုက်ဆံနဲ့ ကန်တော့မယ်" "ဘယ်လိုလုပ်ပြီး ရှာရင် ကောင်းမလဲ" ဟုဆိုကာ ထွေးညိုတစ်ယောက်ပြောရင်း အကြံထုတ်နေခြင်းလည်း ဖြစ်သည်။ ထွေးညိုသည် သူမ၏ အစ်ကိုနှင့်အစ်မတို့ကို အားကျနေသောသူတစ်ယောက်ဖြစ်သည်။ ထွေးညို၏ အစ်ကိုမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး အစ်မမှာ ကုမ္ပဏီတစ်ခု၌ Chief Financial Officer (CFO) တစ်ယောက်ဖြစ်ကြသည်။ ထွေးညိုသည် ကန်တော့ရန် သူမ၏ အစ်ကိုနှင့်အစ်မတို့ဆီက မုန့်ဖိုးမတောင်းချင်။ ထွေးညိုသည် သူမ၏ အစ်ကိုတို့လို ပိုက်ဆံရှာနိုင်ရန် တေးထားသည်။
ခဏကြာသော်... ထွေးညို အကြံရသွားလေသည်။ ထိုသည်မှာ ဟိုနေ့က ထွေးညို Facebook သုံးရင်း Community page တစ်ခုကနေ သီတင်းကျွတ်စာရေးပြိုင်ပွဲရှိသည်ကို သွား သတိရခြင်းဖြစ်သည်။သို့ပေမဲ့ သူမ, တွေဝေပြီး ငိုင်နေသည်။ ထွေးညိုသည် တခြားသောလူငယ်များနည်းတူ သူမ၏ဝါသနာကို ငယ်ငယ်တည်းက မသိ။ ကျောင်းတွေ ပိတ်ထားချိန် အားတဲ့အချိန်တိုင်းမှာ သူမ စာအုပ်တွေ ရှာဖွေဖတ်သည်။ နောက်တော့ သူမ စာရေးတတ်ချင်လာသည်။ စာရေးချင်သော်လည်း ဘယ်ကစရေးရမှန်း မသိဖြစ်ပြီး အချိန်အတော်ကြာနေသည်။ စာရေးခြင်းဝါသနာသည် သူမ၏ ရင်ထဲ၌ မြုပ်လိုက် ပေါ်လိုက် ဖြစ်နေသည်။ သူမသည် အမှတ်တမဲ့ပင် နေသည်။ သူမဝါသနာစာရေးခြင်း အတတ်ပညာ သူမအတွင်းသန္တာန်၌ ငုပ်လျှိုး နေသည်ကိုမသိ။ သူမသည် သူမ, သိထားသော အကြောင်းအရာ၊ သူမ၏ စိတ်ခံစားချက်၊ အမြင်၊အတွေးများကို ကောင်းစွာဖော်ပြနိုင်သည်။ သူမ, ရေးတတ်သည်ကိုမသိသည်မှာ လုပ်ဖူးသော၊ ရေးဖူးသော စာများကို ပြန်မစဉ်းစားမိသောကြောင့် ဖြစ်သည်။
တစ်နေ့တော့ နေ့လည်ဘက် သူမစာဖတ်နေရင်း ခေါင်းထဲ အကြံတစ်ခု ဖြတ်ခနဲ ဝင်လာသည်။ဘာပဲဖြစ်ဖြစ် သူမ, စာရေးတော့မည်ဟုသော အတွေးပင် ဖြစ်သည်။ သူမအနီးအနားရှိ ဘောပင်နှင့်စာရွက်ကို ယူသည်။ သူမ, ခေါင်းထဲပေါ်သမျှ အကြောင်းအရာများကို စာချရေးလိုက်သည်။သူမ, စိတ်တိုင်းမကျသဖြင့် လုံးချေပြီး ခြင်းထဲလွှင့်ပစ်လိုက်သည်။ ပြီးတော့ နောက်တစ်ကြိမ် ထပ်ရေးသည်။ ရေးပြီးသောအခါ သူမ, ၏စာကို စာရေး၊စာဖတ်ဝါသနာပါကြသူများရှိရာ Application တစ်ခုပေါ်တင်လိုက်သည်။ သူမ, ၏စာကို လူတွေ ကြိုက်နှစ်သက်သည်။ သူမ အားတက်သွားသည်။ သူမ, နေ့တိုင်းစာရေးသည်။ သူမ, မြင်သမျှများကို စာရေးသည်။ သူမ ရေးရင်း သူမ, ဘယ်အကြောင်းတွေကို စိတ်ဝင်စားလဲဆိုတာကို သိလာသည်။ သူမ, စာရေးသော App မှ စာရေးသူများထဲမှ တစ်လ တစ်ခါ အကောင်းဆုံး စာမူများကို ရွေးတင်ပေးသည်။ သူမသည်လည်း သူမ, ရေးထားသော စာများထဲမှ အကောင်းဆုံးတစ်ပုဒ်ကို မျှော်လင့်နေမိသည်။ သူမ, မျှော်လင့်ထားသလို မဖြစ်ခဲ့။ သူမ မှန်းထားသည်မှာ "ဒီလအတွက် ရွေးရင် သူမ, ပထမရရမည်" ဟု ကျိန်းသေပေါက် မှန်းထားခြင်း ဖြစ်သည်။ သူမ ထင်မှတ်သော်လည်း မပါလာ။ သူမ ယူကြုံးမရ ဖြစ်သွားသည်။ စာရေးခြင်းနှင့် ပတ်သက်ပြီး သူမ Trauma ရသွားသည်။ သူမ စာရေးခြင်းနှင့်မကိုက်ဘူး ဆိုသော အတွေးဝင်ရောက်သည်။ ထိုအချိန်တွင် သူမ၏ အစ်ကိုမှ " ညီမလေး နောက်တစ်ခါ ကြိုးစားလို့ ရသေးတာပဲ၊ ညီမလေး တော်တယ်ဆိုတာ ကိုကို သိတယ်" ဟုပြော၍ သူမကို အားပေးသည်။ သို့ပေမဲ့ နောက်ပိုင်း သူမ, စာမရေးဖြစ်တော့။
အခုချိန်တွင် သူမ, ပြန်ရေးမှ ရတော့မည်ကို သိသည်။ ဒီတစ်ခေါက် ပြိုင်ပွဲမှာရော သူမ,ရဲ့ စာရေးခြင်းကို အသိအမှတ်မပြုခံရမှာကို တွေးမိကာ စိတ်ပျက်အားလျော့ ငိုင်နေခြင်းဖြစ်သည်။ ထွေးညို အကောင်းဘက်မှ ပြန်တွေးသည်။ " ဒီပြိုင်ပွဲ ဝင်ပြိုင်တာ ငါ့အတွက် အရှုံးမရှိ၊ ရွေးချယ်ခံရရင် ငါ့ မိဘတွေကို ကိုယ်ပိုင်ပိုက်ဆံနဲ့ ကန်တော့နိုင်ပြီ " ဟုတွေးကာ ထွေးညို စိတ်ကူးနဲ့တင် မိဘတွေကို ကန်တော့ရရန် ပျော်ရွှင်နေလေသည်။ ထို့နောက် ထွေးညို ပြိုင်ပွဲဝင်ပြိုင်ရန် စာစတင်ရေးတော့သည်။ ထွေးညို စာရေးနေစဉ် သူမ ဖတ်မှတ်ဖူးထားသည့် အရာများနှင့်
ကိုယ်တိုင်အတွေ့အကြုံများကို ပေါင်းစပ်ကာ ရေးရင်း ဆောင်းပါးတစ်ပုဒ် ထွက်သွားသည်။
ထွေးညို စာရေးပြီးသောအခါ စာကိုအခါခါပြန်ဖတ်ပြီး ပြိုင်ပွဲဝင်ရန် တင်ဖို့လုပ်သည်။
ထွေးညို မတင်မီ ပြိုင်ပွဲမှာ ရွေးချယ်မခံရင်ရောဆိုတဲ့အတွေး သူမ ခေါင်းထဲ လျှပ်တစ်ဖြတ် ပြန်ဝင်လာသည်။ ထွေးညိုပြန်တွေးသည်မှာ " ဒီပြိုင်ပွဲဟာ ထွေးညိုအတွက်မဟုတ်၊ အရွေးမခံရလည်း စာရေးတာ ရပ်တန့်သွားမှာ မဟုတ်တော့ဘူး " ဟုဆိုကာ ထွေးညို စာမူကို တင်လိုက်တော့သည်။
သီတင်းကျွတ်လပြည့်နေ့၌ အစ်ကိုနှင့်အစ်မတို့ မေမေနှင့်ဖေဖေကို လာကန်တော့ကြသည်။ မ ကန်တော့ကြခင် သူမ၏ အစ်ကိုမှ "ဟေ့ ထွေးညို ညီမလေးရော မိဘတွေကို မကန်တော့ဘူးလား" ဟုမေးလေသည်။ ထွေးညိုသည် "ညီမလေးမှာမှ ပိုက်ဆံမရှိတာ မေမေတို့ကို ကိုကို တို့လို့ မကန်တော့နိုင်သေးဘူး" ဟု ဘောက်ဆတ်ဆတ် ပြောကာ မလှုပ်မယှက် ထိုင်နေသည်။ ထိုအခါ ဖေဖေမှ "သမီးလေးလည်း ဖေဖေတို့ကို ကန်တော့လို့ ရပါတယ်၊ သမီးလေးမှာ လက်ဆယ်ချောင်းရှိတာပဲ။ ဖေဖေတို့တွက် ဘာမှမလိုပါဘူးကွယ်၊ သမီးတို့ သားတို့ ကန်တော့ကြတာကို ဖေဖေတို့ ဝမ်းမြောက်နေပါပြီ" ဟု ခေါ်ပြောလေသည်။ ပြီးနောက် ထွေးညိုလည်း မိဘများကို သူမ, အစ်ကိုတို့နှင့်အတူ ကန်တော့လိုက်သည်။ ကန်တော့လိုက်သော်လည်း ထွေးညိုရင်ထဲ၌ သူတင်ထားသော စာမူပါလာခဲ့လျှင် မိဘများကို တန်ဆောင်တိုင်၌ ကိုယ်တိုင် ထပ်ကန်တော့မည်ဟု စိတ်ထဲတွေးကာ နေတော့လေသည်။
သီတင်းကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံးသွားသောအခါ ထွေးညို ကျောင်းပြန်တက်သည်။ ထွေးညို ကျောင်းတက်နေသော်လည်း မပျော်။သူမ, စိတ်ထဲ၌ သူ့မိဘများကို တစ်နည်းနည်းဖြင့်ကန်တော့ရန်ကိုသာ အစဉ်တွေးတောနေသည်။
တစ်နေ့ သူမ, အိမ်ပြန်ရောက်ပြီး သူမ, လုပ်ရမည့် ကျောင်းစာများကို ထုံးစံအတိုင်း မပျက်မကွက် လုပ်နေသည်။ ထွေးညို မေမေမှ သူမ, အား ညစာ စားရန်ခေါ်သည်။ ထမင်းစားကြသောအခါ သူမ၏မေမေ သည် ထွေးညို မျက်နှာကိုကြည့်ကာ "သမီး ဟင်းမကြိုက်လို့လား၊ ကျောင်းမှာ အဆင်မပြေလို့လား " စသဖြင့် မေးသည်။ ထွေးညိုသည် " အဆင်ပြေပါတယ်" ဟုသာ လေးတွဲတွဲနှင့်ဖြေသည်။ သူမ, စာပြန်ကြည့်ရန် အခန်းထဲသို့ သွားသည်။ စာမကြည့်ခင် သူမ, ဖုန်းကို တစ်ချက်ကိုင်ပြီး လျှောက်ကြည့်နေသည်။ ထိုအချိန် သူမ မထင်မှတ်ဘဲ ကြေညာချက် တစ်ခုကို တွေ့သည်။ ဤသည်မှာ...သူမ မျှော်နေသော ရွေးချယ်ခံရ စာမူများ ဖြစ်သည်။ ဒီတစ်ခေါက် သူမ မျှော်လင့်စောင့်စားနေရမှုသည် အရာထင်သွားသည်။ သူမ စာမူသည် ပထမ နေရာတွင် ချိတ်ဆွဲထားခြင်း ခံရသည်။ သူမ ပျော်ရွှင်၍ မျက်ရည်များပင် ကျလာသည်။
ထွေးညိုသည် ပထမရသဖြင့် ဆုကြေးငွေများရရှိသည်။ ထိုဆုကြေးငွေများကို သူမ မိဘများအား ပဏာမကန်တော့သည်။ ကျန်ငွေများကို ဘုန်းကြီးကျောင်းတစ်ကျောင်း၌ မိဘများနာမည်ဖြင့် လှူဒါန်းလိုက်သည်။ သူမ၏ ဆန္ဒပြည့်ဝသွားသည်အတွက် အလွန်ပင် ပျော်ရွှင်နေသည်။ ထွေးညို၏ မိဘများသည်လည်း သူမအတွက် ဂုဏ်ယူဝမ်းသာက ပီတိဖြစ်နေကြသည်။ သူမသည် စာရေးရန်အတွက် ယုံကြည်ချက်များ ရှိလာပြီး စာများကို ဆက်လက်ရေးသားကာ နေသွားတော့လေသည်။
စာဖတ်သူများအား ထာဝစဉ်လေးစားလျက်...
#သင်္ကေတ
15/11/2024(Friday)
ရင်ဖြင့်ခံစား၍ ရေးသည်။
Keep Reading