မြ (စံကားဝါမြေ)
မြရဲ့ စာဖတ်သူလေးတွေက ခေါင်းစဉ်လေးကို မြင်ပြီးချိန်မှာ အတွေးလေးတစ်ခုချက်ချင်းဝင်လာပြီး တွေးမိကြလိမ့်မယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ် စာဖတ်သူလေးတို့ ခန့်မှန်းတာ မှန်ပါတယ်ရှင်။ "ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာ"ကတော့ ဘယ်သူဘယ်ဝါနဲ့မှ နှိုင်းယှဥ်လို့မရတဲ့ "အမေ့လက်ရာ"ပဲ ဖြစ်ပါတယ်ရှင်။
မြ ငယ်ငယ်တုန်းကဆိုရင် မြအမေချက်တဲ့ဟင်း အများစုကို မကြိုက်ခဲ့ပါဘူး။ ယံယံခေါက်ဆွဲလောက်ပဲ အမြဲစားချင်နေခဲ့တာပေါ့။ ကျောင်းတက်တုန်းက ထမင်းချိုင့်ယူသွားရင် သူငယ်ချင်းတွေနဲ့ စုပြီး စားကြတဲ့အခါ "သူငယ်ချင်းတွေရဲ့ ဟင်းချက်တွေကမှ ကောင်းတယ်။ သူတို့အမေက ချက်တတ်လိုက်တာ၊ လက်ရာကောင်းချက်" ဆိုပြီး စိတ်ထဲမှာ ထင်မှတ်နေခဲ့တာပေါ့ရှင်။
ဒီလိုနဲ့ COVID-19ဖြစ်တဲ့အချိန်ရောက်တော့ အိမ်ထဲကနေ ဘယ်မှမထွက်ဖြစ်တော့ မနက်၊ နေ့လယ်၊ ည အမေ့လက်ရာပဲ စားရတဲ့အခါ စားရင်းစားရင်းက ခံတွင်းတွေ့ပြီး အမေ့လက်ရာကို ကြိုက်လာခဲ့ပါတယ်။
နောက်ကိုဗစ်တွေလည်းပြီးချိန်မှာ မြအမျိုးအိမ်က ဟင်းချက်ရောင်းလိုက်ပါသေးတယ်။ အဲဒီအခါမှာ စိတ်က ပြောင်းသွားပြန်ရော့။ "အမေ့လက်ရာထက် ဒီဟင်းချက်ဆိုင်က ဟင်းတွေကမှ ပိုကောင်းတာ၊ ပိုအရသာရှိတာပေါ့။" မြ အိမ်ပြန်ရောက်ရင် အမေ့ချက်တဲ့ဟင်းတွေနဲ့ ထမင်းမစားချင်ဘူး။ ဟင်းချက်ဆိုင်ကနေ ညစာအတွက် ဟင်းကို ဝယ်လာခဲ့သေးတာပါရှင်။ ဒါပေမဲ့လည်း ဟင်းချက်ဆိုင်က ဟင်းတွေချည်း စားရတာ ကြာလာတဲ့အခါ နည်းနည်းရိုးအီလာခဲ့တော့တာပေါ့ရှင်။ အဲဒီအခါ မြအမေချက်တဲ့ ဟင်းလေးတစ်ခွက်ကို ညတစ်နပ်ပဲ စားလိုက်ရရင်ကို အရသာရှိပြီး အမောပြေလာခဲ့ပါတော့တယ်။
မြ ယခု Cosmeticဆိုင်မှာ အလုပ်လုပ်လို့ ထမင်းချိုင့်ယူသွားပြီး လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလေးတစ်ယောက်နဲ့ နေ့လယ်စာစားချိန်မှာ စကားစမြည်ပြောရင်းနဲ့ သူက ယခုလို ပြောပါတယ်။ "အစ်မအိမ်က ဟင်းတွေကလည်း စားလို့ကောင်းပါတယ် ဒါပေမဲ့ ကျွန်တော်က အမေ့လက်ရာကိုသာ အကြိုက်ဆုံးပါ"တဲ့။ အဲဒီစကားလေးကို ကြားလိုက်တဲ့အခါ မြ ငယ်ငယ်က အမေ့လက်ရာ မကြိုက်ခဲ့ပုံတွေ၊ ယခုတော့ အမေ့လက်ရာသာလျှင် အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးဆိုတာကို သိသွားခဲ့ပြီမို့ ထမင်းစားရင်း ဆောင်းပါးရေးဖို့ အကြံရလာခဲ့တာပေါ့ရှင်။
မြရဲ့စာဖတ်သူလေးတွေလည်း ယခုအခြေအနေအရ ပိုပြီးသိကြပါလိမ့်မယ်။ ကိုယ်က မြန်မာနိုင်ငံအတွင်း မိဘအနားမှာ ရှိနေသေးတယ်ဆိုရင် စာဖတ်သူလေးက ကံအကောင်းဆုံးလူသားလေးလို့သာ သတ်မှတ်လိုက်ပါရှင်။ မြ ဘာ့ကြောင့် ယ ခုလို ပြောရသလဲဆိုရင် ယခုအချိန်မှာ မိဘကို ခွဲ၊ အမိနိုင်ငံတော်ကြီးကနေခွာပြီး နိုင်ငံရပ်ခြား၊ တိုင်းတစ်ပါးကို ကျောင်းတက်၊ အလုပ်လုပ် သွားကြတဲ့အခါ ရပ်ဝေးကနေ အမေချက်တဲ့ဟင်းလေးကို စားချင်လိုက်တာဆိုပြီး လွမ်းမျက်ရည်တောင် ကျနေကြတာကို စာဖတ်သူလေးတို့ မျက်မြင်ကိုယ်တွေ့ပါပဲရှင်။
"အမေ့လက်ရာ ခရမ်းချဉ်သီးငပိချက်လေးဖြစ်ဖြစ်၊ ငပိရည်ကျိုလေးသာ စားလိုက်ရရင် ဘယ်လောက်ထိ အရသာရှိမှာ၊ ခုချိန်များ အမေချက်တဲ့ ချဥ်ပေါင်ရွက်ချက်လေးသာ စားလိုက်ရရင် ဘယ်လောက်တောင် အရသာရှိလိုက်မလဲကွာ" ဆိုပြီး တမ်းတနေကြမှာ မလွဲဧကန်ပင် ဖြစ်ပါတယ်။
ဒါ့ကြောင့် ယခုမြရဲ့"ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာ"ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ပြီးချိန်မှာ ကိုယ့်အမေရဲ့လက်ရာ ဟင်းလေးတစ်ခွက် ကြက်ဥကြော်လေးဖြစ်စေ၊ လက်ဖက်သုပ်လေးဖြစ်စေ၊ ပဲဟင်းချိုလေးဖြစ်စေ ဟင်းတစ်ခွက်ဆိုတစ်ခွက် တန်ဖိုးထားပြီး စားကြပါ။
အမေမရှိတော့ရင် အမေ့လက်ရာနဲ့တူတဲ့ဟင်းတစ်ခွက်က ဘယ်မှာမှ ရှာလို့မရနိုင်တော့ပါဘူးရှင်။ ကမ္ဘာအဆုံးထိ ပိုက်ဆံတွေအများကြီးပေးပြီး အမေ့လက်ရာနဲ့တူတဲ့ဟင်းတစ်ခွက် ချက်ပေးပါဆိုရင်တောင် (လုံးဝ) မတူနိုင်တော့ပါဘူးရှင်။ ဘာ့ကြောင့်လဲဆိုရင် အမေချက်တဲ့ ဟင်းတစ်ခွက်ထဲမှာ အမေ့ရဲ့ စေတနာ၊ မေတ္တာ၊ ကရုဏာနဲ့ အချစ်တွေရောပြီး ချက်ထားတာမို့ကို ပိုပြီး အရသာရှိနေတာပါရှင်။
ဒါ့ကြောင့် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်ကြီးတမျှ ကျေးဇူးကြီးမားလှတဲ့ မွေးမိခင်ကို ယခု"ကမ္ဘာပေါ်က အကောင်းဆုံးနဲ့ အချိုမြိန်ဆုံးလက်ရာ" ဆောင်းပါးလေးနဲ့ ဂုဏ်ပြုအပ်ပါတယ်။ မြရဲ့အမေ မြကို ယခုအရွယ်အထိ ချက်ကျွေးခဲ့တဲ့ ဟင်းတစ်ခွက်တိုင်းကို မြ တန်ဖိုးထားပြီး စားပါ့မယ်။ နောက်ဆုံးအနေနဲ့ ဆပ်၍မကုန်နိုင်သော မိခင်မေတ္တာကို အကောင်းဆုံး ကျေးဇူးဆပ်သွားပြီး အမေ့အတွက် ဂုဏ်ယူရတဲ့ သမီးကောင်းရတနာလေးဖြစ်အောင် ကြိုးစားသွားပါ့မယ် အမေ....
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
13.11.2024(Wednesday)
Keep Reading