Author's Profile Photo

M Min Nyo

30/10/2024

ကဝေ

5 mins read
Life Style
General Knowledge
History
ကဝေ's photo

  "ကဝေ" ဆိုတာ ဖြစ်ချင်ရာတွေကို ဖြစ်အောင်လုပ်နိုင်စွမ်းသူပါ။ သူ့ကျွမ်းကျင်ရာနယ်ပယ်မှာ လုပ်တိုင်းရွှေဖြစ်ဆိုသလို အစွမ်းရှိသူ။ တစ်ခုရှိတာက အောင်မြင်ချိန်ဆိုတာရှိသလို ကျဆုံးချိန်ဆိုတာ ရှိစမြဲမဟုတ်လား။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အတောက်ပဆုံးအချိန်ကိုတော့ လူတွေရဲ့နှလုံးအိမ်မှာ စွဲငြိနေအောင် စွမ်းဆောင်ထားခဲ့နိုင်ပါတယ်။

သူ့ဘဝဇါတ်ကြောင်းက အပြောင်းအလဲ သိပ်များတယ်။ အတက်အကျလည်း များတယ်။ အတုယူအလေးထား အားကျစရာကောင်းသလောက်၊ နမူနာမယူသင့်တာတွေလည်း လုပ်ပြသွားခဲ့တယ်။ လူတွေဟာ အဆိုးကိုအရင်မြင်ကြစမြဲဆိုပေမယ့်၊ သူ့နာမည်ကြားရင်တော့ အကောင်းကိုပဲ အရင်မြင်တတ်ကြပါတယ်။

သူကတော့ "ရော်နယ်ဒင်ညို" ပါ။ ဘောလုံးကဝေပေါ့။

  "ဒင်ညို" ကို 1980 ပြည့်နှစ်၊ စက်တင်ဘာ (21) ရက်မှာ ဘရာဇီးနိုင်ငံ၊ ပိုတိုအလီဂရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ဖခင် Moreira (နာမည်အတိုကောက်)ဟာ သံမဏိစက်ရုံလုပ်သားတစ်ဦးဖြစ်ပြီး မိသားစုအပေါ်တာဝန်ကျေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မိခင် Dona ကတော့ အရောင်းဆိုင်ဝန်ထမ်းတစ်ဦးပါ။ အစ်ကိုဖြစ်သူ Roberto ကတော့ ဘောလုံးသမားတစ်ဦးပါ။ နောက်ပိုင်းမှာတော့ သူ့ဘဝရဲ့အဓိကအကျဆုံးသူ ဖြစ်လာပါတယ်။ သားငယ် Joao ကတော့ ဘောလုံးကိုစိတ်ဝင်စားသူဖြစ်ပြီး၊ ဖခင်ရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒင်ညိုရဲ့ အစောပိုင်းဘဝတွေဆီ ပြန်သွားကြည့်လိုက်ရအောင်။

မိသားစုကတော့ သာမာန်မိသားစုလေးပါပဲ။ ဒါပေမယ့် ဒင်ညို (7) နှစ်သားအရွယ်မှာ ဖခင်ဆုံးသွားခဲ့ပါတယ်။ ရေကူးကန်ထဲမှာ ရေဆင်းချိုးနေရင်း နှလုံးရောဂါဖောက်ပြီး သေဆုံးခဲ့ရတာပါ။ ဒီထက်ပိုပြီး ကံဆိုးခဲ့တာကတော့ ဘောလုံးသမားဖြစ်တဲ့အစ်ကိုက ခြေထောက်ဒဏ်ရာရပြီး၊ ကစားသမားဘဝက အနားယူလိုက်ရတာပါပဲ။ မိသားစုတာဝန်ဟာ မိခင်တစ်ယောက်တည်းအပေါ်မှာသာ ပုံကျခဲ့ပြီး၊ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရပါတယ်။
  
အစ်ကိုဖြစ်သူကတော့ တခြားဝင်ငွေရနိုင်တဲ့အလုပ်ကို မလုပ်တော့ပဲ၊ ဘောလုံးပါရမီရှိတဲ့ ဒင်ညိုကို အဆုံးတိုင်ထိ မြေတောင်မြှောက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒင်ညိုလိုအပ်သမျှ ခြေအိတ်၊ ဖိနပ်၊ အဝတ်အစားကစလို့၊ ဝယ်မပေးနိုင်သော်လည်း သူ့ရဲ့အသိတွေထံမှာ မရှက်မကြောက်တောင်းပေးခဲ့ပါတယ်။

ဒင်ညိုဟာ ပိုတိုအလီဂရီမြို့ရဲ့လမ်းတွေပေါ်မှာ လူသိများသူဖြစ်ပါတယ်။ ဘောလုံးကစားပုံ လှပညက်ညောမှုကြောင့် သူ့ကို "ရော်နယ်ဒို(ဒိုကြီး)လက်သစ်" လို့ ခေါ်ကြပါသေးတယ်။ နောက်ပိုင်းမှာတော့ ဒင်ညိုဟာ ဂရီမီရို အားကစားအကယ်ဒမီကျောင်းကို ရောက်ရှိခဲ့ပါတော့တယ်။ အဲ့ဒီအချိန်က ဂရီမီရိုအသင်းနဲ့ အင်တာနေစီရွန်နယ်အသင်းတို့ဟာ ဘရာဇီးနိုင်ငံရဲ့ အကောင်းဆုံးအသင်းတွေပါ။

  ဒင်ညိုရဲ့ဘဝကို ပြောင်းလဲစေခဲ့တာကတော့ U-17 (အသက် ၁၇-နှစ်အောက်)ကစားပွဲတစ်ပွဲပါပဲ ။ ပရိတ်သတ်အချစ်တော်ဖြစ်ခဲ့ပြီး၊ ဂရီမီရိုအသင်းကြီးထံကို ခေါ်ဆောင်ခြင်းခံခဲ့ရပါတယ်။ ခြေစွမ်းကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရတဲ့ကစားသမား ဖြစ်လာခဲ့ပါတယ်။

   1998 ခုနှစ်အထိ ဂရီမီယိုမှာ ကစားခဲ့ပြီး၊ အဲ့ဒီ 18 နှစ်သား ဒင်ညိုဟာ ဘရာဇီးအသင်းကြီးမှာပါ ရွေးချယ်ခံခဲ့ရပါတယ်။ 1999 မှာ ကိုပါအမေရိကဖလားမှာ  ပါခွင့်ရခဲ့တယ်။ အသင်းမအောင်မြင်ခဲ့ပေမယ့် ဗင်နီဇွဲလားနဲ့ပွဲမှာသွင်းတဲ့ လှပတဲ့ဂိုးကြောင့် နာမည်ပိုကြီးလာခဲ့ပါတယ်။

  ဒင်ညိုဟာ ဘောလုံးကစားရာမှာ အင်မတန်သေသပ်လှပတယ်။ ဖြော်ဖြေမှုပေးတယ်။ သူတစ်ပါးအပေါ် မကောင်းစိတ် မထားတတ်ဘူး။ အမြဲတမ်းပြုံးနေတတ်တယ်။ သူ့ရဲ့ကစားဟန်ကို မြင်ခဲ့ဖူးသူမှန်သမျှ ရင်သပ်ရှုမောဖြစ်ခဲ့ကြတာ အမှန်ပါပဲ။

  2000 မှာတော့ ဆစ်ဒနေးအိုလံပစ်မှာ ရွေးချယ်ခံရပြန်တယ်။ကွာတားဖိုင်နယ်ထိသာ ရောက်ခဲ့ပြီး၊ သူကတော့ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပါတယ်။ 2001- မှာ ကွန်ဖက်ဒရေးရှင်းဖလား (2002ကမ္ဘာ့ဖလားအကြို) ပါခွင့်ရခဲ့တယ်။ Semi-final မှာ ပြင်သစ်ကို ရှုံးခဲ့ပြန်တယ်။ ဒင်ဟိုကတော့ သူ့ရဲ့အကောင်းဆုံးပုံစံ ထိန်းထားနိုင်ခဲ့တာပါပဲ။

  မိသားစုရဲ့တာဝန်က သူ့အပေါ်မှာလုံးဝတည်မှီနေတာကြောင့်၊ အစ်ကိုဖြစ်သူရဲ့ ဖေးမကူညီမှုတွေကြောင့် Paris Saint-Germain(PSG) အသင်းထံကို ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ ပထမဆုံးနှစ်မှာပဲ ပရိတ်သတ်အချစ်တော်ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ မပျော်ရွှင်ခဲ့ပါဘူး။ အကြောင်းကတော့ နိုက်ကလပ်တွေမှာ ပျော်ပါးတတ်တဲ့သူ့ကို နည်းပြဖြစ်သူက မနှစ်သက်တာပါ။ နောက်တစ်ချက်က PSG အသင်းဟာ (အဲ့ဒီအချိန်က) အသင်းကြီးစာရင်း မဝင်တာပါပဲ။ ပြင်သစ်လိဂ်မှာ မိုနာကို၊ လီယွန်၊ မာဆေး စတဲ့အသင်းတွေကို မကျော်ဖြတ်နိုင်တာပါပဲ။ အစ်ကိုဖြစ်သူ သူ့ရဲ့အေးဂျင့်ကလည်း ဘဝဆက်တိုးတက်ဖို့ အသင်းပြောင်းစေချင်ခဲ့တယ်။

  PSG မှာ ဒင်ဟိုဟာ တောက်ပခဲ့ပြီး၊ 2002 - ကမ္ဘာ့ဖလားကို ကစားခွင့်ရခဲ့ပါတယ်။ နာမည်ကြီးအဂ်လန်ဂိုးသမားကို မှော်ဆန်ပြီးသမိုင်းဝင်တဲ့ဂိုးတစ်ဂိုး သွင်းပြခဲ့ပြီး၊ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုခံရတယ်။ 2002-ကမ္ဘာ့ဖလားဟာ သူ့ဘဝရဲ့ အကောင်းဆုံးကမ္ဘာ့ဖလားဖြစ်ခဲ့ပြီး၊ ဘရာဇီးအသင်းဟာလည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲစဥ်တွေတစ်လျောက်မှာ  3R (Rivaldo + Ronaldo + Ronaldinho)လို့ အကြီးအကျယ် ကျော်ကြားခဲ့ပါတော့တယ်။

   ဒင်ညိုရဲ့ အသင်းပြောင်းလိုစိတ် ပြင်းပြနေတဲ့နှစ်မှာပဲ မန်ယူအသင်းရဲ့နည်းပြ ဆာအဲလက်ဖာဂူဆန်က ဘတ်ခမ်းကိုထုတ်ပြီး ဒင်ညိုကို လိုချင်နေခဲ့တယ်။ ပြောင်းရွေ့ကြေး 22-သန်းပေးပေမယ့်၊ PSGအသင်း ဘက်က 27-သန်း လိုချင်နေတာကြောင့် အပြောင်းအရွေ့အထမမြောက်ခဲ့ပါဘူး။ အဲ့ဒီအချိန်မှာ ဘာစီလိုနာအသင်းဥက္ကဌက ဘက်ခမ်းကို အရခေါ်ဖို့ ကတိပြုထားတယ်။ ဒါပေမယ့် ဘက်ခမ်းက ရီးရဲမက်ဒရစ်အသင်းထံ ရောက်သွားခဲ့ပြီး၊ ဥက္ကဌလာပေါ်တာက ရီးရဲကိုယှဥ်ပြိုင်နိုင်ဖို့အတွက် ဒင်ညိုကိုခေါ်ဖို့ကြိုးစားပါတော့တယ်။  မန်ယူအသင်းက 24.5 သန်း တိုးမြှင့်ပေးခဲ့ပေမယ့်၊ ဘာစီလိုနာအသင်းက သန်း 30 ဖြင့်ကမ်းလှမ်းခဲ့တာမို့၊ ဘာစီလိုနာအသင်းဆီ ရောက်သွားခဲ့ပါတော့တယ်။

   အဲ့ဒီအချိန်က ဘာစီလိုနာဟာ ကမ္ဘာ့ဇါတ်ခုံပေါ်မှာ ရှိမနေခဲ့ပါဘူး။ စပိန်ပြည်တွင်းမှာ ရီးရဲမက်ဒရစ်အသင်းကိုသာ ယှဥ်ပြိုင်နိုင်တဲ့အဆင့်ပဲ ရှိပါတယ်။

ဒင်ညိုဟာ ဘာစီလိုနာကိုရောက်လာတဲ့ 2003/4 ရာသီမှာ ဘာစီလိုနာရဲ့အကောင်းဆုံးကစားသမား(Etoo နှင့်အတူ)ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စွန်းဆောင်ရည်မြင့်မားမှု၊ ကစားဟန် လှပညက်ညောမှု၊ နည်းပြရဲ့ကောင်းမွန်မှု၊ အခြားသောကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုတွေနဲ့ 2004/5 မှာ ကမ္ဘာ့ဖျော်ဖြေမှုအပေးနိုင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ဒင်ညိုက အဓိကပုံရိပ်ဖြစ်ခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုရခဲ့ပါတယ်။ 2005/6 ရာသီမှာ ဥရောပချန်ပီယံလိဂ်ဖလား ထပ်ရခဲ့ပြီး၊ ကမ္ဘာမှာ သူနဲ့ယှဥ်နိုင်သူ မရှိတော့အောင်ကို ချွန်ထွက်နေခဲ့ပါတော့တယ်။

"ဘာစီလိုနာဟာ ရော်နယ်ဒင်ညို မရောက်ခင်တုန်းက အတော်လေး ခက်ခဲခဲ့ရတယ်။ တကယ်တော့ ဒီ ဘရာဇီးသားရောက်လာမှ ကျွန်တော်တို့သမိုင်းတွေ အရေးပါ အရာရောက်ခဲ့တော့တယ်။" (ဘာစီလိုနာ နောက်ခံလူဟောင်း ပူယိုးလ်)
 
မဟာပြိုင်ဘက် ရီးရဲပရိတ်သတ်တွေရဲ့ တခဲနက်အားပေးဂုဏ်ပြုမှုကို ရခဲ့ပြန်တယ်။ ဘာစီလိုနာမှာ ပါရမီရှိကစားသမားငယ်လေးဖြစ်တဲ့ မက်ဆီကို ကွင်းတွင်းကွင်းပြင် ကြည့်ရှုဆောင်မတွဲခေါ်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ဘောလုံးလောကရဲ့ဘုရင်တစ်ပါးဖြစ်လာမယ့် မက်ဆီကို အလုံးစုံလမ်းပြသင်ပေးနိုင်ခဲ့တယ်။ နေရာဖယ်ပေးရမယ့်သူတစ်ယောက်အပေါ်စေတနာတွေ မလျော့ခဲ့သလို၊ သူ့ပင်ဂိုဗီဇ အပျော်အပါးလိုက်စားမှုကိုလည်း မလျှော့ခဲ့ပြန်ပါဘူး။

  2006 ကမ္ဘာ့ဖလားမှာတော့ ယခင်က ရင်သပ်ရှုမောခဲ့ရတဲ့ ဒင်ညိုဟာ မယုံနိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပါတယ်။ ပြသခဲ့တဲ့ခြေစွမ်းဟာ ပုံမှန်အောက်ထိ ရောက်ခဲ့ပြီး သူ့ရဲ့ပုံရိပ်ကျဆင်းခဲ့ရပါတယ်။ 2007/8 ရာသီမှာတော့ A.C Milan အသင်းထံကို ပြောင်းရွေ့သွားခဲ့ရပါတယ်။ အရက်အလွန်အကျွံသောက်သုံးမှု၊ စည်းကမ်းမလိုက်နာမှု၊ ပုံရိပ်ကျဆင်းမှုတွေကြောင့် တက်သစ်စလူငယ်လေး မက်ဆီကို ထိခိုက်လာမှာစိုးတဲ့အတွက် ရောင်းချခြင်းခံခဲ့ရတာပါ။

  A.C Milan အသင်းမှာလည်း အပျော်အပါးလိုက်စားမှုကို မလျှော့ခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်ကစားဟန်ကိုတော့ ထုတ်ပြနိုင်ခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ ဘဝရဲ့နေဝင်ချိန်ပြောရမလား၊ အောင်မြင်မှုတွေရဲ့မှေးမှိန်ချိန်လို့ပြောရမလားပဲ၊ A.C Milan ကနေ ထွက်ခွာသွားချိန်တောင် လူတွေ မသိလိုက်ကြပါဘူး။ 2011-ခုနစ်မှာ ဘရာဇီးနိုင်ငံကို ပြန်လာခဲ့ပြီး၊ ဖလာမင်ဂိုအသင်းမှာ မထင်မရှား ကစားနေခဲ့ပါတယ်။ 2012 မှာတော့ အလတ်တီကိုမင်နရိုးအသင်းဆီ ပြောင်းရွေ့ခဲ့ပါတယ်။ 2013 ခုနှစ်မှာတော့ အဲ့ဒီအသင်းနဲ့အတူ Copa Libertadores ဆုကိုရရှိခဲ့ပါသေးတယ်။ 2014 မှာ Queretaro အသင်း၊ 2015 မှာ Fluminense အသင်းတို့ထံ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် 2018 ခုနှစ်မှာတော့ ဘောလုံးသမားဘဝကနေ တရားဝင်အနားယူလိုက်ပါတော့တယ်။

အနားယူပြီးနောက်မှာတော့ ဖြော်ဖြေရေးတွေ၊ အနုပညာအလုပ်တွေ၊ ကြော်ငြာအလုပ်တွေ လုပ်ခဲ့သေးပေမယ့် အပျော်အပါးမက်မောမှုကို မစွန့်လွှတ်နိုင်ခဲ့ပဲ ဘဝရဲ့အဆိုးဆုံးအခြေနေတွေထိ ရောက်သွားခဲ့ပါတော့တယ်။ ဘရာဇီးနိုင်ငံမှာ အခွန်ရှောင်ရှားမှုတွေနဲ့ ပြဿနာတက်ခဲ့ရပါတယ်။ 2020 ခုနှစ်မှာတော့ Passport အတုအသုံးပြုမှုနဲ့ ပါရာဂွေးနိုင်ငံမှာ ဖမ်းဆီးထောင်ချခံရပါတော့တယ်။ လွတ်မြောက်ဖို့အတွက် ငွေကြေးများစွာကုန်ကျခံခဲ့ရပြီး၊ ဘဝကတော့ အနိမ့်ဆုံးအခြေနေအထိ ချွတ်ခြုံကျသွားတော့တာပါပဲ။

  အများအမြင်အရဆိုရင်တော့ အောင်မြင်မှုဒဏ်ကို မခံနိုင်ဘူးလို့ ဆိုကြပါလိမ့်မယ်။ သူကတော့ အောင်မြင်ဖို့အတွက် ကြိုးစားခဲ့တာမဟုတ်ပဲ ဘဝပျော်ပါးဖို့အတွက်သာ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

  သူ့ဘဝဇါတ်ကြောင်းက ဘယ်လိုပင်ဖြစ်နေပါစေ...

"ရော်နယ်ဒင်ညို" လို့ ပြောလိုက်ရင် ဘယ်သူမှမယှဥ်နိုင်တဲ့ "ဘောလုံးကဝေတစ်ပါး" က သူပါပဲ။ ဘောလုံးလောကမှာ အကောင်းဆုံး၊ အတော်ဆုံး၊ အစွမ်းအထက်ဆုံးလူတစ်ဦးဖြစ်ခဲ့ပြီး၊ သူ့ရဲ့ဖန်တီးနိုင်မှု၊ လှပညက်ညောမှု၊ ပရိတ်သတ်ကို ဖမ်းစားနိုင်မှု၊ အလိမ်အခေါက်ပညာ၊ ခန္ဓာကိုယ် အယိမ်းအနွဲ့တွေ၊ ဂိုးသွင်းစွမ်းရည်တွေ၊ သူမတူတဲ့နည်းစနစ်တွေကို ဖန်တီးခဲ့သူတစ်ဦးအဖြစ် လူတွေက အမြဲအမှတ်ရနေကြမှာ သေချာပါတယ်။ လောကမှာ အောင်မြင်မှုနဲ့ကျရှုံးမှုဟာ ဒီလိုရှိတတ်ပါတယ်ဆိုတာကို တစ်ယောက်တည်းနဲ့ ပြသသွားခဲ့သူဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သူကတော့ "ရော်နယ်ဒင်ညို" ပါပဲ။
ဘောလုံးလောကရဲ့ "ကဝေ"...လို့ပဲ ဆိုပါတော့ ။


#Football
#Ronaldinho
#KnowledgeSharingContent
#MMinNyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)