Author's Profile Photo

အက္ခရာ - Haruki

26/03/2024

မေးခွန်းတွေမေးဖို့ ကြောက်နေသေးရင် ဒါကိုဖတ်ပါ

4 mins read
Life Style
Personal Development
Business
မေးခွန်းတွေမေးဖို့ ကြောက်နေသေးရင် ဒါကိုဖတ်ပါ's photo

လူတွေရဲ့သမိုင်းမှာ လူတွေဟာမေးခြင်းဖြင့် ကြွယ်ဝချမ်းသာမှုနဲ့ အကျိုးအမြတ်တွေကို အလွယ်တကူရခဲ့ကြတယ်ဆိုတဲ့ ဥပမာတွေ သာဓကတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ကျွန်တော်တို့လူတွေဟာ ဒီလောက်အစွမ်းထက်တဲ့ မေးခြင်းဆိုတဲ့အရာကိုမလုပ်ကြဘဲ ချုပ်တီးထားတတ်ကြတာပါ။ စာဖတ်သူလေးဟာ လူတစ်ယောက်ကို တစ်ခုခုမေးဖို့ကြောက်မနေဘူးဆိုရင် ဒီဆောင်းပါးကိုမဖတ်လည်း ရပါတယ်။

ဒါပေမယ့် စာဖတ်သူလေးဟာလည်း လူအများတကာတွေလို ကိုယ်သိချင်တဲ့အကြောင်းအရာ၊ အကူအညီ၊ ထောက်ခံမှု၊ ငွေကြေးစတာတွေအတွက် မေးဖို့ကြောက်နေသူဖြစ်ဖို့များပါတယ်။ ကျွန်တော်စဥ်းစားနေတာက လူတွေဘာကြောင့် မေးဖို့ကြောက်နေကြတာလဲ။ ကျွန်တော်တွေ့ရှိထားတဲ့ အကြောင်းရင်းက သူများတွေ ကိုယ့်ကိုထုံထိုင်းသူ၊ စဉ်းစားဉာဏ်ကင်းမဲ့သူ၊ အားနည်းသူလို့ ထင်သွားမှာကို စိုးရိမ်လို့ပါပဲ။ ဒါတင်မကသေးဘဲ No ဆိုတဲ့ အဖြေပေးပြီး ငြင်းပယ်ခံရမှာကိုလည်း မလိုလားလို့ဖြစ်ပါတယ်တဲ့။

စာဖတ်သူလေးစဥ်းစားမိလားတော့ ကျွန်တော်မသိပါဘူး။ တစ်ခုဝမ်းနည်းစရာကောင်းတာက သူတို့ဟာ မေးခွန်းမမေးခင်ကတည်းက သူတို့ကိုယ်သူတို့ ငြင်းပယ်လိုက်ပြီး ဖြစ်နေကြပါတယ်။ သူတို့ကိုယ်သူတို့ No ဆိုတဲ့ အဖြေကို ပေးလိုက်ပြီးကြပါပြီ။ ဒီတော့ မေးတာကိုမလုပ်ဖြစ်တော့ဘူး။

အမှန်တကယ်က မေးဖို့ဆိုတာ ကြောက်စရာလုံးဝမဟုတ်ဘူးနော်။

မေးခြင်းနဲ့ပတ်သက်လို့ ကျွန်တော့်အတွေအကြုံတစ်ခုကိုပြောပြပါမယ်။ ကျွန်တော် 10 K Subscribers ရှိတဲ့ Book Channel Owner နဲ့သိခဲ့တဲ့အချိန်ပါ။ ကျွန်တော့်ချယ်နယ်ကလည်း လူအများအတွက်အကျိုးရှိတဲ့ ချယ်နယ်၊ ဒါပေမယ့် Subscribers နည်းနေတော့ လူသိအောင်ကြော်ငြာခိုင်းမယ်၊ ကြော်ငြာဖို့ ကူညီပေးပါလားဆိုပြီးတော့ပေါ့။

အဲ့အချိန် ကျွန်တော်အကူညီတောင်းဖို့ နည်းနည်းတော့ တွန့်ဆုတ်နေခဲ့တယ်။ ကျွန်တော်အကူညီတောင်းတာကို No လို့‌ပြောပြီး ငြင်းမှာစိုးလို့ပေါ့။ ဒါပေမယ့်လည်း ရတော့အမြတ် မရတော့လည်းအရင်းပဲလို့အားတင်းပြီး ကျွန်တော်အကူညီတောင်းခဲ့ပါတယ်။ ရလဒ်ကတော့ ထင်မှတ်မထားစွာဘဲ သူဟာ ကျွန်တော့်ရဲ့အကူညီတောင်းခံမှုကိုလက်ခံခဲ့ပါတယ်။ ( ကျွန်တော့်ရဲ့ Cannelကိုကြော်ငြာပေးချင်အောင် ကောင်းကောင်းမွန်မွန်လေးတော့ အကူညီတောင်းရတာပေါ့။ ) အဲ့လိုလည်းပြီးရော ကျွန်တော်တို့ဟာ အချိန်အတော်ကြာအောင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ၊ စကားတွေပြောကြ၊ အတွေ့အကြုံတွေဖလှယ်ခဲ့ကြပါတယ်။

ကျွန်တော်စိတ်ထဲမှာလည်း မေးခြင်းဆိုတာဟာ ကြောက်စရာမကောင်းဘဲ ပျော်စရာကောင်းတယ်လို့ သဘောပေါက်နားလည်လာပါတယ်။ နောက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ Video တစ်ပုဒ် ကျွန်တော်ကြည့်မိတယ်။ Video ထဲမှာ အမျိုးသမီးက ခုလိုပြောပါတယ်။ ယောက်ျားတွေဟာ date လုပ်ဖို့ အမျိုးသမီးတွေကို မေးရမှာကို တွန့်ဆုတ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ No လို့ အမျိုးသမီးတွေဖြေမှာကို ကြောက်နေကြတယ်တဲ့။ နောက်ပြီး အဲ့အမျိုးသမီးက ခုလို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။ "ရှင်တို့ဟာ ကျွန်မတို့ မမေးခင်ကတည်းက ရှင်တို့ကိုယ်ရှင်တို့ ငြင်းပယ်ထားကြတာပါ။ တကယ်ဆို ရှင်တို့ အရဲစွန့်ပြီး မေးကြည့်သင့်ပါတယ်။ ကျွန်မတို့လည်းYes လို့ ဖြေချင်ဖြေမှာပေါ့ရှင့်" တဲ့။

ဒါကြောင့် ...

စာဖတ်သူလေးအနေနဲ့ မေးလိုက်လို့ No ဆိုတဲ့ အဖြေပဲရမယ်လို့ တစ်ထစ်ချမမှတ်ယူဘဲ မေးသင့်တာကို မေးပါ။ တကယ်လို့ တစ်ဖက်သားက No လို့ ဖြေခဲ့ရင်တောင် မိတ်ဆွေရဲ့အခြေအနေဟာ မေးခွန်းမမေးခင်က အခြေအနေထက် ပိုဆိုးမသွားပါဘူး။ တစ်ဖက်သားက Yes လို့ ဖြေရင်တော့ အခြေအနေဟာ ပိုကောင်းသွားမှာပေါ့။ မေးရဲရင် အကူညီရနိုင်တယ်။ ကိုယ်သိချင်တဲ့အဖြေကို ရနိုင်တယ်။ ကိုယ်သဘောကျနေတဲ့ ကောင်မလေးနဲ့ date လုပ်ခွင့်ရနိုင်တယ်။ ပစ္စည်းကို လျှော့ဈေးနဲ့ ဝယ်ရနိုင်တယ်။ မေးရဲရင် ရလာမယ့် အကျိုးအမြတ်တွေဟာ အများကြီးပါ။ ဒါပေမယ့် စာဖတ်သူလေးကြောက်လို့ မမေးမိရင်တော့ အဲဒီအကျိုးအမြတ်တွေကို လက်လွှတ်ဆုံးရှုံးသွားရမှာပါ။

ဒါဆို မေးခွန်းမေးတာကတော့ဟုတ်ပါပြီ။

ကောင်းမွန်တဲ့မေးခွန်း၊ လိုချင်တာရဖို့အတွက် မေးခွန်းတွေကို ဘယ်လိုမေးရမလဲ?

မေးခွန်းမေးရာမှာ တိကျဖို့လိုပါတယ်။ မေးခွန်းတွေဟာ ဝေဝါးနေတာမျိုးမဖြစ်ရပါဘူး။ ဒါကြောင့် မေးခွန်းကောင်းလေးဖြစ်ဖို့ လိုအပ်တဲ့လမ်းညွှန်ချက်လေးတွေကို ဆောင်းပါးလေးထဲမှာ တစ်ပါးတည်း မျှဝေပေးလိုက်ပါတယ်။ ( The Aladdin Factor ဆိုတဲ့စာအုပ်လေးထဲက ကျွန်တော်မှတ်ထားတာလေးပါ။ )

၁။ လိုချင်တာကို ရမယ်လို့ မျှော်လင့်ပြီး မေးပါ။

လိုချင်တာကိုရမယ်လို့ မျှော်လင့်ပြီးမေးပါ။ မရနိုင်ဘူးလို့ မျှော်လင့်ချက်မထားပါနဲ့။

၂။ Yes အဖြေရမယ်လို့ ယူဆပြီးမေးပါ။

မေးလိုက်လို့ Yes ဆိုတဲ့ အဖြေကိုရမှာ မဟုတ်ဘူးလို့ မယူဆစေချင်ပါဘူး။ လိုချင်တာကို ရမယ်လို့ယူဆထားပါ။

၃။ လိုချင်တာပေးနိုင်သူကိုပဲ မေးပါ။

လိုချင်တာ ပေးစွမ်းနိုင်သူကိုပဲမေးပါ။ ရာထူးတိုးပေးနိုင်တဲ့ အခွင့်အာဏာမရှိသူကို ရာထူးတိုးပေးမလားလို့ မေးလို့ အကျိုးမရှိပါဘူး။ မိမိထက်ပိုဆင်းရဲသူကို ပိုက်ဆံချေးပေးမလားလို့ မေးလို့ အကျိုးမရှိပါဘူး။ ကျွန်တော်ဆိုလိုချင်တာကို စာဖတ်သူလေး သဘောပေါက်မှာပါ။ ဒါကြောင့် မေးရမယ့်သူဟာ မိမိလိုချင်တာကို ပေးနိုင်သူလား၊ မပေးနိုင်သူလားဆိုတာကို အရင် ခွဲခြားသိထားဖို့လိုပါတယ်။

၄။ မေးရာမှာ ရှင်းလင်းပါစေ၊ တိကျပါစေ။

မတိကျတဲ့၊ မရှင်းလင်းတဲ့မေးခွန်းတွေ မမေးမိပါစေနဲ့။ ဥပမာ တစ်စုံတစ်ခုကိုလုပ်ဖို့ ပြောရာမှာလည်း “မကြာခင်”၊ “အဆင်ပြေတဲ့အချိန်” လို့မပြောပါနဲ့။ တိကျတဲ့ နေ့ရက်နဲ့ အချိန်တွေပါပါစေ။

မပြောသင့်တာ - “ကျွန်တော် ခင်ဗျားနဲ့ အဆင်ပြေတဲ့နေ့မှာ တွေ့ချင်ပါတယ်။

ပြောသင့်တာက - “ကျွန်တော် ခင်ဗျားနဲ့ အခုလာမယ့် တနင်္ဂနွေည၇နာရီမှာ ညစာစားပြီး အလုပ်အကြောင်းဆွေးနွေးချင်တယ်”

အပြုအမူနဲ့ပတ်သက်လို့ တောင်းဆိုရင်လည်း တိကျပါစေ။ တစ်ဖက် သားကို ဘာလုပ်စေချင်တယ်ဆိုတာကို တိတိကျကျပြောဖို့ လိုပါတယ်။

မပြောသင့်တာ “သူငယ်ချင်း၊ ငါ့ကို အိမ်စာကူကျက်ပေးပါလား”

ပြောသင့်တာက - “သူငယ်ချင်း စာမေးပွဲနီးတဲ့အချိန်လေးတွေမှာ ငါ့ကို ပထဝီဘာသာလေးကူကျက်ပေးပါလားကွာ။ မင်းက ပထဝီတော်တော့ ငါမင်းနဲ့အတူကျက်ရင် ငါလည်းစာရသွားမှာ။

၅။ ထပ်ခါတလဲလဲ မေးပါ

အောင်မြင်မှုရဖို့ အရေးကြီးဆုံးလိုအပ်ချက်တစ်ခုက ဇွဲရှိခြင်းပါ။ ကိုယ်လိုချင်တာကိုရဖို့မေးရင် တချို့က No လို့ ဖြေကြမယ်။ No ပြောလို့ သူတို့မပေးချင်ဘူးလို့ တစ်ထစ်ချမယူဆစေချင်ဘူး။ သူတို့မှာ ကျွန်တော်တို့မေးတာထက် ပိုပြီး အရေးကြီးတဲ့ အလေးထားရမယ့် ကိစ္စတွေ၊ သူတို့ကတိပေးထားတဲ့ အရာတွေ၊ ကိုယ်ပြောတာကို သဘောမတူညီတဲ့ အချက်တွေရှိနေတတ်ပါတယ်။ ဒါကို နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။

ရောက်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ချီတက်ရာ လမ်းခရီးမှာ ငြင်းဆန်မှုတွေ ငြင်းပယ်တာတွေ အများကြီးနဲ့ ကြုံတွေ့ရမယ်ဆိုတာကို မျှော်လင့်ထားပြီး စိတ်မပျက်လက်မလျှော့တတ်တဲ့ အကျင့်ရအောင် လေ့ကျင့်ထားရပါမယ်။ မေးရာမှာလည်း အဲဒီလိုပါပဲ။ ကိုယ်မေးလိုက်လို့ တစ်ဖက်သားက No ပြောလာရင်လည်း လိုချင်တာအတွက် ဆက်မေးပါ။ ထပ်ခါတလဲလဲ မေးရင်းနဲ့ နောက်ဆုံးမှာ သူ့ဆီက Yes အဖြေကို ရနိုင်ပါတယ်။

ဘယ်လိုအချိန်မျိုးမှာ ရနိုင်သလဲဆိုရင်

  • တစ်ဖက်သား စိတ်ကောင်းဝင်နေချိန်မှာ
  • သူ့ကို အချက်အလက်သစ်တွေနဲ့ ရှင်းပြပေးလိုက်တဲ့အခါ
  • သူ့အတွက်လည်း အကျိုးရှိစေမယ်လို့ သူ သဘောပေါက်သွားတဲ့အခါ
  • အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ
  • မိမိနဲ့ ပိုပြီး ရင်းနှီးခင်မင်သွားတဲ့အခါ
  • မိမိအပေါ် ယုံကြည်မှုရှိလာတဲ့အခါ
  • အလုပ်ကို မိမိတာဝန်ကျေလုပ်တာထက် ပိုလုပ်ပြလိုက်တဲ့အခါ
  • စီးပွားရေးအခြေအနေ ကောင်းမွန်တိုးတက်လာတဲ့အခါ စတဲ့အချိန်တွေပေါ့ခင်ဗျာ။


ဒါကြောင့် မေးလိုက်လို့ တစ်ဖက်သားက No လို့ ပြန်ဖြေတာနဲ့ ကိုယ်လိုချင်တာကို ဘယ်တော့မှရမှာမဟုတ်ဘူးလို့ မမှတ်ယူစေချင်ပါဘူး။ သိချင်တာကို မရရအောင်မေးတတ်တဲ့ အရည်အချင်းကို ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက် (အဖေ သို့မဟုတ် အမေ သို့မဟုတ် ဆွေမျိုးတစ်ယောက်) ကို မေးခွန်းမေးကြတယ်။ အမေးခံရသူကပြန်မဖြေမချင်း ကလေးတွေဟာလက်မလျှော့ဘဲ ဆက်မေးကြတယ်။ အမေးခံရသူဟာ နောက်ဆုံးမှာ နားမခံနိုင်တော့လို့ အဖြေပေးလိုက်ရတယ်။ ကျွန်တော်တို့လည်း ကလေးတွေကိုအတုယူရပါမယ်။ ဒီလိုကလေးတွေရဲ့ စိတ်ဓာတ်ကိုကျင့်သုံးရပါမယ်လို့ တိုက်တွန်းလျက် ဆောင်းပါးလေးကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။

Haruki

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)