အက္ခရာ - Haruki
အခက်အခဲတွေ၊ အဆင်မပြေမှုတွေဆိုတာဟာ လူတိုင်းလူတိုင်းရှိကြတယ်။ အောင်မြင်တဲ့သူတွေရောစိတ်ဓာတ်မကျဘူးလား။ ကျတာပေါ့။ နှလုံးသားရှိတဲ့လူတိုင်းလူတိုင်း စိတ်ရဲ့အတက်အကျသဘောကို ခံစားကြရတယ်။ ဒါပေမယ့် အောင်မြင်ချင်တဲ့သူတွေကတော့ စိတ်ဓာတ်ကျမှုကို ကြာကြာထားလေ့မရှိကြဘူး။
အတက်ပြီးရင် အဆင်းလာသလို အခက်ပြီးရင် အလွယ်လာလိမ့်မယ်။ တအားခက်ခဲတယ်ဆိုပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။ ဘယ်အခက်အခဲကိုမဆို ဖြတ်ကျော်သွား၊ ဖောက်ထွက်သွား၊ ဖြေရှင်းသွားလို့ရပါတယ်။ အရာအားလုံးဟာ အဆုံးသတ်မှာ အဆင်ပြေသွားစမြဲဆိုတာအမြဲသတိရပါ။
အခက်အခဲတွေနဲ့တွေ့တိုင်းတွေ့တိုင်း အခက်အခဲလို့မမှတ်ဘဲနဲ့ ဒါငါဖြတ်ကျော်ရမယ့်အရာ ၊ငါဖြေရှင်းရမယ့်အရာ ၊ ငါဖြတ်ကျော်နိုင်တယ် ၊ ငါဖြေရှင်းနိုင်တယ်ဆိုပြီး အမြဲသတိပေးပါ။ ငါဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ထားပါ။ ကိုယ့်ကိုယ်ကိုယ်မှမယုံကြည်ရင် အခြားသူလည်းကိုယ့်ကိုယုံကြည်မှာမဟုတ်ပါဘူး။
အောင်မြင်မှုသေးရင် အခက်အခဲဟာလည်းသေးသလို အောင်မြင်မှုကြီးမားရင် အခက်အခဲကလည်း ကြီးမားတယ်။ ခက်ခဲတုန်းလေး ကြိုးစားဖြတ်ကျော်လိုက်ပါ။ လွယ်နေရင်တော့လည်း အကောင်းဆုံးအသုံးချလိုက်ပေါ့။
တစ်ခုတော့မမေ့ပါနဲ့။
ကိုယ့်ရဲ့အခက်အခဲကို ကိုယ်ကိုယ်တိုင်ကလွဲပြီး အခြားဘယ်သူမှ မဖြတ်ကျော် ၊ မဖြေရှင်းနိုင်ဘူး။ ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းနိုင်တယ်။
"LIFE"ဆိုတဲ့ စကားလုံးမှာ "I"ကို ဖြုတ်လိုက်မယ်ဆိုရင် "LFE" အဓိပ္ပါယ်မရှိတော့ဘူး။ ဒီတော့ "LIFE" ဆိုတဲ့ ဘဝမှာ "|" ဆိုတဲ့ ကိုယ်ကသာအရေးကြီးဆုံးပါ။ ကိုယ့်ဘ၀ရဲ့ပဲ့ကိုင်ရှင်ဟာကိုယ်ပါပဲ။ ကိုယ့်ဘဝကို ကိုယ်ပဲပိုင်တယ်။ ကိုယ့်ဘ၀ကို ဘယ်သူမှစိုးမိုးခွင့် ၊ ပဲ့ကိုင်ခွင့် ၊ လွှမ်းမိုးခွင့်မပေးပါနဲ့။
အဲ့ဒီလိုပဲ "SUCCESS" ဆိုတဲ့ စကားလုံးမှာ "U" ကို ဖြုတ်လိုက်မယ်ဆိုရင် အဓိပ္ပါယ်မရှိတော့ဘူး။ ဒီတော့"SUCCESS" ဆိုတဲ့ “အောင်မြင်မှု”ဟာ "U" ဆိုတဲ့ အခုစာဖတ်နေသူလေးအပေါ် မူတည်နေပါတယ်။
အတိတ်က ခွင့်မလွှတ်ခြင်း ၊ နာကျင်ခြင်း ၊ လက်စားချေခြင်းဆိုတဲ့ လေးလံတဲ့၀န်ပိုးကြီးကို အခုထိသယ်လာရတာမမောသေးဘူးလားစာဖတ်သူလေး ။ လွှတ်ချလိုက်ပါတော့။ အတိတ်ကနာကျင်မှုတွေကို စိတ်ညစ်ခံပြီးတွေးနေမယ့်အစား ၊ အနာဂတ်ကို စိတ်ပူနေမယ့်အစား အခုပဲအကောင်းဆုံးဆိုတဲ့အရာတွေကိုစတင်လုပ်ဆောင်လိုက်ပါတော့။
ကိုယ့်ဘဝကဆိုးလိုက်တာလို့တွေးမိတိုင်း ထမင်းတောင်နပ်မှန်အောင်မစားရတဲ့လူတွေကို သတိရပါ။ ခြေလက်မသန်မစွမ်းနဲ့ လောကဒဏ်ကိုဒူးထောက်အရှုံးမပေးတတ်သူတွေကိုအားနာပါ။ သူတို့တောင် အခက်အခဲမှန်သမျှကို ရင်ဆိုင်ဖြေရှင်းပြီး အကောင်းဆုံးဖြတ်ကျော်နေကြတယ်။ ကျွန်တော်တို့လို သန်သန်မာမာတွေက အခက်အခဲနဲ့တွေ့တိုင်း ဘာလို့ထွက်ပြေးနေရမှာလဲ။ ရင်ဆိုင်ကျော်ဖြတ်လိုက်စမ်းပါ။
နှလုံးသားဆိုတာ ဖန်ခွက်လေးတစ်လုံးလိုပဲ။ ပူတဲ့အရာတွေထည့်ထားရင် ပူတဲ့ဒဏ်ကိုခံစားရသလို အေးတာထည့်ရင် အေးတဲ့အရာကို ခံစားရမယ်။ ဒါကြောင့် စာဖတ်သူလေးရဲ့ဖန်ခွက်ထဲကို မီးခဲတွေထည့်ပြီး ပူလောင်ခံမယ့်အစား အခုပဲ ရေခဲတုံးလေးတွေထည့်ပြီး အေးချမ်းမှုကိုခံစားလိုက်ပါ။
ခြေလှမ်းတွေကို ရဲရဲကြီးလျှောက်လှမ်းပြီး ဘဝရဲ့အခက်အခဲမှန်သမျှကို ရဲရဲကြီးရင်ဆိုင်ကျော်ဖြတ်လိုက်ပါစာဖတ်သူလေး။
သင့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာသင်ပဲဆိုတာမမေ့ပါနဲ့။
စိတ်ခွန်အားရလိမ့်မယ်လို့ မျှော်လင့်လျှက်...
Haruki
Keep Reading