Chancellor
အခန်း(၅) လူပျင်းကျည်ချ ပြာသိုလ
အပိုင်း(၁)
သစ်စေးထိုးသမားတို့၏ လုပ်ငန်းကား ထွန်တုံးပိတ်ချိန်တွင် စတင်သည်။ ကျေးလက်နေ ပြည်သူတို့ကား အချိန်ကို သူတို့သဘာဝအတိုင်း သတ်မှတ်ခေါ်ဆိုကြသည်။ ထွန်တုံးပိတ်ချိန် စပါးနယ်ချိန် တလင်းသိမ်းချိန် စသဖြင့် ခေါ်ဆိုကြသည်။ ထွန်တုံးပိတ်ချိန်ဆိုသည်ကား လယ်များအားလုံး စိုက်ပျိုးပြီးချိန်ကို ခေါ်သည်။ သစ်စေးသမား အများစုမှာ လယ်သမားများဖြစ်ကြသည်။ ထို့ကြောင့် မိုးဉီးကျလျင် လယ်ထွန် ပျိုးထောင်ကောက်စိုက်ပြီးသည်အထိ လယ်ယာလုပ်ငန်းခွင်တွင် ဝင်ရောက်လုပ် ကိုင်ကြရသေးသည်။ အဆိုပါ ထွန်တုံးပိတ်ချိန် တော်သလင်းလမှ သစ်ဆေးတောရှိရာသို့ လာခဲ့ကြရသည်။
သစ်စေးသမားတို့၏ လုပ်ငန်းသုံးပစ္စည်းများ
သစ်စေးသမားတို့တွင် လုပ်ငန်းသုံးပစ္စည်းဟူ၍ များများစားစားမရှိပါချေ။ သစ်စေးထိုးရန် ဆောက်တစ်လက်၊ သစ်စေး ထည့်ရန် ပလုံးငယ်တစ်လုံး၊ ပလုံးပေါ်တင်သည့် ခံဟုခေါ်သည့် ဇကာတစ်ခု၊ အဆိုပါ ဇကာပေါ်တွင် ကန့်လန့်ဖြတ်တင်ထားသည့် တုတ်တစ်ချောင်း(အဆိုပါ တုတ်ချောင်းကလေး ပေါ်တွင် သစ်စေးကျည်တောက် ကိုတင်၍ သစ်စေးပလုံးထဲသို့ ခြစ်ချသည်။) ပုံသင်ဟုခေါ်သည့် ဆောက်နှင့် ပလုံးထည့်ရန် တောင်းပက်တစ်လုံး၊ သစ်စေးကျည်တောက်များနှင့် ဝါးလှေကား တစ်ချောင်း သာပါရှိသည်။
သစ်စေးကျည်တောက်များ
မိုးတွင်းကာလ စပါးစိုက်ပျိုးနေချိန် အားလပ်ချိန်များတွင် သစ်စေးသမားတို့မှာ သစ်စေးသမားတို့ မှာ သစ်စေးထိုးရန် ဝါးကျည်တောက်များ ပြုလုပ်ကြရသည်။ ဝါးကျည်တောက်လုပ်ရန်အတွက် ရွာတွင် အလွယ်တကူ ရရှိနိုင်သော ထီးရိုးဝါးများကိုသာ အသုံးပြုလေ့ရှိကြသည်။ သင်းဝါးမျင်ဝါးတို့မှာ ရွာမုံတောင်တွေးတီဘက် မဟာမြိုင်တောစပ်ထဲ သွားခုတ်မှ ရနိုင်သည်။ ထို့ကြောင့် အလွယ်တကူ ထီးရိုးဝါးများကိုသာ အသုံးပြုကြရသည်။ ထီးရိုးဝါးကို တစ်ဖက်ပိတ် ငါးလက်မခန့်ဖြတ်ပြီး ထိပ်ဝဘက်တွင် ဓားမဖြင့် ခပ်ရွှေရွှေချွန်လိုက်လျင် ဝါးကျည်တောက်ကို ရရှိသည်။ အဆိုပါ ဝါးကျည်တောက်မျိုး အလုံးနှစ်ထောင်ခန့် ပြုလုပ်ထားကြရသည်။
ဝါးလှေကား
သစ်စေးသမားတို့၏ ဝါးလှေကားသည်ကား ထန်းသမားများ၏ ဝါးလှေကားကဲ့သို့ပင် တစ်လုံးထဲသော ဝါးကိုသာ သုံးကြသည်။ အခြားဒေသမှ ထန်းသမားများမှာ ဝါးကို နှစ်လုံးသုံး၍ လှေကား သဖွယ် ပြုလုပ်ကြသော်လည်း ကျွန်ုပ်တို့ တန့်ဆည်နယ်ဘက်မှ ထန်းသမားများမှာ တစ်လုံးထဲသော ဝါး ဖြင့်သာ ထန်းတက်ကြသည်။ ထန်းသမားများက သိုက်ဝါးကို အသုံးပြုကြသော်လည်း သစ်စေးသမား များမှာ အများအားဖြင့် ရွာဘက်တွင် အလွယ်တကူရရှိနိုင်သော ထီးရိုးဝါးကိုသာ သုံးကြသည်။
ဝါးရုံပင်ထဲမှ အရင်းတုပ်သော ထီးရိုးဝါးကို ခုတ်ပြီး ဆယ့်လေးငါးပေခန့်ဖြတ်ရသည်။ ပြီးလျင် နှစ်ပေခြားလောက်စီကို သုံးမတ်ဆောက်ဖြင့် အပေါက်ဖောက်ပေးရသည်။ ပြီးလျင် လှေကားထစ်အဖြစ် ၄ x ၁ပျဉ်ချပ်ကို တစ်ပေခန့်ဖြတ်၍ ခြေဖဝါးတစ်ခွင်စာ လေးလက်မခန့် ချန်ပြီးကျန်သည့် ၈ လက်မကို အလယ်တွင် သုံးမတ်အချောင်းကလေးရအောင် လှီးထုတ်လိုက်လျင် စားပွဲတင် တင်းနစ်ရိုက်တံနှင့် တူသည့် လှေကားထစ်ကို ရရှိသည်။ ပြီးလျင် အဆိုပါ သုံးမတ်ချောင်းကို ဝါးတွင်ဖောက်ထားသော အပေါက်ထဲသို့ ရိုက်သွင်းရသည်။ ဤသို့လျှင် တစ်ဖက်က လေးလက်မ အပြားခြေနင်းရပြီး အခြားတစ်ဖက်တွင် သုံးမတ်လုံး ခြေနင်းကိုရသည်။
ဝါးလှေကား၏အပေါ်ဘက်ထိပ်တွင် ရှစ်လက်မခန့်ကျယ်သည့် ခရင်းခွ သံချွန်ကို ကြေးနန်းဖြင့် သေချာစွာ တုပ်နှောင်ထားသည်။ အဆိုပါ ခက်ရင်းခွမှာ သစ်စေးပင်ကို မှီထောင်လိုက်လျင် ဝါးလှေကား လဲကျမသွားစေရန် အထိန်းသဘော အကုပ်သဘောမျိုးဖြစ်သည်။
ဆောက်
သစ်စေးထိုးသည့် ဆောက်မှာ ပန်းပဲ ဆရာထံ သီးခြားမှာယူရသည်။ ဆောက်တစ်ချောင်းလျင် တစ်သောင်းခွဲခန့် ပေးရသည်။ တစ်ပေခန့်ရှည်သော ဆောက်အကောက်ကြီးဖြစ်သည်။ အသွားဘက်မှာ သုံးမတ်ခန့် ဗျက်ရှိသည်။ အသွားဘက်မှ ခြောက်လက်မခန့်အရိုးဘက်မှ တစ်ပေခန့်နေရာတွင် အနည်းငယ် ကွေးထားသည်။ အရိုးဘက်မှာ အလုံးဖြစ်ပြီး အခေါင်းပါရှိသည်။ အဆိုပါ အနှောင့်ဘက် အခေါင်းထဲသို့ သစ်သားရိုး ရိုက်သွင်းထားပြီး သစ်သားရိုးထိပ်တွင် ရာဘာဖိနပ်အပျက်ကို ဖြတ်၍ သံချောင်းဖြင့် ရိုက်ထားသည်။ သစ်စေးထိုးသည့်အခါ လက်ဖနောင့်ဖြင့် ရိုက်ရသည်ဖြစ်လေရာ လက်မနာ စေရန် ဖြစ်သည်။
ပုံသင်
ပုံသင်ဆိုသည်မှာ ဝါးဖြင့် ယက်လုပ်ထားသောာ ခြင်းတောင်းတစ်ခုပင်။ ဒေသအခေါ် ပက်ပြဲ တောင်းကလေးနှင့်တူ၏ အဝကျယ်ပြီး စောက်မနက်သော တောင်းကလေးများကို ပက်ပြဲတောင်း ဟုခေါ်သည်။ ပုံသင်၏ အဝကား နှစ်ပေခန့်ကျယ်ပြီး စောက်မှာ ရှစ်လက်မခန့် နက်သည်။
အဆိုပါ ပုံသင်ထဲသို့ သစ်စေးသမား၏ ဆောက်နှင့် သစ်စေးထည့်သည့် သလပ်တို့ကို ထည့်ရသည်။ သင်ပုံ၏အောက်ခြေတွင် ကြက်ပေါင်မျှော့ကြိုးဖြင့် ချိတ်ကလေးနှစ်ခု ချည်ထားသည်။ သစ်စေးစုသည့် သလပ်ကို ပုံသင်ထဲထည့်ပြီး အပေါ်မှ တုတ်ချောင်းကလေး ကန့်လန့်တင်ကာ ကြက်ပေါင် ကြိုးဖြင့် ဆွဲချိတ်လိုက်လျှင် သစ်စေးပုံသည်လည်းကောင်း သလပ်ပေါ်မှ တုတ်ချောင်းကလေးသည် လည်းကောင်း၊ မလှုပ်ရှားတော့ဘဲ ပုံသင်ထဲတွင် မြဲသွားသည်။ ပုံသင်၏ ဘေးနှစ်ဘက်တွင် ကြိုးတပ်ပြီး ကြိုးစနှစ်ဘက်ကို ထန်းခေါက်လျော်မှာ ဖောက်ထားသည့်အပေါက်တွင် ချည်ထားသည်။ ထန်းခေါက်လှော်ပြားမှာ သစ်စေးသမား၏ ပုခုံးပေါ်တွင် ကြာကြာလွယ်ထားနိုင်ရန်ဖြစ်သည်။ ကြိုးကိုသာ လွယ်ထားရလျှင် ရေရှည်တွင် ပခုံးက ခံနိုင်မည်မဟုတ်သဖြင့် အဆိုပါ ထန်းခေါက်လျှော်ပြားကြီးကို သုံးကြခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ပီနံအိတ်များ ပေါများလာရာ အဆိုပါ ထန်းခေါက်လျှော် နေရာတွင် ပီနံအိတ်ကို ခေါက်၍ သုံးစွဲလာကြသည်။
သလပ်
သလပ်ဆိုသည်မှာ နှီးဝါးဖြင့် ယက်ထားသော ပလုံးအသေးကလေးပင်။ အဝကျဉ်းပြီး ဆောက်နက်သော တောင်းသေးသေးကလေးများကို ပလုံးဟုခေါ်သည်။ ပလုံးကို အတွင်းအပြင် သစ်စေး လိမ်းလိုက်လျင် ရေလုံသွားသည်။ ဤပလုံးကလေးထဲသို့ သစ်စေးသမားများ ဝါးကျည်တောက်ထဲမှ သစ်စေးကို ပြောင်းထည့်သည်။ ရှေးယခင်က ပလုံးကိုသာ သုံးကြသော်လည်း နောက်ပိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သော အဝကျဉ်းပြီး သပိတ်နှင့်တူသည့် ဒါန်အိုးအလုံးကို သုံးလာကြသည်။
ခံ
သစ်စေးထည့်သည့်သလပ်ပေါ်တွင် ခံဟုခေါ်သော ဇကာကလေးတပ်ထားသည်။ အထဲမှ သစ်စေး ကို အပြင်သို့ ဖိတ်စဉ်မကျစေရန် အဖုံးအပိတ်သဘောမျိုးဖြစ်သည်။ ဒါန်ဇလုံတစ်ခုကို သံချောင်းဖြင့် ရိုက်ဖောက်လျှင် သစ်စေးသမားတို့ သုံးသည့် ခံကို အလွယ်တကူ ရရှိသည်။
တုတ်ချောင်းကလေး
တုတ်ချောင်းကလေးကား တစ်လက်မပတ်လည် သစ်သားချောင်းကလေးဆိုလျင် ရချေပြီ။ အထက်ကဆိုခဲ့သည့် သလပ်ပေါ်ရှိ ခံပေါ်တွင် ကန့်လန့်ဖြတ် တင်လိုက်ပြီ ပုံသင်တွင် ချည်ထားသည့် ကြက်ပေါင်ကြိုးမှ ချိတ်ကို အဆိုပါသစ်သားချောင်းကလေး၏ ထိပ်နှစ်ဘက်ကို ဆွဲပြီး ချိတ်ထားရသည်။ သလပ်ပုံးရွေ့မသွားစေရန်ဖြစ်သည်။ သစ်စေးသမားသည် သစ်စေကို ဝါးကျည်တောက်ထဲမှ သလပ်ထဲသို့ ပြောင်းထည့်သောအခါ ကျည်တောက်ကို အဆိုပါ တုတ်ချောင်းပေါ်တွင် တင်ပြီး ကျည်တောက်ထဲမှ သစ်စေးကို ဆောက်ဖြင့် ခြစ်ချလိုက်ရသည်။ ဖော်ပြပါ ပစ္စညးများသည်ကား သစ်စေးသမားတို့ သစ်စေး ထိုးရာတွင် အသုံးပြုရသည့် အသုံးအဆောင်ပစ္စည်းများပင်တည်း။
တောနက်တစ်ခွင် လုပ်ငန်းဝင်ဖို့
သစ်စေးသမားများ သစ်စေးတောသို့ သွားကြတော့မည်ဆိုလျှင် ချက်ပြုတ်စရာ အိုးခွက်ပန်းကန်များနှင့် ချက်စရာပြုတ်စရာများ သစ်စေးထိုးရာတွင် သုံးမည့် ပစ္စည်းများကို လှည်းပေါ် တင်ကာ သစ်စေးတောရှိရာသို့ အိမ်မှ တစ်ယောက်ယောက်က လိုက်ပို့ရသည်။ သစ်စေးသမား သုံးလေး ယောက်စုဖွဲ့ကာ နေကြရသည်။ လူမနီးသူမနီး တောကြိုတောကြားထဲတွင် နေကြရသည်ဖြစ်ရာ သို့ကလို စုဖွဲ့ကာ နေကြရခြင်းပင်။ မနက်မလင်းမီက ထွက်လာကြရာ မိမိတို့စခန်းချမည့်နေရာ ရောက်လျင် တဲဆောက်မည့်နေရာအား ခုတ်ထွင် ရှင်းလင်းကြရသည်။ ပြီးလျင် အနီးရှိ တောထဲမှ ဂွတိုင်များ မျောများ အင်သားပေါက်များ ခုတ်ကာ တဲဆောက်ကြရသည်။ အမိုးကိုတော့ ရွာမှ ယူလာခဲ့သည့် သက်ကယ်ပစ်များ ဖြင့် မိုးကြရသည်။ သက်ကယ်ပစ် ပါမလာလျင် အနီးရှိအင်ပင်မှ အင်ရွက်များကို သက်ကယ်ပစ်များ ပြုလုပ်ပြီး အဆိုပါ အင်ဖက်သက်ကယ်ပစ်များ မိုးကြရသည်။ သူတို့စခန်းချသည့်နေရာမှာ စမ်းချောင်းနှင့် မနီးမဝေး ရေအလွယ်တကူရနိုင်မည့် နေရာလောက်ကို ရွေးဆောက်ကြရသည်။ ရောက်သည့်နေရာတွင် နေစရာ အိပ်စရာ တဲဆောက်ရသည်နှင့် အချိန်ကုန်သွားသည်။ ညနေစောင်းသော် ရွာမှ လိုက်ပို့သော လှည်းသမားအဖွဲ့လည်း ရွာသို့ ပြန်သွားကြသည်။ တောထဲတွင် သူတို့ သစ်စေးသမားများသာ ကျန်ရစ် တော့ သည်။
လုပ်ငန်းစတင်ခြင်း
နောက်မနက်အိပ်ယာထ ချက်ပြုတ်စားသောက်ပြီးလျှင် နေ့လယ်စာကို အင်ဖက်ဖြင့် ထမင်း အနည်းအငယ်ထုပ်ကာ မိမိတို့ သစ်စေးတောရှိရာသို့ အသီးသီး ထွက်လာကြရသည်။ သစ်စေးတောမှ စခန်းချရာနေရာမှ တစ်မိုင်နှစ်မိုင်ခန့်တွင် ရှိသည်။ စစချင်းထိုးသည့်နေတွင် သစ်စေးစုဆောင်းရန် မလိုသေးသဖြင့် ပုံသင် ယူစရာမလိုချေ။ ဝါးကျည်တောက်များကို ပီနံအိတ် သို့မဟုတ် လက်ဆွဲအိတ်များထည့်ကာ သယ်ယူလာကြရသည်။ သစ်စေးစထိုးသည့်နေ့ကို အရည်လိုသော် စနေနေ့ကို စရာ၏ ရှေးလူကြီးသူမတို့ ဆိုရိုးစကားအတိုင်း စနေနေ့တွင် စတင်လုပ်ငန်းဝင်လေ့ရှိကြသည်။
သစ်စေးသမားများက သစ်စေးပင်ကို ဆောက်နှင့်ထစ်သည့်နေရာကို မန်း ဟုခေါ်ကြသည်။ ပထမဆုံးမန်းကွက်မှာ သစ်စေးပင်၏ အောက်ခြေမှ အပေါ်နှစ်ပေကွာလောက်တွင် စထိုးသည်။ သည်ဒေသရှိ သစ်တောတိုင်းလိုလို တောမီးများ ရှို့ထားတက်ကြသည်။ နွေရာသီက တောမီးရှို့ထားသဖြင့် အပင်အောက်ခြေနေရာများမှာ မီးသင့်နေတက်သဖြင့် သစ်စေးလည်း မထွက်ချေ။ ထို့ပြင် သူတို့အဖို့လည်း မြေကြီးကို ကပ်ပြီး ဆောက်ဖြင့် မန်းကွက်ဖော်ရန်မှာလည်း မဖြစ်နိုင်ချေ။ ထိုသို့သော အကြောင်းကြောင်း များကြောင့် ပင်ခြေမှ နှစ်ပေခန့်သာ စတင်၍ မန်းကွက်ထိုးနိုင်ပေသည်။
ပထမဆုံးမန်းကွက်ကို ဆောက်ဖြင့် သစ်စေးပင်၏ အခေါက်ကို အင်္ဂလိပ်အက္ခရာ v သဏ္ဌာန် ထွင်းရသည်။ ဆောက်လမ်းကြောင်းကျမည့်နေရာရှိ အခေါက်ပေါ်မှ အခေါက်ကြမ်းများကို ဆောက်ဖြင့် အရင် ထိုးချရသည်။ ပြီးလျှင် ဆောက်ဖြင့် ထွင်းရသည်။ ဆောက်နှင့်ထွင်းသည် ဆိုရာဝယ် လက်ဖက်နောင့်ဖြင့် ဆောက်ရိုးကို ဆောင့်ပေးရသည်။ ဗွီပုံသဏ္ဌာန်ကို မန်းချွန်ဟု သစ္စေးသမားများက ခေါ်ကြသည်။ အဆိုပါ ဗွီပုံသဏ္ဌာန်မှာလည်း အရှည် လေးလက်မခန့် အကျယ်နှစ်လက်မခွဲ သုံးလက်မခန့် သာရှိသည်။ ထိုကဲ့သို့ ဆောက်ဖြင့် ထွင်းပြီးလျှင် အချွန်ထိပ်မှ ဆောက်ဖြင့် အနည်းအငယ် ဟ ပေးရသည်။ အနည်းငယ်ဆိုယုံမျှသာ။ များလွန်းလျှင် အခေါက်ကျိုးသွားတက်သဖြင့် အသစ်ပြန်ထွင်းရမည်။ ပြီးလျှင် ဗွီသဏ္ဌာန် အချွန်အောက်၌ ဝါးကျည်တောက်ကို ဆောက်ဖြင့် နှစ်ချက် သုံးချက် ရိုက်သွင်းလိုက်လျှင် ကျည်တောက်သည် အပင်၌ မြဲသွားသည်။ ထိုသို့ ရိုက်ရာတွင်လည်း အားပြင်းပြင်း မရိုက်ရချေ။ အားပြင်းပြင်းရိုက်လျှင် ဝါးကျည်တောက်မှာ ကွဲသွားတက်ပြန်သည်။ သူတို့ ကျွမ်းကျင်မှုနှင့် သူတို့သာ။
မန်းတစ်ကွက်ကို ဝါးကျည်တောက် ရိုက်ပြီးသည်အထိ နှစ်မိနစ်ခန့်သာ ကြာသည်။ တစ်နေ့လျှင် မန်းကွက်ပေါင်းပျမ်းမျှ သုံးရာအထိ ပြီးသည်။ ကျည်တောက်သုံးရာ ရိုက်နိုင်သည်။ တချို့ မြန်ဆန်သူတို့ ကျည်တောက် လေးရာထိ ပြီးသည်လည်း ရှိသည်။ မနက်ခုနှစ်နာရီခန့်မှ စတင်ထိုးကြရာ တစ်နေ့လုံး တစ်ပင်ပြီးတစ်ပင် လှည့်ထိုးကြရပြီး ညနေ ငါးနာရီကျော်မှ အလုပ်သိမ်းပြီး မိမိတို့စခန်းချရာ တဲသို့ ပြန်ကြရသည်။ တနေကုန် သွားနေရသဖြင့် သစ်စေးသမားများနောက်သို့ အိမ်က မွေးထားသည့် ခွေးတောင် မလိုက်ချင်ကြဟု ဆိုကြသည်။
ပထမဆုံးတစ်လည်အဖို့ မန်းချွန်များသာ ထိုးသွားရသည်။ တစ်လည်ဆိုသည်မှာ ငါးရက်ထိုး နှစ်ရက်နား သို့မဟုတ် ငါးရက်ထိုး သုံးရက်နား စသည်ကို တစ်လည် ဟုခေါ်သည်။
သစ်စေးပင်၏ပင်စည်လုံးပတ်သည် နှစ်ထွာခွဲ သုံးထွာရှိပြီဆိုလျှင် သစ်စေးထိုး၍ ရချေပြီ။ ထိုအပင်ငယ်များအဖို့ တစ်ပင်တွင် တစ်ကျည်တောက်သာ ထိုးရသည်။ လက်တစ်ဖက်ကျော် ကြီးသည့် အပင်များမှ ဟိုဘက်သည်ဘက် နှစ်ကျည်ထိုးနိုင်သည်။ သစ်စေးအင်မတန် ယိုသည့်အပင်ကိုတော့ လေးဘက်လေးတန် လေးကျည်တောက်ထိုးကြသည်။ အဆိုပါ အပင်မျိုးကလည်း ရှားပါးသည်။
သစ်စေးအယိုဆုံး အပင်ဆိုလျှင် ဝါးကျည်တောက်အပြည့် ယိုသည်။ ထိုအပင်များကို ဝါးကျည်တောက် အကြီးဖြင့် ထိုးပေးရသည်။ ငါးသေတ္တာဗူး အရှည်နှင့် အပြည့်သည် အစိတ်သား ကွက်တိ ရှိသည်။ ပုံမှန်အပင်များမှာ ကျည်တောက်ဝက်မျှသာ ရသည်။ အချို့အပင်ဆိုလျှင် လက်ဖက်ရည်ဇွန်း နှစ်စွန်းသုံးစွန်းသာမျှ ရသည့်အပင်လည်း ရှိတက်သည်။
စစချင်းငါးရက် ထိုးပြီးလျှင် နှစ်ရက်နားရသည်။ ထိုနှစ်ရက်အတွင်း ရွာကို ပြန်၍ ချက်စရာပြုတ်စရာ စားနပ်ရိက္ခာအတွက် ရွာပြန်ရပြန်သည်။
Keep Reading