Khant Thaw Maung

"နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်"
လက်ဖက်ရည်ဆိုင်က ဖွင့်ထားသည့် သီချင်းသံ ပိုလို့ကျယ်လာသလိုလိုပင်။ ဓီရာမိုရ်၏ အိမ် သီချင်းကို တက္ကသိုလ်ကျောင်းသားဘဝကတည်းက နှစ်ခြိုက်ခဲ့ရဖူးသည်။ အဝေးက အဝေး၌ မေတ္တာနှောင်ထားသည့် သံယောဇဉ်ကြိုးများနှင့် ဝေးကွာခြင်းသည် လွမ်းစေတတ်၊ တမ်းတစေတတ်ပါသည်။ မြန်မာစာပေ၌ ပထမဆုံး အိမ်ဝေးအလွမ်း စာတင်သူမှာ လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံဖြစ်ပါသည်။ မင်းပြစ်သင့်၍ မဲဇာအရပ်သို့ သွားခဲ့ရသည်။ မဲဇာတောင်ခြေ နှင့် ဝေရွှန်းစန္ဒာ ရတု နှစ်ပုဒ် ဆက်သွင်း၍ ဘုရင့်အမျက်ပြေ အိမ်ပြန်ခရီးလှမ်းခဲ့ရသည်။
"ရင်သွေးရွှေတောင်၊ သားမောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင်ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါးမျက်ခြည်၊ သားနှင်းရည်သည်။ ရွှေလည်ဆွဲချင်ရှာလိမ့်မည်။ "
ဖခင်တစ်ယောက်၏ မိသားစုအလွမ်းပေါ့။ သူလည်း အဝေးကနေ ပူရှာခြင်းဖြစ်သည်။ အမိုး၊အကာ၊ အခင်းအပြည့် တစ်ခဏ နားနေရုံ၊ ကျောတစ်ဆန့်စာ မှေးစက်ရုံဖြင့် ရုပ်ဝတ္ထုအိမ် ဟု ခေါ်ရုံမျှသာ။ အိမ်တိုင်းက မနွေးထွေးနိုင်ပေငြား နွေးထွေးရာအရပ်တိုင်းသည် အိမ်ဖြစ်နိုင်သည်။ အထူးသဖြင့် မိသားစုထွေးရိပ်၊ မိဘ နွေးရိပ်သည် ကျွန်တော်တို့အမျှော်လင့်ဆုံး အိမ်ကလေး ဖြစ်ပါသည်။ အတောင်စုံလို့ အသိုက်ကထွက်၊ ငှက်ကလေးတွေကမှ အိပ်တန်းပြန်တက်ချင် တက်နိုင်ဦးမည်။ ကျွန်တော်တို့ အိမ်တစ်ခေါက်ပြန်ရောက်ခဲသည်။ အိမ် ဆိုကာမှ အိမ်ကို သိပ်သတိရမိသည်။ သံယောဇဉ်သင်းပျံ့သည့်မြေကို တမ်းတမိသည်။
ကျွန်တော့်အတွက် ကျွန်တော့်ကြီးပြင်းရာအရပ်ကလေးသည် အိမ်ပါပဲ။ အိမ်ကလေး၏ လွမ်းမောရဆုံးအချိန်က ယခုလို ဝါကျွတ်ကာလတွေပေါ့။သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာပွဲရှိသည်။ ရွှေတံခါးစေတီတော်ကြီး၏ ဘုရားပွဲတော်ကလည်း သီတင်းကျွတ်လပြည့်နေ့ပင်ဖြစ်သည်။ဖေဖေဝါးခုတ်သွားလျှင် လိုက်နေကြပေငြား ယခုလို ကာလဝါးခုတ်သွားသည်က ထူးခြားသည်။ ဆွမ်းလောင်းအလှူအတွက် သီးသန့်နှီးဖြာ၊ မဏ္ဍပ်ထိုးကြရန်ဖြစ်သည်။ ရွာ၌ မဏ္ဍပ်ထိုးပြီး ဆွမ်းချက်ကြမည်။ ညနေစောင်းကတည်းက ကောက်ညှင်းထုပ်များကို ရွာမှာ စုပေါင်းပြီး ထုပ်ကြသည်။ အခြားမြန်မာမုန့်များလည်းလုပ်ကြသည်။ ပီလောပီနံ ရွှေကြည်ကိုဖြင့် အတော်ကြိုက်မိပါသည်။ မီးဖိုကသူက ဖို၊ ရေခပ်သူကခပ်၊ ထင်းခွေသူကခွေ နှင့် အတော်စည်ကားလှသည်။သီတင်းကျွတ်ကာလဖြစ်သည့်အတွက် အစ်ကို၊အစ်မများက ရွာလမ်းလေးကို မီးထွန်းသည်။ တစ်ကိုယ်စာ ကိုယ့်တစ်အိမ်စာမီးထွန်းပြီးကြလျှင် ရွာထိပ်မှသည် စေတီတော်ကြီးထိ မီးထွန်းကြသည်။ ဆီမီးခွက်လေးများက တစ်စု၊ ဗာဒံရွက်များကို ရွှံ့လုံးများပေါ်ထိုးကာ ဖယောင်းတိုင်စိုက်၍လည်း မီးပူဇော်ကြပြန်သည်။ စေတီတော်ကြီးအထိ လှမ်းမျှော်ကြည့်လျှင် တောင်ကုန်းလေးပေါ်သို့ မီးတန်းလေးတက်သွားသည့်ဟန်မှာ တာဝတိံသာက မြတ်စွာဘုရားပြန်ကြွလာသည်ကို ကြိုဆိုဖူးမျှော်ကြဟန်ပေါ့။ လရောင်ထိန်ထိန်အောက်၌ ဆီမီးခွက်များ၊ ဗာဒံခွက်မီးကလေးများအစီအရီနှင့် တစ်မျိုးကြည်နူးစရာကောင်းသည်။
ဆွမ်းချက်သည့်အပြင် စတုဒီသာ အစီအစဉ်ရှိသေးသည်။ ငယ်ငယ်တုန်းကတော့ သူငယ်ချင်းများနှင့် စုကြ၊ဝိုင်းကြ အတူထိုင်စားရတာ ပျော်စရာကောင်းလှသည်။တစ်ဖြည်းဖြည်းနှင့် ညကိုချဉ်း၍ စိမ့်အေးလာပါပြီ။ ကိုကို၊မမ ကာလသားမ၊ကာလသမီးပျိုများ ဘုရားဆီမီးပူဇော်ပြီးလျှင် ပြုလုပ်နေကြ အရာတစ်ခုရှိသည်။ ကာလသား၊ကာလသမီးများ၊ ကျွန်တော်တို့ကလေးတစ်စု စီတန်းကာ ရွာရှိ သက်ကြီးရွယ်အိုများကို တစ်အိမ်တက်ဆင်း လိုက်ကန်တော့ကြသည်။ ကန်တော့ပန်းလှူဖွယ် ကတော့ ကိုယ့်အိမ်ရှိ အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် မုန့်များပေါ့။ "ငါ့မြေးများ ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဘေးကင်းလို့ ခလုတ်ရှင်းပါစေ။ ပညာတတ်ကြီးများ ဖြစ်နိုင်ကြပါစေ" ဟူသည့် ဆုတောင်းသံများက ရွာလေးကို လွှမ်းပတ်ခြုံထားသည်။ ကိုယ့်အိမ်က မိဘဘိုးဘွားများကိုတော့ သီတင်းကျွတ်လပြည့်နေ့ညမှ ကန်တော့ကြပါသည်။ ညချဉ်းပြီဆိုပေငြား ဆီမီးသာသာ လရောင်ဖြာဖြာနှင့် ကလေးလူကြီးအိပ်နိုင်ခဲသည်။ ကျွန်တော််တို့ကလေးစုကို ဘကြီးမန်းဘသိန်းက ပုံပြင်ပြောပြသည်။ဘကြီးက ရွှေတံခါးစေတီတော်ရှိပန်းချီများကို ဆွဲသားသည့် ပန်းချီဆရာကြီးဖြစ်သည်။ ဘကြီးပုံပြင်ဆုံးတော့ အိမ်ပြန်ကြသည်။ လူကြီးများ ဆွမ်းချက်ပြီးခါနီးလောက်တွင် ရွာသံခြေတိတ်ပါပြီ။ ကျွန်တော်တို့ကလေးတစ်သိုက် အိပ်ပြီလေ။။
သီတင်းကျွတ်လပြည့် နံနက်အရုဏ်အမီ ရွာက လူတန်းရှည်ကြီး မီးခွက်ကလေးများ ကိုယ်စီကိုင်ကာ စေတီတော်ကြီးသို့ တက်ကြတော့သည်။ ရွှေတံခါးစေတီရင်ပြင်တော်မှာ ကြက်ပျံမကျ စည်ကားနေလေပြီ။ ဘုရားအမှူးပြု သံဃာများ ကို ဆွမ်းလောင်းလှူကြလေပြီ။ ဤအလေ့ကို စေတီတော်ကြီး ပြန်လည်မွမ်းမံပြီးသည့် သက္ကရာဇ် ၁၂၄၀ကျော်ကာလကတည်းက ယခုထိ လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်ပါသည်။ ရွာနီးချုပ်စပ် ရွာများအပြင် ဘေးဧရာဝတီတိုင်းရှိ မူလစေတီတော်ပြုပြင် ဆရာတော်ကြီး၏ တပည့်ဒါယကာများပါ လာရောက်ကုသိုလ်ပြုကြသည်။ ဤသည်မှာ ချစ်ရသော နွေးရိပ်မြုံလေး၏ ချစ်စရာဓလေ့များ ဖြစ်သည်။ ဓလေ့ကိုမင်တော့ အိမ်ကိုလွမ်းလှ၊ အိမ်ကို ပြန်ချင်လှပါသည်။
မိုးလွတ်လေကင်းသည့် ယခုကာလချိန်သည် ကျွန်တော်တို့ အိမ်ပြန်ချိန်ဖြစ်သည်။ တစ်ကိုယ်စာ အိမ်ပြန်ချိန်မဟုတ်၊ တစ်ပြည်သားလုံး၏ အိမ်ပြန်ချိန်ဖြစ်ပါသည်။ ကျွန်တော်လည်း အိမ်ပြန်ပါမည်။ အိမ်ပြန်ရာ လမ်းမကြီးသည် ခပ်ညို့ညို့ သစ်ပင်တန်းလေးကို ဦးစွာဖြတ်ရသည်။ ကတ္တရာပြင်ကျယ်လမ်းမကြီးများကို အတော်သင့်ဖြတ်ပြီးသည့်နောက် တွံတေးတူးမြောင်းပေါ်မှ ထပ်မံဖြတ်သန်းရသည်။ တူးမြောင်းကို ဖြတ်သန်းဆက်သွယ်ထားသည့်တွံတေးတံတားကြီး၏ အရှေ့ကို တူရှူမိလျှင် ရွှေတိဂုံစေတီတော်ကြီးကို ခပ်ရေးရေး ဖူးမြှော်ရသည်။ အနောက်သို့ ဆန့်လျှင် တွံတေးစေတီတော်ကြီးကို နေမင်းနောက်ခံထက် ဝါသောအဝါကို ကြည်ညိုမဆုံးဖြစ်ရသည်။ သို့သော် "မြိုင်ခြေဒလ တောကြီးတန်း"ဟု ဆိုရာ သစ်ခြေအုံ့အုံ့နှင့် လယ်တောများကို ကျော်ပြီး ခေါ်ညွှန်းရာ အိမ်လမ်းလေး တစ်ဝက်တိတိ ဆက်နှင်ရပါဦးမည်။ နေတိမ်းလို့ ညနေချမ်းအခါလည်း ဖြစ်ခဲ့ပါပြီ။ စိမ့်ခနဲ အေးသည့် ဝါးတောလေးဘေးတစ်ဘက်တစ်ချက် မှသည် နိမ့်ဆင်းသွားသော ချောင်းဖြတ်တံတားလေးအတိုင်း ပြန်တက်လျှင် ချောင်ကော်ခြံ ရွာလေး၊ သည်ရွာလေးကို စွန့်လာလျှင် မြေနီရနံ့သင်းပြီး မြေနီအဆင်းကိုလည်းရပါလိမ့်မည်။ ရေတာရှည်ဆိုသည့် မြို့အမည်နှင့်ရွာလေးကို ရောက်ပါပြီ။ ရွာလေး၏ အရပ်အခြေသည် ရွာ၏နာမည်နှင့်ဆန့်ကျင်လျက် တစ်ခဏမှာပင် ရွာအပြင်ကို ရောက်ပါပြီ။ တစ်ဖန်ပြန်လို့ စိမ့်ခနဲ စိမ့်ခနဲ အေးလို့လာပြန်ပါသည်။ ရွှေဖြူ ရော်ဘာတန်းလေးများ၏ တစ်ဖက်တစ်ချက်မှသည် တောင်ကုန်းလေးကို ဝေ့ကာဝေ့ကာ တက်နေခြင်းဖြစ်ပါသည်။ ကုန်းထိပ်ရောက်သည့်အခါ ရွာအဝင်မှ အပြာရောင်အမိုးနှင့် အိမ်လေးကို လှမ်းမြင်ရသည်။ စမ်းကိုးစမ်း အရိပ်အာဝါသ သို့ရောက်လာပါပြီ။ "ဟောသည်က ဟင်းထုပ်၊ဟင်းထုပ်ပူပူလေး" "ဇရစ်ရိုး တွေ ရမယ်နော်" တစ်ကြော်ကြော် ဈေးရောင်းသံများ ကြားရသည်။ ဘော်စတယ် ဟု ဒေသခံများ ခေါ်ကြသည့် လူငယ်သင်တန်းကျောင်းရှိရာ ငှက်အော်စမ်းရွာလေး။ နေမင်းကြီးကလည်း တစ်ဖြည်းဖြည်း သူ့တာဝန်သိမ်းလာလိုက်တာ ရော်ဘာပင်ထိပ်ဖျားများမှသည် နောက်ဆုံးအလင်းကို ပေးစွမ်းနေသည်။ ခဏကြာလျှင် အလင်းဝတ်ရုံကို သူချွတ်တော့မည်။ အလင်း၏ ဆန့်ကျင်ဘက် အမှောင်ထဲသို့ တစ်ဖြည်းဖြည်း ချဉ်းနင်းလာသည်။ လရောင်လေးမှာလည်း တစ်ဖြည်းဖြည်း ထိန်လာသည်။ ဟိုနား အဝါတစ်ကွက်၊ သည်နား အဝါ တစ်စု၊ တစ်ချို့ နေရာတွင် အဝါအတန်းဖြင့် ဆီမီးများ ထိန်စပြုလာပါပြီ။ ရွာလမ်းလေးနှင့် နီးလာပါပြီ။ ရွာလမ်းကို အဝေးက လှမ်း မြင်တော့ အဝါရောင်နှစ်တန်း တစ်ဖြောင့်တည်း ဆွဲထားသလိုပါပဲ။ တစ်ဖြည်းဖြည်းနီးလာသည့်အခါ ဝါးတောများ၏ တစ်ရှပ်ရှပ်အသံကြားရသည်။ရွာချောင်းလေး၏ ရေစီးသံကိုလည်း ကြားနေရသည်။ "အကို အိမ်ရောက်ပြီလေ " လို့ အသံကြားကာမှ မီးရောင်ထိန်အိမ်ကလေးကို လှမ်းကြည့်မိသည်။ အမေ၊ ဖေဖေနှင့် ညီမလေးက ပြုံးလို့ကြည့်နေသည်။ သေချာကြည့်မှ ကောင်းကင်က လကြီးဝိုင်းစက်နေသည်။ သို့သော် အပြည့်မရွှန်းသေး၊ အရောင်အဝါမှသည် ပုဇွန်ဆီမသမ်းသေး။ သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်ဖြစ်သည်။ ပိတောက်ပင်ကြီးအရိပ်က လရောင်အပြည့်ခံလျက် အိမ်လေးကို မိုးထားသည်။
ငယ်စဉ်အချိန်ကာလကဲ့သို့ ကျွန်တော်သည်ပင် ကလေးငယ်မဟုတ်တော့။ ဖေဖေတို့၊မေမေတို့က အဘိုးအဘွားအရွယ် ဖြစ်လာပါပြီ။ တစ်ဖက်က ဇနီးသည်၊ တစ်ဖက်က သမီးငယ်ကို ဆွဲလျက် ခြံဝန်းထဲကို ဝင်လာခဲ့သည်။ လွမ်းညို့ခေါ်ရာ ပြန်လာခဲ့ပါပြီ။ ရွာလယ်ဆွမ်းချက်တာဝန်သည် ကျွန်တော်တို့ဝန်တာဖြစ်လာပါပြီ။ သမီးငယ်တို့နှစ်ကာလများသို့လည်း ပြန်လည်လက်ဆင့်ကမ်းရပေဦးမည်။ မေမေပြောသလိုပေါ့။ " ကောက်ညှင်းထုပ်ကြိုးလေးတွေကို တင်းတင်းချည်။" မေတ္တာကြိုးလေးတွေကို တင်းတင်းချည်။ ။
#ခန့်သော်မောင်
Keep Reading