Khant Thaw Maung
ညနေက ကလေးလေးတစ်ယောက် စက်ဘီးလေးနင်းလာတာတွေ့ရတယ်။ အမှောင်ရိပ်နဲ့မို့ သူ့မျက်နှာလေး မတွေ့ရသော်လည်း သူ့စက်ဘီးရှေ့က ပန်းကုံးလေးတွေကိုတော့ သတိထားမိလိုက်တယ်။ ရွှေပန်းပွင့်ကုံးလေးတွေရယ်၊ စံပယ်ပန်းကုံးလေးတွေရယ်။ ထူးထူးခြားခြား စံပယ်ဖူးလေးတွေကို ကြိုးနဲ့သီ၊ ဝါးချောင်းလေးတွေမှာ ညှပ်ထားတာကို တွေ့ရတယ်။ အဲဒီပုံစံမျိုးကို ရွှေမော်ဓောဘုရားမှာ တွေ့ဖူးတယ်။ သပြေပန်းလေးရယ် ရွှေပန်းပွင့်ရယ်ကို သရေပင်နဲ့ချည်ပြီး တွဲထားတာလေးတွေပေ့ါ။ အဲဒီဟာလေးတွေကိုတော့ တစ်ခု ၂၀၀ရောင်းကြတယ်။
စံပယ်ပွင့်လေးတွေရောင်းတာမြင်ရတော့ လူတစ်ယောက်ကို သွားသတိရမိပါတယ်။ အမေက သူ့အတွက် ပြားအစိတ် ဈေးခွက်လေးထဲ ထည့်ထည့်ပေးထားဖူးတယ်တဲ့။ အမေကြီးတို့ကတော့ ဦးလေးနှစ်ယောက်က စောင်ကြီးကိုပုခက်လုပ် သူ့အမေဆီကို ညညလိုက်ပို့တမ်းလုပ်ရင်း သိပ်ရတယ်တဲ့။ အဲဒီကျမှသူအိပ်ပျော်သတဲ့။ ငယ်ငယ်က ကိုယ့်မယ် သူအရုပ်ပစ်တာတွေလိုက်ကြည့် ထိသွားရင်လိုက်ကောက်၊ အဲဒီလိုလေးလုပ်ဖူးတယ်။ ကိုယ်နဲ့သူနဲ့က ဆယ်နှစ်ပတ်ချာလည်လိုက် ကွာတာကိုး။
အကိုကြီးက ကိုယ်တွေဝမ်းကွဲအုပ်စုမှာ ဒုတိယအကြီးဆုံးပါ။ သူ့နာမည်လေးက ဖိုးချွန်တဲ့။ ဦးလေးတွေက လွင်အုပ်စုတွေ။ အဲဒီတော့ သူ့ကိုသက်ကိုလွင် လို့ နာမည်ရင်းတပ်ကြတယ်။ အကိုကြီးက ကိုယ် ၇တန်းလောက်ကထင်ပါရဲ့ စံပယ်ပန်းရောင်းဖူးတယ်။ စံပယ်ပန်းတွေကိုက ဘကိုကြီး (ဦးလေးအကြီးဆုံး)တို့နား သွားယူရတယ်။ အဲဒီမှာ စံပယ်ပန်းသဘာဝကို သိရတာပါပဲ။ ညယူလာတဲ့ စံပယ်ဖူးလေးတွေကို ဆေးရောင်ဆိုး ၊ မနက်ကျတော့ အရောင်လည်းလှ၊ နည်းနည်းလည်းပွင့်သွားတယ်။ တစ်ချို့ပွင့်ပြီးသားလေးတွေကျတော့ ဆေးခဏပဲစိမ်တယ်ထင်တယ်။ စပယ်ယာလို ပိုက်ဆံနှစ်ခေါက်ချိုး လက်ကြားညှပ်၊ ကချင်လွယ်အိတ်လေး စလွယ်သိုင်း သူ့ပုံစံကို မျက်လုံးထဲ ပြန်မြင်လာမိပါတယ်။
သောင်ရင်းမြစ်တဘက်ကမ်းကို အလျိုလျိူ မထွက်ခွာကြခင်ကတည်းက အကိုကြီးက ဟိုဘက်ကမ်းမှာဖြစ်နေပါပြီ။ သူနောက်ဆုံး ဒီဘက်ကမ်းလာတုန်းက သူ့သမီးတွေကို စာတတ်စေချင်တယ် ၊ကျောင်းတက်စေချင်တယ်တဲ့။ ဒီဘက်ကမ်းပြန်လာမယ်တဲ့။ ကိုဗစ်၂နှစ်ရိုက်လိုက်လို့ ထင်ပါရဲ့။ သူ့အခြေလေးလည်းပျက်၊ သူလည်း ပြီးခဲ့တဲ့နှစ်က ထွက်သွားတာပါပဲ။ စံပယ်ပန်းသည်ကြီးလည်းမရှိတော့ပါဘူး။ သူ့အဖေ ပန်းဂစ်တာသည်၊ စိန်စကြာလွယ်အိတ်မန်နေဂျာကြီးလည်း မရှိရှာတော့ပါဘူး။ ဒါပေသိ စံပယ်လေးတွေကတော့ ဖွေးကြ၊ မွှေးကြဦးမယ် ထင်ပါရဲ့။
#ခန့်သော်မောင်
Keep Reading