~.~ရှင်မိငယ်~.~
.....................................
''မနက်ခင်းလင်းလို့...မှန်ရှေ့မှာအလှတွေပြင်....ရှင်မတောင်သနပ်ခါးသွေးလို့ပါးပေါ်တင်.....ရိုးရာမပျက်ပါဘူး တို့မြန်မာအမျိုးသမီးလေးတွေယဥ်''
သနပ်ခါးဟုဆိုလိုက်လျှင်မြန်မာလူမျိုးတို့ကို ပထမဦးဆုံးပြေးမြင်မိကြမှာ အသေအချာပင်ဖြစ်သည်။သနပ်ခါးသည် ကျွန်မတို့မြန်မာလူမျိုးများ၏ သေင်္ကတဟုဆိုနိုင်ပြီး လွန်ခဲ့သောနှစ်ပေါင်း( ၅၀၀)ကျော်ကတည်းက ယနေ့ခေတ် ၂၁ ရာစုအထိအသုံးပြုလာခဲ့သောသဘာဝအလှကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။သနပ်ခါးလိမ်းခြယ်ခြင်းကိုမြန်မာလူမျိုးတို့၏ ရိုးရာအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။အမျိုးသမီးများပါမက အမျိုးသားလည်းလိမ်းခြယ်ကြပါသည်။အပွေး၊အခေါက်ထူထဲပြီး ပုဇွန်ဆီရောင်ရှိသော သနပ်ခါးတုံးကို ရေကျဲကျဲဖြင့် ကျောက်ပျဥ်ပေါ်တွင်ခပ်ပျစ်ပျစ် သွေး၍အလွယ်တကူလိမ်းခြယ်နိုင်ပါသည်။သနပ်ခါးသည် အသားအရေကိုအေးမြစေယုံသာမက သနပ်ခါး၏ရနံ့မှာလည်း စိတ်ကိုကြည်လင်လန်းစမ်းစေပါသည်။ကျေးလက်တောရွာများတွင် မြန်မာအမျိုးသမီးတို့သည် မနက်မိုးလင်းမျက်နှာသစ်ပြီးသည်နှင့် သနပ်ခါးကိုဦးစွာလိမ်းခြယ်ကြသည်။သနပ်ခါးလိမ်းပြီးမှ သက်ဆိုင်ရာ အလုပ်များကိုလုပ်ကိုင်ကြသည်။သနပ်ခါးမပါလျှင်မနေတက်အောင်အထိ သနပ်ခါးကိုခုံမင်စွာလိမ်းခြယ်ကြသည်။ကျွန်မတို့မြန်မာအမျိုးသမီးကလေးများသည် ရင်ဖုံးအင်္ကျီ၊ချိတ်ထမီကလေးဝတ်လို့ သနပ်ခါးပါးကွက်ကြားကလေးနှင့် ယဥ်ယဥ်ကလေးလှကာ ရှုတိုင်းယဥ်၍ ရွှေရင်ကိုအေးမြရသော ရွှေရင်အေးကလေးများသာဖြစ်ပါသည်။ရိုးရိုးလေးနှင့် လှသည်ဟူသော အဆိုသည် ကျွန်မတို့မြန်မာမိန်းကလေးများကိုပြောသည်ပင်ဖြစ်ရမည်။
သနပ်ခါးဟာ နာမည်ကြီးသလို သနပ်ခါးစစ်စစ်ကို နေရာတိုင်းမှာတွေ့မြင်နိုင်မည်မဟုတ်ပါ အတုအပရောနှောထားသည့် သနပ်ခါးတုံးတွေလည်းနေရာအနှံ့အပြားမှာတွေ့မြင်ရသည်။ရှင်မတောင်သနပ်ခါးနှင့်ရွှေဘိုသနပ်ခါးတို့သည် မြန်မာနိုင်ငံတွင်နာမည်ကြီးသော ပထမတန်းစားသနပ်ခါးများဖြစ်သည်။သနပ်ခါးစစ်ကိုရွှေဘိုနှင့်ပခုက္ကူတစ်ဝိုက်တွင်တွေ့ရှိနိုင်ပါသည်။ထိုဒေသများတွင်ရှိသော သနပ်ခါးသနပ်ခါးတုံးများသည် ရနံ့မှာမွှေးကြူ၍အခေါက်ထူထူကလေးများနှင့်သွေးလိုက်လျှင် ဖြူမနေပဲဝါဝါဝင်းဝင်းညက်ညက်ကလေးတွေဖြစ်သည်။ရေစကြိုမြို့နယ်ရှိ သနပ်ခါးများသည် အခြားဒေသများရှိသနပ်ခါးများထက် ပို၍ကောင်းသည်ဟု ဖော်ပြထားကြသည်။ဒုတိယတန်းစားသနပ်ခါးအမျိုးအစားထဲတွင် မြိုင်သနပ်ခါးနှင့်ရှမ်းသနပ်ခါးတို့ပါဝင်ကြောင်းသိရသည်။ထိုသနပ်ခါးများသည် ရွှေဘိုနှင့်ရှင်မတောင်ရှိသနပ်ခါးများလောက် အမွှေး၊အနံ့စွမ်းရည်မပြည့်ဝသောကြောင့်ဒုတိယတန်းစားတွင်ပါဝင်ခြင်းဖြစ်သည်။သနပ်ခါးတုံးကို အတုအစစ်၊ကောင်းမကောင်းသိလိုလျှင် သနပ်ခါးတုံး၏အပွေးနှင့်အခေါက်တို့သည်ထူထဲပြီးလေးလံကာပုဇွန်ဆီရောင်ဆိုလျှင် သနပ်ခါးစစ်စစ်ဖြစ်သည်။ထို့အပြင် သနပ်ခါးတုံးသည်လေးမနေဘဲ ပေါ့လျော့လျော့ဖြစ်နေလျှင်ဤသနပ်ခါးသည် အတုဖြစ်သည်။အခေါက်မပါသောသနပ်ခါးတုံးသည် သွေးလိုက်လျှင် ဝင်းမနေဘဲဖြူဖျော့ဖျော့ဖြစ်တက်ပါသည်။အခေါက်ပါသောသနပ်ခါးသည် ဝါဝင်းညက်အိလို့နေပါသည်။အရေအသွေးပြည့်မှီသော သနပ်ခါးကောင်းတစ်ပင်ဖြစ်ဖို့အတွက် သက်တမ်း၇နှစ်မျှကြာသည်ဟုလည်း သိရပါသည်။ထို့အပြင်မြန်မာ့သနပ်ခါးသည် နေရာအတော်များများတွင်လည်းအသုံးဝင်နေပါသေးသည်။
သနပ်ခါးနှင့်ဓာတ်မတည့်သူဆိုသည်မှာ မရှိသလောက်ရှားပါသည်။သနပ်ခါးကို ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ကလေးငယ်တွေကိုရေချိုးပြီးလျှင် ရေချိုးမှားပြီးမဖျားအောင် မိဘများကသနပ်ခါးလိမ်းပေးရင်း အနည်ငယ်ပါးစပ်ထဲသို့သနပ်ခါးခွံ့ကျွေးကြပါသည်။ထို့အပြင် နှလုံးရောဂါနှင့် အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကိုဆေးအဖြစ်အသုံးပြုကြပါသည်။ငှက်ဖျားရောဂါ၊ဝက်ရူးပြန်ရောဂါ၊အနာကြီးရောဂါတွေကိုလည်းသက်သာစေသည်ဟု သိရပါသည်။ဝက်ခြံနှင့်အမာရွတ်များအတွက်လည်းသနပ်ခါးကိုဆန်နှင့်သွေး၍ရောယှက်လိမ်းပေး၍လည်းကောင်း၊ သနပ်ခါးသီးသန့်နေ့ညမပျက်နေ့စဥ်လိမ်းပေး၍သော်လည်းကောင်း သက်သာပျောက်ကင်းစေပါသည်။ထို့အပြင်သနပ်ခါးသည် တင်းတိပ်၊မှည့်ခြောက်နှင့်အဆီပြန်ခြင်းမှကင်းဝေးစေပြီးအသားအရေအေးမြ၍ နေလောင်ဒဏ်မှလည်းကာကွယ်ပေးပါသည်။သနပ်ခါးပင်၏အရွက်၊အသီး၊ပင်စည်၊အမြစ်အားလုံးကိုအကျိုးရှိရှိ အသုံးပြုနိုင်သည်ဟူ၍လည်း ဖော်ပြထားတာတွေတွေ့မြင်ရပါသည်။
မြန်မာတွေ၏Traditional Make-upဟုသနပ်ခါးကိုလက်ခံထားကြပါသည်။ခေတ်မှီတျုးတက်လာသည်နှင့်အမျှမြို့ပြများတွင် သနပ်ခါးလိမ်းသူများလျော့ပါလာပြီဖြစ်သည်။ဆန်းသစ်တီထွင်လာသော အလှကုန်ပစ္စည်းများ အသုံးပြုလာကြသည်ကို ပို၍တွေ့လာရသည်။ကမ္ဘာကျော်ဖို့ထက် ယဥ်ကျေးမှုမပပျောက်ရေးက ပို၍အရေးကြီးသည်ဟု ကျွန်မထင်မိသည်။ထို့ကြောင့်ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော မြန်မာ့သနပ်ခါးမပျောက်ကွယ်ရေးကို ကျွန်မတို့မြန်မာလူမျိုးများအနေဖြင့်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ပြောကြားရင်း ကျွန်မ၏ဆောင်းပါးကလေးကို နိဂုံးချုပ်လိုက်ပါသည်ရှင်...။
စာဖတ်သူများအားလေးစားလျက်
Keep Reading