pyanshae
ဒီနေ့မှာ ကျွန်တော်က The Wild Robot Animation ကားထဲက ဖင့်ဆိုတဲ့မြေခွေးကောင်လေးနေရာကနေ ဒီစာကို ရေးမှာပဲဖြစ်ပါတယ်။
မြေခွေးလို့ပြောလိုက်ရင် ကျွန်တော်တို့အားလုံးဘာကိုပြေးမြင်လဲ? ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာတဲ့ တိရစ္ဆာန်ကိုလား။ ဟုတ်ပါတယ်။ လူလူချင်းတောင် ယုတ်မာတဲ့ကောင်တွေဆို မြေခွေးနဲ့ ခိုင်းနှိုင်းတတ်ကြသေးတာပဲ။
ဘာလို့လဲဆို ငယ်ငယ်ကတည်းက ကျွန်တော်တို့ဖတ်ရတဲ့ ဝတ္ထုတွေမှာ၊ပုံပြင်တွေမှာ မြေခွေးကာရိုက်တာတွေဟာ ကောင်းတဲ့ကာရိုက်တာတစ်ခုမှရှိမနေသေးလို့ပါပဲ။
ဒီဇာတ်ကားကိုစကြည့်တော့ ဖင့် ကိုမြင်လိုက်တဲ့အခါ ကျွန်တော်ပထမဆုံး ဒီကောင်ဘာဝင်ရှုပ်အုန်းမလဲမသိဘူးလို့ တွေးမိပါတယ်။ ဗီလိန်ကာရိုက်တာနဲ့ပဲဖြစ်လိမ့်မယ်လို့တွေးထားမိပါတယ်။ ဒါပေမဲ့ ဖင့်က ငန်းပေါက်လေးကို ပုံပြင်ပြောပြတဲ့အခန်းကနေစပြီး ကျွန်တော် အဲလိုဆက်ပြီးမတွေးမိတော့ပါဘူး။
ဖင့်ပြောပြလိုက်တဲ့ပုံပြင်လေးက
"ဒီငန်းပေါက်စလေး တကယ်လိုအပ်တဲ့အရာက အမေပဲ... ဒီတော့သူက ကြယ်တွေကိုမော့ကြည့်ပြီး အတောက်ပဆုံးကြယ်ကို သူတို့စီမှာအမေပိုသေးရင် ပို့ပေးဖို့ဆုတောင်းလိုက်တယ်... ရယ်ရတာက လှပတဲ့စက်ရုံတစ်ရုပ်က ကြယ်ရဲ့အစွန်းလေးမှာထိုင်နေတာပဲ... သူကကြားသွားတယ် ဘာလို့ဆိုသူက သူ့ကိုယ်ထဲက အခြားအစိတ်အပိုင်းတစ်ခုနဲ့နားထောင်နေလို့ပဲ... သူ့မှာရှိမှန်းတောင်မသိသေးတဲ့အစိတ်အပိုင်းနဲ့ပေါ့... နှလုံးသား"
ပုံပြင်ကိုနားထောင်ပြီးပြီးချင်း ငန်းပေါက်လေးက အိပ်ပျော်သွားတော့တယ်။ အဲဒီမှာ ရောဇန်စက်ရုပ်ကမေးတယ်။
"နင်ဘာမှမသိတဲ့ အကြောင်းအရာကို ဘယ်လိုလုပ် ပုံပြင်လုပ်ပြီးပြောနိုင်ရတာလဲ" တဲ့။
ဖင့်ကပြန်မေးတယ်။
"ပိုပြီးတိတိကျကျမေးပေးပါလား" တဲ့။
အဲမှာရော်ဇန်ကထပ်မေးတယ်။
"အချစ်အကြောင်းလေ" တဲ့။
အချစ်ဆိုတဲ့ စကားကိုကြားလိုက်ရတဲ့အခါ ဖင့်ရဲ့မျက်လုံးတွေဟာ ဝိုင်းစက်သွားတယ်။ အဲနောက်မှာတော့ ရိုးရိုးလေးပဲ သူပြန်ဖြေလိုက်တယ်။
"နင့်မှာတစ်ခုခုမရှိဘဲကြီးပြင်းလာရရင် အဲဒီမရှိတဲ့အကြောင်းကို အရမ်းတွေးကြည့်မိတတ်တယ်" တဲ့။
သူဖြေလိုက်တဲ့အဖြေဟာ သူဘယ်လိုကြီးပြင်းလာရပါတယ်ဆိုတာကိုပါ ဖြေပေးလိုက်သလိုပါပဲ။
သူဟာ ချစ်ခြင်းမေတ္တာတာကိုမရဘဲ ကြီးပြင်းလာခဲ့ရပြီး အဲဒီရလဒ်ကြောင့် သူဟာအခုချိန်ထိလဲသူငယ်ချင်းတစ်ယောက်မှမရှိဘဲ တောထဲမှာ တစ်ကောင်တည်း ဖြတ်သန်းနေရတယ်ဆိုသလိုကိုတော့ ကျွန်တော်ဇာတ်ကားကြည့်ရင်းနဲ့မှ တဖြည်းဖြည်းနားလည်ခဲ့တယ်။
အခြားသူတွေတော့ဘယ်လိုထင်မလဲမသိပေမဲ့ ကျွန်တော်ကတော့ ချစ်ခြင်းမေတ္တာဟာအရေးကြီးဆုံးလို့ထင်တယ်။ ချစ်ခြင်းမေတ္တာကိုမရဘဲ ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်ရဲ့စိတ်နဲ့ ချစ်ခြင်းမေတ္တာကိုပြည့်ပြည့်ဝဝရပြီး ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်ရဲ့စိတ်ဟာ ဘယ်လိုနည်းနဲ့မှမတူနိုင်ပါဘူး။
ချစ်ခြင်းမေတ္တာရဲ့ဦးစွာမြစ်ဖျားခံရာဟာ ကိုယ့်ကိုယ်မွေးထုတ်ပေးလိုက်တဲ့ မိဘနှစ်ပါးစီကနေဖြစ်ပြီး အဲဒီနောက်မှာတော့ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေစီကို ဆက်လက်စီးဆင်းပါတယ်။ ဒါပေမဲ့ ပထမဆုံး အရာမှာကတည်းက ကျွန်တော်တို့လွဲချော်ခဲ့ရင် ဒုတိယတစ်ခုကိုတည်ဆောက်ဖို့ဆိုတာမလွယ်ပါဘူး။ ဒီလိုနဲ့ကျွန်တော်တို့ဟာ ဒုတိယမိသားစုလို့ခေါ်တဲ့ သူငယ်ချင်းတွေနဲ့လဲ လွဲခဲ့ရတယ်။
ကျွန်တော်ကလဲ ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ မရဘဲကြီးပြင်းခဲ့ရတဲ့ကလေးတစ်ယောက်ဖြစ်တာမို့ အဲဒီအကြောင်းနဲ့ပတ်သက်ရင် ကျွန်တော်မကြာမကြာစဉ်းစားမိတတ်တယ်။
"ဘာဖြစ်လို့လဲ ဘာကြောင့်လဲ အချစ်ဆိုတာဘယ်လိုမျိုးလဲ ဘယ်လိုပုံစံနဲ့လာတာလဲ"
ရွယ်တူ ကလေးတွေ သူတို့မိဘကဘယ်လိုချစ်ကြောင်း စကားတွေကြားရတိုင်း ကျွန်တော့်မသိစိတ်က အားငယ်သွားတတ်တယ်။ အပြင်ပန်းအရ ကျွန်တော်တို့တွေ strongဖြစ်ပြီး သာမန်ကလေးတွေနဲ့တူနိုင်ပေမဲ့ တကယ်တမ်းအတွင်းစိတ်မှာကျ မသိမသာ ဝမ်းနည်းသွားတတ်ပြီး မနာလိုစိတ်တွေပါ ကိန်းအောင်းလာတော့တယ်။
အဲလိုကနေစပြီး ကျွန်တော်တစ်ခုခုကို မရတဲ့အခါတိုင်း ကျွန်တော်အရင်ကတည်းကမရခဲ့တဲ့ အရာကိုပဲသွားတွေးမိပြီး အပြစ်ပုံမိတယ်။ ဒီလိုနဲ့ကျွန်တော့်စိတ်တွေဟာတဖြည်းဖြည်းခက်ထန်လာပြီး လူတွေနဲ့ ဝေးသွားတော့တယ်။ ကိုယ့်ဘာကိုပဲတစ်ယောက်တည်း နေလာမိတယ်။ မိတ်ဆွေအပေါင်းအသင်းဆိုတာကိုလဲ ထားမကြည့်မိတော့ဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ လူတွေထဲကနေ ကွဲထွက်လာတော့တယ်။
ဘာလို့ဆို ကျွန်တော့်စိတ်က လက်ခံလိုက်တယ်။
"သူတို့မရှိလို့လဲ ငါ့ဘဝကြီးကဘာမှဖြစ်မသွားသလို သူတို့ရှိလို့လဲ ငါ့ဘဝကြီးကထူးပြီးကောင်းသွားတာမရှိဘူး"
အဲလိုကနေ စပြီးအထီးကျန်လာတယ်၊ အဖော်မဲ့လာတယ်၊ တစ်ခုခုခံစားရတိုင်း မျှဝေစရာမရှိတဲ့အခါ စိတ်တွေဟာပိုပြီး ဒေါသထွက်တတ်လာတယ်။ ဘယ်သူ့အပေါ်ကိုမှ ကြင်နာတတ်တဲ့စိတ်၊ သနားတဲ့စိတ်မရှိတော့ဘဲ ကိုယ့်တစ်ဘို့တည်းကိုပဲကြည့်ပြီးနေလာတော့တယ်။
ဒီလိုပုံစံနဲ့ကျွန်တော်ကြီးပြင်းလာခဲ့ရတာမို့ ဖင့်ရဲ့ ခံစားချက်ကို ကျွန်တော်အပြည့်အဝ နားလည်သွားတယ်။ မရှိတဲ့အရာကို ကျွန်တော်တို့ကပိုပြီးတမ်းတ တတ်ကြတယ်။ လိုချင်ကြတယ်။ မရတဲ့အခါ ကျွန်တော်တို့ဟာ ငြိမ်သက်သွားတတ်ကြတယ်။ အဲဒီအကြောင်းကြားရရင် မျက်လုံးလေးတွေဝိုင်းစက်သွားတတ်ကြတယ်။
ဒီလိုနဲ့ အရာအားလုံးတိတ်ဆိတ်သွားတဲ့အခါ အချစ်အကြောင်းနဲ့ပတ်သက်ပြီးစိတ်ကူးယဉ်ကြည့်ကြတယ်။ စိတ်ကူးထဲမှာတော့အမြဲတမ်း ကျွန်တော်တို့ဟာ အရမ်းအချစ်ခံနေရတဲ့ လူတွေအဖြစ်ပဲ။ ဒီလိုနဲ့ ကိုယ့်ကိုယ်ပိုင်ကမ္ဘာမှာ ကိုယ့်ဟာကို ပျော်မွေ့စပြုလာတော့တယ်။ ကျွန်တော်တို့ဟာ အချစ်အကြောင်းစိတ်ကူးယဉ်တဲ့အခါမှာတော့ဆရာကြီးတွေဖြစ်လာတယ်။ ကိုယ်ဒီလိုဘဝမျိုးနဲ့ကြီးပြင်းလာရပါတယ်ဆိုတာကိုလူတွေမသိတော့အောင် အချစ်နဲ့ပတ်သက်ရင် ကောင်းကောင်းသိကြောင်းဟန်ဆောင်မိလာတော့တယ်။
ဒါပေမဲ့လဲ ဖင့်မှာ သူငယ်ချင်းတစ်ယောက်ရခဲ့တယ်။ သူ့နာမည်က ရောဇန်တဲ့။ ဖင့်ရဲ့ ပထမဦးဆုံးသူငယ်ချင်းဟာ ရောဇန်ပဲလို့ သူဖွင့်ဟဆိုခဲ့တယ်။ ဒါတွေဟာဇာတ်ကားထဲမှာ လျှပ်တပြတ်စာသားတွေလောက်ပဲဆိုပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ သိပ်ကိုလေးနက်တဲ့စကားတွေပါပဲ။
ချစ်ခြင်းမေတ္တာကိုမသိတဲ့သူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကိုလဲ မချစ်ပေးတတ်သလို သံယောဇဉ်ဆိုတာကိုလဲ မတွယ်တတ်ကြဘူး။ ဒါပေမဲ့ သူ့အပေါ်နည်းနည်းလေးပဲဖြစ်ဖြစ် ကောင်းပေးတဲ့လူတစ်ယောက်ကိုတော့ ကြုံဖို့ထိုက်တန်တယ်မဟုတ်လား။
အချစ်ခံနေရသူအားလုံးကို လေးစားအားကျလျက်။
ပြန်ရှေ့
Keep Reading